Yoma3

Thursday
Sep 02nd
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ကဏ္ဍစုံဆောင်းပါး ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ

ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ

E-mail Print

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ထွက်ပေါ်လာခဲ့ ပါပြီ။ ဒါဟာ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ လုပ်မယ် လုပ်မယ်နဲ့ မကြာခဏ ပြောလေ့ရှိပေမဲ့ သူပြောပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်တစားမရှိလှတာမို့ သိပ်တော့အရေးမပါလှပါဘူး။ အခုအခြေအနေမှာ ရွေးကောက်ပွဲဥပဒေတွေ၊ ကော်မရှင်တွေ ထွက်ပေါ်လာပေမဲ့လည်း လူထုကတော့ စစ်အစိုးရလုပ်သမျှ အယုံအကြည် ကင်းမဲ့နေတာကြောင့် စိတ်ဝင်တစား ပြောဆိုကြတာ မကြားရပါဘူး။

ပြည်သူလူထုအထဲက တချို့သောသူများကို စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ မေးမြန်းကြည့်တဲ့ အခါတော့ "မမြင်ဘူး။ မမြင်ဘူးဆိုတာ ပြည်သူလူထုအကျိုးအတွက် ဘာကိုမှ မမြင်ဘူး" လို့ ဖြေသူလည်း ရှိပါတယ်။ တချို့သော သူများကတော့ "ဒီကောင်တွေ ထင်ရာလုပ်မှာဘဲ။ သူတို့လူနဲ့ သူတို့ လုပ်သွားမှာ။ ရွေးစရာမှမရှိတာ ဘာကိုသွားရွေးမလဲ" လို့ဆိုသူကလည်း ဆိုပါတယ်။ ဒီလို ပြည်သူတွေဘက်က စိတ်ဝင်စားမှု နဲပါးနေတာကလည်း 'တခါသေဖူး ပျဉ်ဘိုးနားလည်' ဆိုသလို စစ်အစိုးရလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ကြုံဖူးတွေ့ဖူးပြီးသားဖြစ်တော့ မယုံကြည်နိုင်တော့တာက အဓိကပါ။


MMK_spdc၁၉၉၀ ခုနှစ်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကို အာဏာအပ်ပြီး စစ်တပ်က ဘားတိုက်ကိုပြန်မယ်လို့ ကတိပေးပြီး ရွေးကောက်ပွဲ လုပ်ခဲ့ဖူးပါပြီ။ အဲဒီတုန်းက ဒီမိုကရေစီစနစ် အပြောင်းအလဲဆီ မျှော်လင့်ရည်မှန်းချက်တွေ ကိုယ်စီနဲ့ ပြည်သူတွေ အားလုံးလိုလို ရွေးကောက်ပွဲဆိုတာကို စိတ်ဝင်တစားနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အနိုင်ရပါတီကို အာဏာအပ်ပြီး ဘားတိုက်ကို ပြန်ဖို့ ငြင်းဆန်၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးထောင်ချခဲ့လို့ အမတ်တွေဟာ ထောင်ကျသူကျ၊ ပြည်ပထွက်ပြေးသူ ပြေးရနဲ့ ဖြစ်ပျက်ခဲ့တာ လူတိုင်းအသိပါ။ ဒီဖြစ်ရပ်ဟာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို တိုင်းသူပြည်သားတိုင်းရဲ့ ရင်ထဲမှာ ရင်တနင့်နင့် ထိန်းသိမ်းထားဆဲ၊ ရှိနေဆဲ ပူပူနွေးနွေးဖြစ်ပျက်ခဲ့တာပါ။

အရှိကို အရှိအတိုင်းပြောရရင် ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပုံက အင်မတန်မှ အကျည်းတန်အရုပ်ဆိုးခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလ ကလေးဘဝ ဇယ်တောက်တန်း ကျားထိုးတန်း ကစားကြတဲ့အခါ စိတ်ညစ်ပတ်တဲ့ ကလေးဆိုးတယောက်က တဖက်ကနိုင်ပြီး သူရှုံးတော့မယ်ဆိုတာနဲ့ ဇယ်စေ့တွေ၊ ကျားစေ့တွေကို ပြန့်ပြန့်ကျဲအောင် ဖျက်လိုဖျက်ဆီး လုပ်ပစ်ပြီး တစ်ကပြန်စ ကစားကြမယ်လို့ လုပ်တတ်ကြတာ အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။

