Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အတွေးအမြင်

 

မေတ္တာတရားကို အင်အားစွမ်းပကားအဖြစ် ပြောင်းရလိမ့်မည်

တူမောင်ညို
(၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် )

မေတ္တာတရားသည် ကျောက်စက်စိမ့်စမ်းရေကဲ့သို့လည်းကောင်း၊ ငွေလရောင်ကဲ့သို့ လည်းကောင်း ငြိမ်းချမ်းအေးမြသည်ကို မြူမျှသံသယမရှိပါ။ ကျနော်တို့ပြည်သူများသည် မေတ္တာ တရားအေးရိပ်၌ ပျော်ရွှင်ကြည်နူးစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြသော လူမျိုးစုံပြည်သူ များ ဖြစ်ပါသည်။           

            သို့ရာတွင် ငြိမ်းချမ်းသော မေတ္တာတရားကို မိမိတို့ပြည်သူများဘက်က တစ်ဖက်သတ် ထားရှိနေရုံမျှဖြင့် လက်ရှိရင်ဆိုင်နေရသော ပြဿနာအရပ်ရပ်သည် ပြေလည်သွားမည်မဟုတ် ပါ။

            ကျနော်တို့ရင်ဆိုင်နေရသည်မှာ စစ်အာဏာရှင်စနစ်ဖြစ်ပါသည်။

            ယခု ထိုစစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားသူ (နအဖ)စစ်အစိုးရက စစ်ဗျူရို ကရေစီယန္တရားကို အသုံးပြုဖိနှိပ်အကြမ်းဖက်ရေး ခြေလှမ်းများကို တလှမ်းပြီးတလှမ်း၊ တထစ်ပြီးတထစ် တက်လှမ်းလာနေခဲ့ပြီဖြစ်သည်။

            မေတ္တာတရားနှင့် အကြမ်းဖက်မှုတို့ ထိပ်တိုက်တွေ့ကြရပြီ။ လွှဲရှောင်၍မရတော့ပြီ။ ပြည်သူများ သွေးမြေကျခဲ့ရပြီ။ တရားဓမ္မရွတ်ဆိုသံ၊ ကြေးစည်သံ၊ ဆည်းလည်းသံတို့ဖြင့် ဆွတ်ပျံ့ကြည်နူးဖွယ် ရွှေတိဂုံရင်ပြင်တော်သည် မျက်ရည်ယိုဗုံး၏ မီးခိုးငွေ့များ၊ လုံထိန်းများ၏ ဆဲဆိုအော်ဟစ်သံ၊ အမိန့်ပေးသံများ၊ သေနတ်သံများဖြင့် အကျည်းတန် အရုပ်ဆိုးစေခဲ့ပါပြီ။ သံဃာတော်များ၏ ဦးပြည်းစိမ်းစိမ်းသည် သွေးတို့ဖြင့် ချင်းချင်းနီခဲ့ရပြီ။ ၀ါရွှေသော သင်္ကန်း တော်သည် သွေးစွန်းခဲ့ရပြီ။

            စစ်အာဏာရှင်စနစ်သည် သူ၏ အကြမ်းဖက်ခြေလှမ်းများကို ရှေ့တလှမ်းပြီးတလှမ်း တိုးလာခဲ့ပြီ။ ထိုနည်းတူပင် ကျနော်တို့ ဆရာတော်သံဃာတော်များ၊ ပြည်သူများဘက်ကလည်း   နောက်ဆုတ်၍မရတော့ပြီ။ စစ်အာဏာရှင်စနစ်တည်မြဲရေးဘက်တော်သားများနှင့် စစ်အာရှင် စနစ် ဖျက်သိမ်းရေးအင်အားစုများ ထိပ်တိုက်ရင်ဆိုင်တွေ့ကြရပြီ။

            သံဃာ့တပ်ပေါင်းစုက ဆရာတော် အရှင်ဂန္ဘီရက အခုလိုမိန့် ကြားလမ်းညွှန်ပါသည်။

             “တရားနည်းလမ်းမကျတာတွေကို ကြောက်နေရင် လက်ရှိစနစ်ဆိုးက လွတ်မြောက် နိုင်မှာမဟုတ်ဘူး”

