Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အတွေးအမြင်

 

အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင်ရှိသေးလေလိမ့်လား

ဏီသစ်

          ယခု ၂၀၀၇၊ ဇူလိုင် ၁၈ ရက်နေ့တွင် ဆယ်စုနှစ်တစ်ခုကျော်(၁၃ နှစ်ကျော်)ကြာ ကျင်းပ လာသော နအဖ၏ အမျိုးသားညီလာခံသည် အဆုံးသတ်အနေဖြင့် နောက်ဆုံးအကြိမ် ပြန်လည် ကျင်းပရန် စတင်ပေလိမ့်မည်။ ဤသည် ဖက်ဆစ်စစ်အာဏာရှင်စနစ် တရားဝင် မြန်မာပြည်တွင် ဖြစ်ပေါ်ထွန်းရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းနေသော နအဖစစ်အုပ်စု၏ စစ်အာဏာရှင် အဆောက်အဦး အခြေခံ(ပန္နက်)အုတ်မြစ်ချရေး၏ နောက်ဆုံးပိတ်ခြေလှမ်းများကို စတင်လိုက် ခြင်းလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော် ၁၉၆၂ က စစ်အာဏာသိမ်းပြီး နောက် (၁၂)နှစ်အကြာ ၁၉၇၄ တွင် မဆလ ဆိုရှယ်လစ်အခြေခံဥပဒေအတုဖြင့် အာဏာရှင် စနစ် တရားဝင်အောင်လုပ်ခဲ့သည်ကို အသက်ပေါင်း၊ ဘ၀ပေါင်းများစွာ (၁၄)နှစ်ကျော် ပေးဆပ် ပြီး ၁၉၈၈ တွင်မှ ဖြိုချနိုင်ခဲ့သည်ကို သမိုင်းသင်ခန်းစာမှ မမေ့သင့်သေးပေ။

            နအဖစစ်အုပ်စုသည် ၎င်းတို့၏ လမ်းပြမြေပုံ (၇)ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို နိုင်ငံ ရေးအရ တရားဝင် ဖြစ်လာရေးတခုတည်းသက်သက်ကို လုပ်ဆောင်နေသည်တော့မဟုတ်။ တိုင်းပြည်အုပ်ချုပ်ရေးနှင့် လည်ပတ်ရေးယန္တရားများ၌၎င်း၊ တိုင်းပြည်၏ ဦးဆောင်စီးပွားရေး လုပ်ငန်းများ၌၎င်း တဖြည်းဖြည်းချင်းဖြင့် နက်ရှိုင်းစွာ ထိုးဖောက်ချုပ်ကိုင်နေပြီဖြစ်သည်။ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို တိုက်ရိုက်ဖြစ်စေ၊ ၎င်းတို့၏ လက်ဝေခံများမှတဆင့်ဖြစ်စေ၊ အနာဂတ်တွင် လိုအပ်သလို ချုပ်ကိုင်နိုင်ရန် ဖြန့်ကျက် လက်ဝါး ကြီးအုပ်နေခြင်းဖြစ်သည်။ နအဖသည် ပြည်တွင်း၌ ပြည်သူကို ဖိနှိပ်ချယ်လှယ် ချုပ်ကိုင်ထားနိုင် သေးသော်လည်း၊ ၎င်းတို့၏ ဖိနှိပ်မှုများနှင့် ကတိပျက်မှုပေါင်း များစွာတို့အတွက် မျက်နှာပန်း မလှဘဲ ကမ္ဘာ့နိုင်ငံများ၏ အပြစ်တင်ပြောဆိုဖိအားပေးခြင်းကိုတော့ ခံနေရသည်။ သို့သော် ကိုယ်ကျိုးစီးပွားကိုအခြေခံသော ယနေ့ကမ္ဘာ နိုင်ငံတကာဆက်ဆံရေးကြောင့် နိုင်ငံကြီးများ၏ ကစားပွဲကြားတွင် နအဖအနေဖြင့် ထွက်ပေါက်ရရှိနေစေသည်။ ပထ၀ီနိုင်ငံရေးကို အခြေခံ၍ အိမ်နီးချင်းအင်အားကြီး (၂)နိုင်ငံ(အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)နှင့် အာဆီယံနိုင်ငံများ အကြားတွင် နိုင်ငံရေးအကြပ်အတည်းရှိစေကာမူ အမြတ်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် နအဖ စစ်ဗိုလ်ချုပ်များသည် သူတို့၏ စစ်ဗိုလ်တမတ်သားအစိုးရ တရားဝင်ဖြစ်လာခဲ့လျှင် အနောက် နိုင်ငံများ၏ သဘောထားသည် ယခုလောက်မတင်းမာဘဲ တမျိုးတဖုံ ပြောင်းလဲလာနိုင်သည်ဟု ယူဆထားကြသည်လည်း ရှိသည်။

