Yoma3

Wednesday
Sep 08th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဥပဒေရေးရာ ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၅)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၅)

E-mail Print

နောက်တစ်ပတ်ရုံးချိန်းသို့ရောက်သောအခါတွင် တရားသူကြီးသည် အာမခံလျှောက်ထားခြင်းနှင့် ပတ်သတ်၍ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်။

“ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ သည် အာမခံပေးရမည့် ပုဒ်မ ဖြစ်သည်မှန်သော်လည်း၊ ယနေ့ရုံးတော်ရှေ့သို့ ကျရောက်လျှက်ရှိသောအမှုသည် လူအများစိတ်ပါဝင်စားသည့် အမှုဖြစ်သောကြောင့် အာမခံပေးရန် လျှောက်ထားခြင်းကို ခွင့်မပြု ပယ်ချကြောင်း” အမိန့်ချမှတ်ခဲ့သည်။

ပြစ်မှုဥပဒေနှင့် တရားစွဲခံရသူများကို အာမခံပေးခြင်း၊ မပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ဥပဒေပြဌာန်းချက်များမှာ ဆောင်းပါးအမှတ်စဉ် (၁၄) တွင် ရေးသားထားသည့်အတိုင်းသာ ပြဌာန်းထားခြင်းဖြစ်သည်။ လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်လျှင် အာမခံမပေးရဟု မည်သည့်ဥပဒေကမျှ တားမြစ်ပြဌာန်းထားခြင်း မရှိပါ။ သို့ရာတွင် န.အ.ဖ အုပ်ချုပ်မှုအောက်ရှိ တရားစီရင်ရေးတွင် “လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်လျှင် အာမခံမပေးကြောင်းကို ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အမှုကို စစ်ဆေးစီရင်လျက်ရှိသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) တရားရုံးက ထင်ထင်ရှားရှားသက်သေထူလိုက်ခြင်းပင် ဖြစ်သည်။

ယင်းကဲ့သို့ တရားရုံးက အာမခံလျှောက်ထားခြင်အတွက် ပယ်သည့်အမိန့်ချမှတ်ခြင်းကို ဥပဒေအရာရှိ၊ စွပ်စွဲခံရသူတို့၏ ရှေ့နေနှင့် စွပ်စွဲခံရသူနှစ်ဦး၊ တရားခွင်စာရေး၊ တရားရုံးအပေါက်ဝတွင် အမှုစစ်ဆေး စီရင်သည်ကို လာရောက်နားထောင်လျက်ရှိသည့် စွပ်စွဲခံရသူတို့၏ မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့ မြင်တွေ့ကြားသိခဲ့သည်မှန်သော်လည်း၊ ကျွန်တော့အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအရသာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့်၊ ယင်းအာမခံပယ်သည့်အမိန့်နှင့် စပ်လျဉ်း၍ အထက်တရားရုံးသို့တက်ရန်သာ ပြင်ဆင်ရတော့သည်။

ထိုကဲ့သို့ အထက်တရားရုံးသို့ တက်ရန်အတွက် လိုအပ်သည်မှာ အာမခံလျှောက်ထားခြင်းကို ပယ်သည့်အမိန့်ကို တာဝန်ခံမိတ္တူကူးယူရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းကို တာဝန်ခံမိတ္တူကူးယူခွင့်ပြုပါရန် လျှောက်ထားလိုက်ပြီး အမှုကို ဆက်၍ စစ်ဆေးရပြန်သည်။