            တပည့်တော် အပြည့်အဝထောက်ခံပါသည် အရှင်ဘုရား။

            လူမျိုးစုံပြည်သူများက လိုလားတောင့်တနေသည်မှာ စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်၏ မပြေငြိမ်းနိုင် သည့် အဓိက အတားအဆီးပင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်သည် အသွင်သဏ္ဌာန်တစ်ရပ် ရပ်ဖြင့် တည်ရှိနေသမျှ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ထွန်းသစ်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ သို့အတွက် စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမည်။

            ညောင်နှစ်ပင်ညီလာခံ၊ ညောင်နှစ်ပင်ညီလာခံရလဒ်ဆိုသည်များမှာ စစ်အာဏာရှင် စနစ်၏ အခြေခံအုတ်မြစ်များသာ ဖြစ်ပါသည်။ (နအဖ)စစ်အစိုးရပြောနေသည့် စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ဆိုသည်မှာ စစ်အာဏာရှင်စနစ်၏ လှည့်စားမှု မျက်နှာဖုံးမျှသာ ဖြစ်ပါသည်။ တကယ့်အနှစ်သာရမှာ စစ်အာဏာရှင်စနစ်သာ ဖြစ်ပါသည်။ သို့ပါ၍ ညောင်နှစ်ပင် ညီလာခံနှင့် ညောင်နှစ်ပင်ညီလာခံ၏ရလဒ်များ(စစ်အာဏာရှင်စနစ်၏ အခြေခံမူများ)ကို ကျနော်တို့ပြည်သူများ၊ အင်အားစုများအနေဖြင့် (နအဖ)စစ်အစိုးရအလိုကျ စစ်အစိုးရစိတ်ကြိုက် အစီအစဉ်အတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချကြရန်သာ ဖြစ်ပါသည်။

             ပြည်သူများက တဖွဖွတောင်းဆိုနေသည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည်မှာ စစ်အာဏာရှင်စနစ်နှင့် စေ့စပ်ဆွေးနွေးရန်မဟုတ်ပါ။ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် (နအဖ)စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်ပါသည်။

         ယနေ့တည်ရှိနေသော စစ်အာဏာရှင်စနစ်သည် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ   ပုဒ်မတစ်ခုကို ပြင်ဆင်၍ တိုင်းပြည်၏ နိုင်ငံရေးစင်မြင့်ပေါ် တက်လာခဲ့ခြင်းဖြစ်ပါသည်။         အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (န၀တ - နအဖ) စသည်ဖြင့် မည်သို့ပင် အရေခြုံသည်ဖြစ်ပါစေ အရင်းခံဇစ်မြစ်သည် စစ်အာဏာရှင်စနစ်သာဖြစ်ပါသည်။

            ယခုလည်း အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းတွင် ထာဝစဉ် ခေါင်းဆောင်မည်ဟု အတင်းအကျပ် အနိုင်ကျင့်နေခြင်းပင်ဖြစ်ပါသည်။ ယင်းကို ကျနော်တို့ပြည်သူများ၊ အင်အားစု များ အလျှော့ပေး၍မဖြစ်နိုင်ပါ။ နောက်ဆုတ်၍မဖြစ်နိုင်ပါ။ အလျှော့ပေးနောက်ဆုတ်လိုက်လျှင်  အရှုံးကြီး ရှုံးပါလိမ့်မည်။

            သို့ပါ၍ ဆရာတော်သံဃာတော်များ၏ ရှေ့ဆောင်မှုဖြင့် အားပြည့်အင်ပြည့်ရှိလာသော လူထုလှုပ်ရှားမှုကြီးကို တတိုင်းတပြည်လုံးက နိုးကြားပါဝင်လာစေရန် ဆောင်ရွက်ကြရပါလိမ့် မည်။ တာဝန်ရှိသော၊ တာဝန်သိသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများအနေဖြင့် ကျရာအခန်းက ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဆရာတော်သံဃာတော်များကို ကျေးဇူး တင်သည်ဆိုလျှင် လက်တွေ့ပါဝင်ရှေ့ဆောင်ခြင်းဖြင့်သာ တုန့်ပြန်သင့်ပါသည်။ သို့မှသာ စစ်အာဏာရှင်စနစ်ကို တတိုင်းတပြည်လုံး၏ လူထုအင်အားဖြင့် သူသေငါရှင် ရင်ဆိုင်အနိုင်ယူ နိုင်ပါလိမ့်မည်။ အခြားနည်းလမ်းမရှိပါ။

