Yoma3

Tuesday
Feb 09th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ကဏ္ဍစုံဆောင်းပါး ညို (သို့မဟုတ်) မပြီးသေးသော ရေဆေးပန်းချီကားတစ်ချပ်

ညို (သို့မဟုတ်) မပြီးသေးသော ရေဆေးပန်းချီကားတစ်ချပ်

E-mail Print

နောက်ကြည့်မှန်
ရေးသူ - မင်းကိုနိုင်
စာမျက်နှာ (၁၇၁)
ပထမအကြိမ်- ၂၀၀၉ အောက်တိုဘာ
ထုတ်ဝေသူ- အေအေပီပီဘီ
အုပ်ရေ - ၁၀၀၀

စာမျက်နှာ (၁၇၁) မျက်နှာသာရှိသော သူ့စာအုပ်ကို တစ်ထိုင်တည်းအပြီး ဖတ်ပစ်လိုက်သည်။

သူသည် ခံစားတတ်သူဖြစ်သည်။


nyoခံစားမှုဟုဆိုရာ၌ နံ့သာထုံသောည မှသည် ခေတ်ပြောင်းတော်လှန်ရေးအထိ နက်ရှိုင်းကျယ်ပြန့်သည်မဟုတ်ပါလား။

သူသည်ခံစားရုံမျှမက ဖွဲ့နွဲ့တတ်သောသူလည်း ဖြစ်သည်။(သောကလက်/အဖေါ်ရှိပါတယ် အထီးကျန်ခြင်းလေ/ တကယ်လို့ နွယ်မျှင်ကလေးတွေနဲ့တူတဲ့ မျက်လုံးတစ်စုံသာ အထီးကျန်ခြင်းမှာ ရှိမယ်ဆိုရင် ကိုယ်တယောက်ထဲ အမြဲနေရဲပါတယ်/နောက်တခါပြန်ဆုံရင်တော့ ကိုယ်ဟာ ကိုယ်တန်ဖိုးထားတဲ့ သံယောဇဉ်တခုကို ဖိနပ်လို စီးတော့မှာမဟုတ်ဘူး၊ ရင်ထိုးလို ချိတ်ဆွဲထားတော့မှာပါ)

အင်တာဗျူးမေးခွန်းများကိုပင် သူက ဖွဲ့နွဲ့ပြောတတ်သူ။ သူ့အပြောတွေက သဘင်ဆန်လှသည်။ “မင်းကိုနိုင်” ဟူသော အမည်ကပင် အဖွဲ့အနွဲ့တစ်ခုမဟုတ်ပါလား။

သူသည် ခံစားတတ်ဖွဲ့နွဲ့တတ်ရုံမျှမက ပြည်သူများ၏ ခံစားချက်များကို ဖေါ်ထုတ်ထင်ဟပ်ပြနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်။ သို့အတွက် သူ့ကို (နအဖ) စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ ဝေးလံလှသော မောရဋ္ဌရှိ ကျိုင်းတုံအကျဉ်းထောင်သို့ပို့ထားခဲ့သည်။  

ညို၊ ကိုဖေသောင်း၊ မခင်အေး၊ ဒေါ်တင်တင်တို့ပြောသော စကားများတွင် ကျနော်မျောလွှင့်သွားသည်။ ညိုသည် ရိုးသားပြီး အပြစ်ကင်းစင်သော ဆယ်တန်းကျောင်းသူကလေးတစ်ဦး။ ညိုပြောသော စကားများ၊ အပြုအမူများကလည်း ညိုလိုပင် အပြစ်ကင်းစင်ပြီး ကလေးဆန်သလို လှသည်။ ညိုတည်သော ရေချမ်းစင်ကလေးလို အေးမြနေမှာလည်း သေချာသည်။

တကယ်တော့ တောဘူတာရုံကလေးရှိတဲ့ မြို့သေးသေးလေးတစ်မြို့ကို တိမ်းရှောင်လာတဲ့ တက္ကသိုလ်ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူနဲ့ ဆယ်တန်းကျောင်းသူကလေးတစ်ဦးတို့ရဲ့ သံယောဇဉ်ဖွဲ့ ဝတ္တုတစ်ပုဒ်မျှသာဖြစ်သည်။ သူသည် သူ၏သံယောဇဉ်ကို မတ်လ၊ ဇွန်လ၊ သြဂုတ်လ၊ စက်တင်ဘာလများကို ဖြတ်သန်းသွားခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို မှုန်ပြပြ နောက်ခံထားပြီး ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။