အခုလည်း အဲဒီလိုပါပဲ။ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်ဆီးပြီး သူနိုင်အောင် ညစ်ကစားမယ့် ရွေးကောက်ပွဲကို လုပ်ဖို့ ဟန်ပြင်နေတာပါ။ ကလေးဘဝ ကလေးဆိုးတွေ ကစားပွဲကို ပွဲဖျက်ကစားတာ ခဏခဏလုပ်ရင် ကြာလာတော့ ရိုးရိုးသားသား ကစားတဲ့ ကလေးတွေက ညစ်တတ်တဲ့ ကလေးပွဲဖျက်တတ်တဲ့ ကလေးကို ရှောင်လာကြပါတော့တယ်။ သူပါရင် မကစားချင်ကြတော့ပါဘူး။ အဲဒါ ကလေးမို့ ခွင့်လွှတ်နိုင်ပါလိမ့်ဦးမယ်။ အခု ရွေးကောက်ပွဲတခုကို ဖျက်ပြီး ရွေးကောက်ပွဲအသစ်တခု တစ်ကနေပြန်စ လုပ်ကိုင်နေတာက လူကြီးတွေပါ။ လူကြီးတွေမှ သေနတ်ကိုင်ထားတဲ့ လူကြီးတွေဆိုတော့ ခွင့်လွှတ်နားလည်ပေးဖို့ ခက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်ပြီး စစ်အစိုးရရဲ့ မရိုးသားတဲ့၊ လှည့်ဖျားထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံလာတဲ့ ၂၀၁၀ ခု အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆဲပါ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေက ပါတီဝင်ထဲမှာ ထောင်ကျနေသူတွေ ပါဝင်နေရင်တောင် ပါတီရွေးကောက်ပွဲ ဝင်ခွင့်ရှိမှာမဟုတ်ဘူး ဆိုတဲ့ အချက်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လို စစ်အစိုးရက အရေးယူမှုတွေပြုထားတဲ့ သူနဲ့ တခြားသော အကျဉ်းကျ ပါတီဝင်တွေ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်တော့သလို ဖြစ်နေပါပြီ။ တခြား မတရားတဲ့ အချက်တွေကလည်း အများကြီးပါ။ တကယ်တော့ ဒီရွေးကောက်ပွဲဥပဒေထုတ်ပြန်မှုဟာ အဖွဲ့ချုပ်က မူအားဖြင့် တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မေတ္တာရပ်ခံပေးစာပါ တွေ့ဆုံဆွေးနွေးရေးလမ်းကို စစ်အစိုးရက အပြတ်ငြင်းပယ်လိုက်တာသာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြောကြရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ပါ။ မြန်မာပြည်မှာ အစိုးရလုပ်ရမယ့် သူတွေက ထောင်ထဲရောက်နေပြီး အဂတိလိုက်စားမှုတွေ၊ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ထောင်ထဲမှာနေရမယ့် သူတွေက အစိုးရလုပ်နေနိုင်တော့လည်း ထုတ်သမျှဥပဒေက တရားမျှတဖို့ ခက်နေဆဲပါ။