ဤနေရာတွင် ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ နှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများကို ရေးသားရန်လိုအပ်လာပြီ ဖြစ်သည်။ ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ နှင့် တရားစွဲခံရသည့် မည်သူ့ကို မဆိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၁၉၈ ပြဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းများအတိုင်းသာ တရားစွဲဆိုရမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၁၉၈ ပြဌာန်းချက်မှာ - ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း (၁၉)၊ သို့မဟုတ် အခန်း (၂၁) သို့မဟုတ် ယင်းဥပဒေ၏ ပုဒ်မ - ၄၉၃ မှ ၄၉၆ (ယင်းပုဒ်မ နှစ်ခုစလုံးအပါအ၀င်) တို့တွင် အကျုံးဝင်သည့် ပြစ်မှုတစ်ရပ်ကို အဆိုပါပြစ်မှုအရ နစ်နာခြင်းခံ ရသူကိုယ်တိုင် တိုင်တန်းခြင်းမဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။ သို့ရာတွင် ထိုသို့နစ်နာခံရသူမှာ အမျိုးသမီးတစ်ဦးဖြစ်၍ ၎င်း၏ တိုင်းပြည်ဓလေ့ထုံးတမ်းနှင့် အပြုအမူအလေ့အထတို့အရ လူအများရှေ့သို့ ရောက်ရှိရန် အတင်းအကြပ် မပြုသင့်သူဖြစ်ခြင်း၊ သို့မဟုတ် အသက်တစ်ဆယ့်ရှစ်နှစ် အောက်ဖြစ်ခြင်း၊ သို့မဟုတ် ၀မ်းတွင်းရူး၊ သို့မဟုတ် ရူးသွပ်သူတစ်ယောက်ဖြစ်ခြင်း၊ သို့မဟုတ် ဖျားနာခြင်းကြောင့်ဖြစ်စေ၊ မစွမ်းမသန်ခြင်းကြောင့်ဖြစ်စေ တိုင်တန်းချက်မပြုနိုင်သောအခါ အခြားသူတစ်ဦးက တရားရုံး၏ ခွင့်ပြုချက်ဖြင့် ထိုသူ၏ သို့မဟုတ် ထိုသူမ၏ ကိုယ်စား တိုင်တန်းချက်ပြုလုပ်နိုင်သည်။ ဟူ၍ ပြဌာန်းထားသည်။

ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို စွဲချက်တင်လိုက်သည့် ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ သည် အခန်းပေါင်း (၂၃) ခန်းတိတိ၊ ပုဒ်မပေါင်း (၅၁၁) ခုတိတိပါဝင်သည့် ပြစ်မှုဥပဒေ ပြဌာန်းချက်များအနက်မှ အခန်း - ၂၁၊ အသရေဖျက်မှု ခေါင်းစဉ်အောက်တွင်ပြဌာန်းထားခြင်း ဖြစ်သည်။ အဆိုပါ အခန်း - ၂၁ တွင် ပုဒ်မ - ၄၉၉ မှ ပုဒ်မ- ၅၀၂ အထိ ပါဝင်သည်။ ထို့ကြောင့် ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ အရ တရားစွဲဆိုမည်ဆိုပါက အသရေဖျက်ခြင်းကို ခံရသူကိုယ်တိုင် တရားရုံးသို့ လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုရမည်ဖြစ်ပြီး ထိုသို့ကိုယ်တိုင် လာရောက်တရားစွဲဆိုခြင်း မဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးယူ၍ မရကြောင်းကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၁၉၈ တွင် အတိအလင်းပြဌာန်းထားခြင်း ဖြစ်သည်။

ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ အရဆိုလျှင် ကိုတင်ဝင်းရေးသားသည့် ကဗျာစာသားများသည် မည်သည့် ပုဂ္ဂိုလ်ကို အသရေပျက်စေသည်ဟု အတိအကျ ရည်ညွှန်းပြဆိုနိုင်ရမည်ဖြစ်ပြီး၊ အဆိုပါ ကဗျာစာသားဖြင့် အသရေဖျက်ခြင်း ခံရသူကိုယ်တိုင်ကလည်း မိမိသည် အဆိုပါ ကဗျာစာသားများအရ မည်ကဲ့သို့ ထိခိုက်နစ်နာပါကြောင်း၊ မိမိဂုဏ်သရေကို မည်ကဲ့သို့ထိခိုက်နစ်နာပါကြောင်းကို တရားရုံးသို့ ကိုယ်တိုင်လာရောက် တရားစွဲဆိုရမည်ဖြစ်သည်။