ညိုနဲ့ ကိုဖေသောင်း၏ ဇာတ်လမ်းကလည်း မပြီးဆုံးသေးသလို ဆဲဗင်းဂျူလိုင်က စခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုကြီးကလည်း မပြီးဆုံးသေးပါ။

ဒါပေမယ့် မခင်အေးတော့ ကလေးနှစ်ယောက်အမေ ဖြစ်ခဲ့ပြီ။

အခုချိန်လောက်ဆို ညို့အဖေ ဦးရွှေခင်လည်း ပင်စင်ယူလောက်ပြီ။ ညို့အသက်ပင် ၃၀ ကျော်ပေတော့မည်။

ထို့အတူ ကိုဖေသောင်းပေးခဲ့သော ဦးထုတ်ဖြူကလေးပင် ဝါကျင်ဟောင်းနွမ်းနေပေတော့မည်။

“ကိုယ့်အတွက်က လမ်းနှစ်သွယ်ရှိတယ်၊ ရည်ရွယ်တာတူပေမယ့် နှစ်နေရာ ခွဲလုပ်ရမယ်၊ တောထဲပဲသွားရမလား၊ မြို့မှာပဲ ဆက်လှုပ်ရှားရမလား” တောထဲက လူအများစုတော့ တတိယနိုင်ငံက မြို့ပြတွေဆီကို တစ်သုတ်ပြီးတစ်သုတ် ရည်မှန်းချက်မျိုးစုံနဲ့ ခရီးထွက်သွားခဲ့ကြပြီ ကိုဖေသောင်းရေ။

တချို့ကလည်း (၂၀၁၀) ရွေးကောက်ပွဲကို ရည်မှန်းချက်တစ်ဖက်ကမ်း ကူးဖို့ ဖောင်အဖြစ် စီးသွားကြမယ်လို့ ပြောနေကြသည်။ တကယ်တော့ (၂၀၁၀) ရွေးကောက်ပွဲသည် ကူးတို့ဖောင်မဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) လို့ဆိုတဲ့ စစ်အာဏာရှင်စနစ် နွံရေအိုင်ထဲမှာ ကမ်းမမြင်လမ်းမမြင် မျောနေတဲ့ ဆင်သေကောင်မျှသာ ဖြစ်သည်။ ဒီမိုကရေစီသောင်ကမ်းသို့ ရောက်ရှိလိမ့်မည်မဟုတ်ပါ။

ထိုသို့ ဆင်သေစီးမည့် ထိုလူများကို ကိုဖေသောင်းက ဘယ်လိုဝေဖန်ဖွဲ့နွဲ့မှာလဲ။ သံချပ်ထိုးပြီး ဖွင့်ချမှာလား။

ကျနော်တို့၏ ကိုဖေသောင်းခမျာမှာတော့ အမြှီးဖွားဖွား ရှဥ့်ကလေးတွေပုံကို ကျိုင်းတုံအကျဉ်းထောင်အတွင်း နံရံပေါ်မှာ ပုံကြမ်းဆွဲခြစ်နေလေမလား။ ရေကြည်မြောင်းကလေးလို တောက်ပကြည်လင်နေသော ညို့မျက်ဝန်းကလေးတွေကို သတိရနေမလား။ ဖားဖားဝေဝေရှိလှတဲ့ ညို့ဆံပင်တွေကိုပဲ မြင်ယောင်နေမလား။ သပိတ်လွယ်ငှက်ကလေးလို သာယာတဲ့ ညို့အသံလေးကိုပဲ ကြားယောင်နေမလား။ ဒါမှမဟုတ် ရေနစ်လို့ ကူးရပြီဆိုရင် ဖိနပ်ကို စွန့်ခဲ့ရတာပဲဆိုတဲ့ ဥပက္ခာဝါဒီတစ်ဦးရဲ့ ဧကစာရီအကျင့်ကိုပဲ ကျင့်နေပြီလား။