ဒါပေမယ့် ပြည်သူလူထုကတော့ စစ်အစိုးရလုပ်သမျှ ဘာကြားကြား၊ ဘာမြင်မြင်၊ ဘာသိသိ၊ ဘာဥပဒေထုတ်ထုတ် အမှန်တရားတွေလို့ ယောင်ယောင်မှားမှားတော့ ဖြစ်ကြမယ်မထင်ပါဘူး။ စစ်အစိုးရက သူတို့ကိုယ်သူတို့ ဗိုလ်တွေချည်းပဲ အထင်အတွေးနဲ့ ဗိုလ်ကျအနိုင်ကျင့်ပြီး မတရားတဲ့ ဥပဒေအမျိုးမျိုးတွေ ထုတ်နေပေမယ့် ပြည်သူတွေကလည်း ဆိုက္ကားဆရာကအစ တက္ကသိုလ်ပါမောက္ခဆရာကြီးတွေအဆုံး ဆရာ့ ဆရာတွေချည်းပဲ ဆိုတာကိုတော့ စစ်အစိုးရ သိသင့်ပါတယ်။ စစ်အစိုးရ ပတ်တိုင်းနှပ်တိုင်း အဟုတ်ထင်နေမယ်တော့ မထင်မမှတ် လိုက်ကြပါနဲ့။

စစ်အစိုးရရဲ့ ပေးစာကမ်းစာတပဲတပြား (ရဖူး၊ ရဆဲ၊ ရအံ့) သော သူများမှတပါး ပြည်သူ့အကျိုး အမှန်တကယ် လိုလားသူ၊ ပြည်သူအပေါ် သစ္စာစောင့်သိသူများကတော့ စစ်အစိုးရလုပ်သမျှ နားယောင် အကောင်းထင်ကြမယ် မဟုတ်ပါဘူး။ တချို့သောသူများက စစ်အစိုးရကို ခိုင်မယ် မြဲမယ်ထင်သူက ထင်ပြီး ခေါင်းဝင်လျှိုဖို့ ကြိုစားနေသူတွေလည်း ရှိနေနိုင်ပါတယ်။

သမိုင်းနဲ့ချီပြီး ပြောရရင် မြန်မာ့သမိုင်းထဲက သူရဲကောင်း စစ်ဘုရင်တွေဖြစ်ကြတဲ့ အနော်ရထာတို့၊ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့ကလည်း သူတို့ထူထောင်တဲ့ နိုင်ငံတော်ကို သူတို့ရဲ့သားစဉ်မြေးဆက် နှစ်အထောင်အသောင်း အုပ်ချုပ်ချင်ကြမှာပါပဲ။ အင်္ဂလိပ်လို နေမဝင် အင်ပါယာ ပိုင်ရှင်ကလည်း မြန်မာပြည်လို သယံဇာတပေါကြွယ်လှတဲ့ နိုင်ငံမျိုးကို ဘယ်တော့မှ လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာဆိုတာ မျိုးဆက်တခု လူတစုလက်ထဲ ခိုင်လာမြဲလာရင် အာဏာအလွဲသုံးစားမှုတွေ၊ မတရားမှုတွေ များလာတတ်တာမို့ တိုင်းသူပြည်သားတွေနဲ့ တဖြည်းဖြည်း ကင်းကွာသွားခြင်း၊ တိုင်းသူပြည်သားတွေကြား မကြေနပ်မှုတွေ များလာခြင်းတွေနဲ့ အာဏာဟာ ယုတ်လျော့ပျက်စီးကြစမြဲပါ။

အခုအချိန်မှာ စစ်အစိုးရရဲ့ အာဏာဟာ ငြိမ်းခါနီး မီးတောက်လို ဖြစ်နေပါပြီ။ သူတို့ရဲ့ တောက်ပတဲ့ မွန်းတည့်အချိန်တွေလည်း ကုန်ဆုံးတော့မှာပါ။ ၁၉၈၈ ခုနောက်ပိုင်း လူထုထောက်ခံမှု လုံးဝမရှိတော့တဲ့ စစ်အစိုးရအဖို့ ဒီအချိန်ဟာ နေဝင်ရီသရော ဆည်းဆာအချိန်လို့တောင် ပြောနိုင်ပါတယ်။