စဉ်းစားရန်အချက်မှာ ကိုတင်ဝင်းရေးသားသည့် ကဗျာစာသားများသည် မည်သည့်ပုဂ္ဂိုလ်ကို ထိခိုက်နစ်နာစေသနည်း။ အသရေပျက်စေသနည်းဆိုသည့်အချက်ပင် ဖြစ်သည်။ ကိုတင်ဝင်းရေးသားသည့် ကဗျာစာသားများသည် ယခုတရားလိုပြုလုပ်တရားစွဲဆိုသည့် ဒုရဲမှူးတင်မောင်အေးကို ရည်ညွှန်းစပ်ဆိုထားခြင်း မဟုတ်သည်မှာ ချွင်းချက်မရှိ တရားရုံးမှ လက်ခံထားပြီးဖြစ်သည်။ ယင်းအချက်ကိုလည်း တရားလိုနှင့် စွပ်စွဲခံရသူတို့အကြား နှစ်ဦးနှစ်ဖက် အငြင်းပွားသည့် ပြဿနာအဖြစ်လည်း တရားရုံးတွင် ပေါ်ပေါက်ခြင်း မရှိပေ။

သို့ဆိုလျှင် ကိုတင်ဝင်းကို တရားစွဲဆိုရန်အတွက် တရားလိုသည် မည်သူဖြစ်ရမည်နည်းဆိုသည့် ပြဿနာသည် ထင်ထင်ရှားရှားပေါ်ပေါက်လာသည့် ပြဿနာပင်ဖြစ်သည်။

ထို့ပြင် ပြစ်မှုဥပဒေ ပုဒ်မ - ၅၀၁ အရဆိုလျှင် ကိုတင်ဝင်းနှင့်အတူ တရားစွဲဆိုခံရသည့် ကိုညီညီမင်းကိုလည်း ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်သည်။ ကိုညီညီမင်းသည် ကဗျာစာသားကို ရေးသားသူလည်း မဟုတ်၊ ဖြန့်ဝေသူလည်း မဟုတ်။ ကိုညီညီမင်းနေအိမ်သို့ ဧည့်စာရင်းစစ်မည်ဟူသော အကြောင်းပြချက်ဖြင့် ၀င်ရောက်ရှာဖွေသည့်အချိန်တွင် စာအုပ်စင်ပေါ်ရှိ စာအုပ်များအကြား လှန်လှော ရှာဖွေသည့်အခါကျမှသာ ကိုတင်ဝင်းရေး သားထားသည့် ကဗျာစာသားများကို ကွန်ပျူတာစာစီထားသည့် စာရွက်နှစ်ရွက် ရှာဖွေသိမ်းဆီးရမိခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ပြစ်မှု ဥပဒေ ပုဒ်မ - ၄၀၁ အရ ဆိုလျှင် ကိုညီညီမင်းသည် “တစ်စုံတစ်ယောက်ကို အသရေပျက်စေရန်အတွက် ကဗျာစာသားရေးသားသူလည်းမဟုတ် ပုံနှိပ်သူလည်းမဟုတ် ဖြန့်ဝေသူလည်းမဟုတ်သဖြင့် ချွင်းချက်မရှိ လွှတ်ပေးရမည့် စွပ်စွဲခံရသူသာဖြစ်သည်။

ထို့ထက်ပိုမို ရေးသားရပါလျှင် ကိုညီညီမင်းကို ပြစ်မှုဥပဒေ - ၅၀၅(ခ) ဖြင့် စွဲချက်မတင်နိုင်သည့်အချိန်ကတည်းကပင်၊ ပြစ်မှုပုဒ်မ - ၅၀၁ ဖြင့် စွဲချက်တင်ခြင်းအဆင့်မတိုင်ခင် ကတည်းကပင် လွှတ်ပေးရမည်ကို စွဲချက်တင်သည့် တရားရုံးအနေဖြင့် မလွဲမသွေ သိရှိလုပ်ဆောင်ထားရမည်ဖြစ်သည်။

x x x x x x x
ဆက်လက်ရေးသားပါအုံးမည်။
စာဖတ်သူများကို အစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
(၂၇.၇.၂၀၁၀)
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 96 guests online
General Aung San
Daw Aung San Suu Kyi