သူ့ “နောက်ကြည့်မှန်” အခုလိုထုတ်ဝေနိုင်အောင် စီစဉ်သူတွေကို ကျေးဇူးတင်ပါသည်။

စီစဉ်သူများသည် နိုင်ငံရေးကို ဘာကြောင့်မှန်းမသိ စိမ်းကားနေပုံရသည်။ မုန်းတီးနေသည့် အဆင့်အထိတော့ မရောက်သေးဟု ထင်ရသည်။

စီစဉ်သူ့စကားတွင် “စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန်သည် စာပေအနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ” ဟု တုံးတိတိနှင့် စဖွင့်ထားပြီး “စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်းရသော ခေတ်၏ အလင်းအမှောင်၊ အဆိုးအကောင်းတို့ကိုမူ ထင်ဟပ်ဖေါ်ပြလေသည်” လို့ ရှေ့နောက်မညီဘဲ ဖေါ်ပြထားပြန်ပါသည်။

နောက်ကြည့်မှန်ထဲတွင် “အုန်းသိန်းတို့ သားအဖသည်” အမှောင်နှင့်အဆိုး ဖြစ်ပါသည်။

ယင်းသို့ အဆိုးနှင့် အမှောင်တို့ကို တိုက်ပွဲဝင်ရာတွင် အလင်းနှင့် အကောင်းဖြစ်သော ညို၏ လေးခွအစွမ်းဖြင့် အုန်းသိန်း၏ ညို့သကျည်းကို မှန်အောင် ပစ်ခြင်းဖြင့် ဖေါ်ထုတ်ထားပါသည်။

“စက်မှုကျောင်းသား ကိုဖုန်းမော်က သွေးနဲ့ မီးရှူးဖောက်ပြီး အချက်ပေးခဲ့ပြီ၊ ငါတို့ခေတ်မှာ အပြီးအပြတ် တိုက်ကြမယ်” ဆိုပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတာဝန်ကို ညွှန်ပြထားသည်။ ထောက်ခံထားသည်မဟုတ်ပါလား။

အကယ်၍သာ ညိုနှင့် ကိုဖေသောင်း၏ သံယောဇဉ်ဖွဲ့နွှဲ့မှုထဲကနေ နောက်ခံကားအဖြစ်ထားတဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးကို ဖယ်ထုတ်လိုက်လျှင် ရွက်ကြမ်းရေကြို အချစ်ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်နေပါလိမ့်မည်။

ကိုဖေသောင်းသည် သံယောဇဉ်အနှောင်အဖွဲ့တွေကို အလေးအမြတ် အသိအမှတ်ပြုပေမယ့် “တခါတော့ ဝေးလိုက်ကြရအောင် ညိုရေ” လို့ ပြောပြီး ကျောခိုင်းခဲ့သူဖြစ်သည်။ ကိုဖေသောင်းသည် နောက်ကိုကြည့်သူမဟုတ်။ ရှေ့ကိုကြည့်သူ၊ အနာဂတ်ကိုကြည့်သူသာ ဖြစ်သည်။

ဒီလိုသဘောထားတွေကြောင့်ပင် မခင်အေးကတဆင့် “ရှင့်ရုပ်ကို ပြန်ကြည့်ဖို့မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ” ဟု (စာမျက်နှာ ၁၁၄-၁၁၅) ပြောပြထားသည်။ ယင်းစကားသည် နောက်ကြည့်မှန်၏ အနက်အဓိပ္ပါယ် ဖြစ်နေသည်။ ကိုဖေသောင်းသည် နိုင်ငံရေး၏ သြဇာခံဟုတ်မဟုတ်တော့ ကျနော်မပြောတတ်ပါ။ ဒီကိစ္စကို စီစဉ်သူများကသာ သုံးသပ်အဖြေရှာကြရန် ဖြစ်ပါသည်။

ကျနော်ပြောနိုင်သည်မှာ ကိုဖေသောင်းသည် သံယောဇဉ်၏ လက်အောက်ခံမဟုတ်သည်ကတော့ သေချာပါသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုနှင့် နိုင်ငံရေးလှုပ်ရှားသူများကို နည်းမျိုးစုံနှင့် ဖိနှိပ်ချေမှုန်းပြီး နိုင်ငံရေးအကျဉ်းသားမရှိဟု ဆိုနေသော ယနေ့ခေတ်ကိုလည်း သတိပြုစေချင်ပါသည်။