            ကျနော်တို့တတိုင်းတပြည်လုံး၏ ယနေ့ကံကြမ္မာကို ပြည်သူများကသာ ဆုံးဖြတ်ပါလိမ့် မည်။ တတိုင်းတပြည်လုံးပြည်သူများ၏ စည်းလုံးညီညွတ်မှုစွမ်းပကားပေါ်တွင် တည်မှီနေပါ သည်။

            မှန်ကန်သော ဦးတည်ချက်၊ မှန်ကန်သော ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် သာ  အောင်ပွဲ၏သရဖူကို အရယူနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ နိုးကြားထကြွလာသော ပြည်သူ များကို  ထိုသို့ မှန်ကန်စွာ ဦးဆောင်၍ လိုရာခရီးသို့ ချီတက်သွားရန် လိုအပ်ပါသည်။ ပထမ လိုအပ်ချက်မှာ လူမှုဘ၀နယ်ပယ်အသီးသီးမှ ပြည်သူများ လှုပ်ရှားမှုထဲသို့ အုံနဲ့ကျင်းနဲ့ ပါဝင် လာရေးပင်ဖြစ်ပါသည်။ အဓိကလိုအပ်ချက်မှာ (နအဖ)စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား သွက်ချာပါဒ လိုက်သွားစေရန်သာ ဖြစ်ပါသည်။

            ယခုအချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဆရာတော်သံဃာတော်များ၊ ပြည်သူများ သယ်ဆောင်ခဲ့သော တိုက်ပွဲ၏တံခွန်ကို ဆက်လက်စွဲကိုင်၍ ပါဝင်ရှေ့ဆောင်ရန် အချိန်အခါ ကျရောက်နေပါပြီ။ ထိုသို့ ပါဝင်ရှေ့ဆောင်ပါရန် ဆရာတော်သံဃာတော်များ၊ ပြည် သူများက လိုလားမျှော်လင့်နေပါသည်။

            ထို့အပြင် ပြည်သူများ ကိုင်စွဲချီတက်ခဲ့သော အောက်ပါကြွေးကြော်သံများသည် ပို၍ ကြည်လင်ရှင်းလင်းလာခဲ့ပြီ ဖြစ်ပါသည်။            

  • စားဝတ်နေရေးပြေလည်ရေး၊

  • အမျိုးသားပြန်လည်သင့်မြတ်ရေး၊

  • နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး။

          တပြိုင်နက်ထဲမှာလည်း အခြားတစ်ဖက်က မေတ္တာတရားနှင့် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကို စက်သေနတ်ဖြင့် အကြမ်းဖက် ချေမှုန်းလာသည့်အခါ ရင်ဆိုင်ရမည့်ဘေးအန္တရာယ်ကို တွန်းလှန် ရင်ဆိုင်နိုင်ရန် ဆရာတော်သံဃာတော်များ ပြည်သူများ အသင့်ပြင်ဆင်ထားရန် လိုအပ်လှပါ သည်။

            မေတ္တာတရားသည် ကျောက်စက်စိမ့်စမ်းရေကဲ့သို့လည်းကောင်း၊ ငွေလရောင်ကဲ့သို့ လည်းကောင်း ငြိမ်းချမ်းအေးမြသည်ကို မြူမျှသံသယမရှိပါ။

            ကျနော်တို့ လက်တွေ့ရင်ဆိုင်နေရသည်မှာ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင် စနစ် ဖြစ်ပါသည်။

            တရားဓမ္မရွတ်ဆိုသံ၊ ကြေးစည်သံဆည်းလွဲသံတို့ဖြင့် ဆွတ်ပျံ့ကြည်နူးဖွယ် ရွှေတိဂုံ ရင်ပြင်တော်သည် မျက်ရည်ယိုဗုံး၏ မီးခိုးငွေ့များ၊ လုံထိန်းများ၏ ဆဲဆိုအော်ဟစ်သံ၊ အမိန့်ပေး သံများ၊ သေနတ်သံများဖြင့် အကျည်းတန် အရုပ်ဆိုးစေခဲ့ပါပြီ။ သံဃာတော်များ၏ ဦးပြည်း စိမ်းစိမ်းသည် သွေးတို့ဖြင့် ချင်းချင်းနီခဲ့ရပြီ။ ၀ါရွှေသော သင်္ကန်းတော်သည် သွေးစွန်းခဲ့ရပြီ။

            မေတ္တာတရားကို အင်အားစွမ်းပကားအဖြစ် ပြောင်းရပေလိမ့်မည်။

◙ ◙ ◙ ◙ ◙

 

 

 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org