ဒီအခြေအနေ သူတို့ကိုယ်တိုင် သိရှိလို့လည်း ယှဉ်ပြိုင်လို့ ဘယ်နည်းနဲ့မှ မနိုင်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲက ဖယ်ရှားဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးပြီး ကြိုးစားနေတာဖြစ်သလို အများယုံကြည်လေးစား တန်ဖိုးထားတဲ့ ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်းဆောင်တွေ အခြားသော နိုင်ငံရေး တက်ကြွသူတွေကို ထောင်နဲ့ချီပြီး ဖမ်းဆီးထောင်ချထားရတာ ဖြစ်ပါတယ်။ ဒါတင်မပါဘူး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက များလွန်းနေပြီး ပြည်သူ့မျက်နှာ မကြည့်သာ၊ မကြည့်ရဲလို့ နိုင်ငံဝန်ထမ်းမှန်သမျှကို ပေါ်တာဆွဲသလို ဆွဲခေါ်သွားပြီး မြို့တော် မဟာရန်ကုန်ကနေ ပဲခူးရိုးမတောင်ကြားထဲက ကြပ်ပြေးနေပြည်တော်ကို တောခို တောပြောင်းသွားကြတာဖြစ်ပါတယ်။ မဟာရန်ကုန်လူထုကတော့ စစ်အာဏာရှင်အုပ်စုကြီး ရန်ကုန်မြို့တော်ကနေ ထွက်ခွာသွားတဲ့အတွက် မြို့တွေတခွင်က အမှိုက်ပုံ အမှိုက်ထုတ်ကြီး ရှင်းသွားသလို ကျေနပ်ဝမ်းမြောက်နေကြတာပါ။

ဒီနေရာမှာ ပြည်သူလူထုကို သတိပြုစေချင်တာက စစ်အာဏာရှင်လူတစုဟာ လူထဲသူထဲ ပြည်သူထဲမှာ မနေရဲလို့ တောပုန်းလုပ်နေကြပေမယ့် သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက် ဆိုတာကို ကိုင်ပြီး ကြပ်ပြေးအမှောင်ရိပ်ကနေ ပြည်သူကို လမ်းလွဲကြီးတွေ ပြနေဦးမယ်ဆိုတာ သိထားစေချင်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ လမ်းမှန်ကို မပြဘူး၊ လမ်းမှားကိုသာ ပြလိမ့်မယ် ဆိုတာကို တော်လှန်ရေးအသိရှိရှိ နားလည်ပြီး ခိုင်မာတဲ့၊ အတိုက်အခံတွေပြတဲ့ လမ်းမှန်ကိုသာ ညီညီညွတ်ညွတ် ရွေးချယ်လျှောက်လှမ်းရပါလိမ့်မယ်။ ပြည်သူတွေလျှောက်လှမ်းရမယ့် နောက်ဆုံးပန်းတိုင်ကတော့ လူထုအခြေပြု နိုင်ငံရေးကို ကိုင်စွဲပြီး အကြမ်းမဖက် နည်းလမ်းများနဲ့ စစ်အစိုးရကို သူတို့ရဲ့ မူလနေရပ်ဌာနေ ဘားတိုက်အရောက် ပြန်ပို့ဖို့ တခုတည်းသော ပန်းတိုင်သာ ရှိကြောင်း အကြုံပြု တိုက်တွန်းလိုက်ပါတယ်။

 

× × × × ×

မမခင်
၁၄၊ ၃၊ ၁၀
 

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)


Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/ahrc/ahrc-mainpage_150_89.gif' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         

Warning: imagejpeg() [function.imagejpeg]: Unable to open '/home/content/y/o/m/yoma3/html/images/resized/hrdp/hrdp_150_100.jpg' for writing in /home/content/y/o/m/yoma3/html/modules/mod_ja_catslwi/helper.php on line 119

 

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP)

 ၂၀၀၈ ခုနှစ်၊ မေလအထိ HRDP သဘောထားထုတ်ပြန်ကြေငြာချက်နှင့် လှုပ်ရှားမှုအချို့ကို အပေါ်ပုံကို နှိပ်၍ ရှာယူနိုင်သည်။
AHRC Urgent Appeals: Yoma3 News
Request Message

လက်ရှိဧည့်သည်

We have 12 guests online
General Aung San
Daw Aung San Suu Kyi