နေရာတော်တော်များတွင် ဦးရွှေခင်ကနေ ဦးခင်ရွှေဖြစ်နေတာနှင့် မှုန်ကျကျကားလမ်း (မှုန်ပြပြကားလမ်း)၊ ကားလတ် (ဟိုင်းလတ်ကားဖြစ်မည်ဟု ထင်ပါသည်) ပေါ်မှာ ဆင်းလိုက်သည် (နှာ- ၉၄)။ ရေတခွပ်ခွပ် (တဂွပ်ဂွပ်) သောက် (နှာ-၁၅၅) ဆိုသည့် အကျအပေါက်များမှလွဲ၍ ပြောစရာမရှိတော့ပါ။

ညိုကတော့  “ကြယ်တွေမှာလည်း ကြယ်လူကြီး၊ ကြယ်ကလေးတွေ ရှိတယ်။ ဓူဝံကြယ်က ကြယ်အဖိုးကြီးမို့ တနေရာထဲ ငုတ်တုတ်ထိုင် စဉ်းစားနေတာပေါ့။ ခုနှစ်စဉ်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတန်းကစားနေကြတာ။ အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဖူးပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ လူတွေအတွက် အသုံးတည့်လို့ နာမည်မှည့်ခံထားရတဲ့ ကြယ်တွေ တပွင့်မှပါမသွားဘူး။ တကယ်တော့ ကြယ်တွေရဲ့ဘဝမှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။ လောကအတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှမကြွေတာ သေချာပါတယ်”  ဆိုတဲ့ စာသားတွေကို အထပ်ထပ်ရေးချနေပြီး ညိုတည်ထားတဲ့ ရေချမ်းစင်မှာ ရေလာခတ်သောက်မယ့် သူကို ငေးမောမျှော်လင့်နေလိမ့်မယ်လို့ ကျနော် အသေအချာ ယုံကြည်ပါသည်။

သို့ဖြင့် ညိုနှင့် ကိုဖေသောင်းကို လွမ်းသော အလွမ်းသည် တောဘူတာရုံလေးထဲ ဒရီးဒယိုင် ဝင်ရောက်သော လော်ကယ်ရထားတစ်စင်းလို ကျနော့်ရင်ထဲသို့ လှုပ်လှုပ်ရှားရှား တိုးဝင်လာပါတော့သည်။

အချိန်ဟူသော လော်ကယ်ရထားသည် ဘူတာမျိုးစုံကို ဖြတ်သန်းခုတ်မောင်းနေပါလိမ့်မည်။

အတိတ်မြင်ကွင်းများသည် နောက်ကြည့်မှန်ထဲတွင် တရိပ်ရိပ် ဝေး၍ဝေး၍ကျန်ခဲ့ပြီ။

× × × × ×



မျိုးမြင့်မောင်
(၂၀၀၉ နိုဝင်ဘာ ၆ ရက်)

 

 

ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်ဝတ္တု

 Fax – 055545495

 

ရိုးမ ၃ ဝဘ်ဆိုက်အဟောင်း (၂၀၀၅ - ၂၀၀၈)

ဝဘ်ဆိုက်စတင်ချိန် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မိမိတို့ဝဘ်ဆိုက်တွင် တင်ပြီးသမျှ အချက်အလက်များကို အောက်ပါဝဘ်ဆိုက်ဟောင်းပုံပေါ်တွင် နှိပ်၍ ပြန်လည်ရှာဖွေနိုင်ပါသည်။

 

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)

 

အာရှလူ့အခွင့်အရေးကော်မရှင်(AHRC) ဝဘ်စာမျက်နှာများ

   မြန်မာနိုင်ငံမှ လူထုဆန္ဒပြမှုများ - AHRCမြန်မာနိုင်ငံမှ ရှေ့နေများ - AHRC         
AHRC Urgent Appeals: Yoma3 News
Request Message
General Aung San
Daw Aung San Suu Kyi

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
(From 24.12.08, 5:00 pm)

လက်ရှိဧည့်သည်

We have 130 guests online