            အထက်ပါတို့သည် ပြည်တွင်းနိုင်ငံရေးအကြပ်အတည်းနှင့် နိုင်ငံတကာဖိအားများ ရှိနေ သော်ငြားလည်း၊ နအဖစစ်အာဏာရှင်စနစ် တည်ဆောက်ရန် ကြိုးပမ်းနေမှု၏ ပကတိအခြေ အနေတချို့ဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် မိမိတို့ ဒီမိုကရေစီအင်အားစုများထံမှ နအဖ စစ်အုပ်စု၏ ဖက်ဆစ်စစ်အာဏာတည်မြဲရေး လမ်းစဉ်များအား ဘယ်လို ဟန့်တားရိုက်ချိုးမည်၊ အမျိုးသားညီလာခံ၏ ယုတ္တိ၏ယုတ္တာမဲ့မှုကို ပြည်သူများကြားထဲ ဖွင့်ချပြီး၊ နအဖလမ်းပြမြေပုံ (၇)ဆင့်၏ အဆင့်တိုင်းကို ဟန့်တားတိုက်ဖျက်သွားမည်ဆိုသည့် ပြတ်ပြတ်သားသား အသံများနှင့် လုပ်ငန်းစဉ်များ၊ အထူးသဖြင့် လက်တွေ့လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များမှာ အပူတပြင်း လိုအပ်နေပြီဖြစ်သည်။ စစ်အုပ်စုနှင့် သူတို့၏လက်ဝေခံများ ပြည်သူလူထုကြီးအား တွေဝေ အောင် လုပ်ဆောင်နေသည့် ကြိုးပမ်းချက်များကိုလည်း ဖွင့်ချတိုက်ဖျက်ရပေလိမ့်မည်။ ယနေ့ ပြည်သူလူထုကြီး နိစ္စဓူဝ ကြုံတွေနေရသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဒုက္ခ အားလုံး၏ လက်ရင်းတရားခံသည် နအဖစစ်အုပ်စုဖြစ်သည်။ ဤဖိနှိပ်မှုများ၊ ဒုက္ခများ အဆုံး သတ်ရန် စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်မှ ချုပ်ငြိမ်းသွားဖို့ လိုအပ်သည်။ ကံကိုလည်း ယိုးမယ်ဖွဲ့နေစရာမလို၊ ကယ်တင်ရှင်ကိုလည်း စောင့်မျှော်နေစရာမလို၊ ကိုယ်လိုချင်သည့် ပန်းတိုင်ကို ကိုယ့်အားကိုယ်ကိုးမှ ရောက်နိုင်လိမ့်မည် … ဤကဲ့သို့ ယုံကြည်ချက်မျိုး၊ စိတ်ဓာတ် မျိုး ပြည်သူလူထုထဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်နေအောင် မိမိတို့ဘက်တော်သားများက ကြိုးစားရလိမ့်မည်။ ထို့အပြင် ပြည်သူလူထုရှေ့က အနစ်နာခံ၍ မားမားမတ်မတ်ရပ်နေသည့် ခေါင်းဆောင်များရှိနေကြောင်းကိုလည်း ပြည်သူအား ညွှန်ပြရမည်။ သမိုင်းတွင်လည်း ကမ္ဘာ အရပ်ရပ်ရှိ ဖိနှိပ်သူ အာဏာရှင်တို့အား လူထုအားဖြင့်သာ ဖြုတ်ချနိုင်ခဲ့ကြသည်ကို သာဓကပြု၍ ပြည်သူအား ယုံကြည်မှုနှင့် စိတ်ဓါတ်ခွန်အားဖြစ်လာအောင် လုပ်ဆောင်ရပေမည်။

            ယခုလက်ရှိအခြေအနေတွင် မိမိတို့ ဒီမိုကရေစီအင်အားစုများဘက်မှ ပြတ်သားသည့် အမြင်၊ ပြတ်သားသည့် နိုင်ငံရေးလမ်းကြောင်းတခုကို ပြည်သူလူထုကြီးအား ချမပြနိုင်ခြင်းမှာ မိမိတို့ ဘက်တော်သားများ၏ လိုအပ်ချက်၊ အားနည်းချက်ဖြစ်သည်။ ကွဲပြားသော အကျိုးစီးပွား၊ ကွဲပြားသော လူတန်းစားတို့ဖြင့် ဖွဲ့တည်ထားသော တိုင်းရင်းသားပြည်သူလူထုကြီးအားလုံး၏ ဘုံအကျိုးစီးပွားကို ဦးတည်ကိုယ်စားပြုသော လက်တွေ့ဆန်သည့် ဘုံကြွေးကြော်သံတခုကို ဖေါ်ထုတ်နိုင်ရန်မှာ မလွယ်ကူသောကိစ္စဖြစ်သည်။ သို့သော် ဤကိစ္စသည် မိမိတို့ ဘက်တော် သားများ မဖြစ်မနေ ဆောင်ရွက်ကြရမည့် ပကတိအခြေအနေ၏ စိန်ခေါ်ချက် ဖြစ်နေသည်။

            အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးဆိုသည်မှာလည်း မဖြစ်မနေ ဖေါ်ဆောင်ကြရမည့် နိုင်ငံရေးလမ်းကြောင်းတခုဖြစ်သည်။ သို့သော် …  မည်သူတွေနှင့် မည်သည့်ပုံသဏ္ဍာန်ကြားတွင်မှ ဤရင်ကြားစေ့ရေးအဆင့်သည် ဖြစ်ပေါ်လာနိုင်သည် ဆိုသည် ကိုတော့ လက်တွေ့ကျကျ စဉ်းစားကြရလိမ့်မည်။ ပဒေသရာဇ်အာဏာရှင်စနစ်ကို ထူထောင်ရန် အိပ်မက်မက်နေကြသော နအဖစစ်ဗိုလ်ချုပ်တို့သည် ပြည်သူအချင်းချင်းကို သွေးခွဲထားသည်။ တပ်မတော်နှင့် ပြည်သူကို သွေးခွဲထားသည်။ ပြည်ပမှ ဗမာတွေနှင့် တိုင်းရင်းသားတွေကို သွေးခွဲထားသည်။ ရေးပြရင်တော့ ဆုံးမည်မထင်။ သို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည်ကို ဖြစ်အောင်ဖေါ်ဆောင်ရမည်။ ရန်သူစစ်အာဏာရှင်၏ အ၀န်းထဲရောက်နေသော ပြည်သူတွေကို မိမိတို့၏ မိတ်ဆွေတွေဖြစ်လာအောင် ဆောင်ရွက်ကြရမည်။ ဤတွင် တခုတော့ စဉ်းစားရလိမ့်မည်။ ရင်ကြားစေ့ဆွေးနွေးရေး စကားဝိုင်းတွေကို လူထုရဲ့ စွမ်းအားနဲ့ တွန်းပို့ ဖေါ်ဆောင်မည်လား? …. .သို့မဟုတ် …. အာဏာကိုချုပ်ကိုင်ထားသူ၊ ရင်ကြားမစေ့ချင်သူ တွေထံ ရင်ကြားစေ့ဖို့တောင်းခံကြရင်း အချိန်တွေ အကုန်ခံကြမည်လား? .... မိမိတို့ စဉ်းစား ရပေလိမ့်မည်။

            ပြည်တွင်း၌ စစ်အုပ်၏ ပြည်သူအပေါ် ဖိနှိပ်မှုတို့သည် ပို၍ပို၍ ပြင်းထန်လာသည်။ ဤလိုအခြေအနေ ဖိနှိပ်မှုတွေရဲ့အောက်မှာ ကြိုးတန်းပေါ်လမ်းလျှောက်ရသလို အခြေအနေမျိုး မှာ မိမိတို့ရဲ့ အင်အားကိုလည်း ထိန်းသိမ်းတည်ဆောက်ရင်း ပြည်သူနှင့်လည်း တသားတည်း ရပ်ခံရင်း လိမ္မာပါးနပ်စွာ နိုင်ငံရေးလမ်းကြောင်းလုပ်ကွက်များ ချဲ့ထွင်ဖေါ်ထုတ်နေသည့် ပြည်တွင်းက မြေပေါ်နိုင်ငံရေးအင်အားစုများရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို လေးစား ဂုဏ်ယူမိသည်။ ဦးညွှတ်၍ အလေးလဲပြုမိပါသည်။ ဒါပေမယ့် ဤပြည်တွင်း မြေပေါ်နိုင်ငံရေး အင်အားစုများ လက်ရှိအခြေအနေတွေမှာ မလုပ်နိုင်သေးသော၊ မလုပ်သင့်သေးသော လုပ်ငန်းများ ရှိနေသေးသည်။ ဤကွက်လပ်များကို စဉ်းစားဖေါ်ထုတ်ကြဖို့၊ လုပ်ကိုင်ကြဖို့ ကျန်အင်အားစုများတွင် တာဝန်ရှိနေသည်။ ဤအင်အားစုများနှင့် ယှဉ်ပြိုင်တစင်ထောင်ရန် ဆိုလိုခြင်းမဟုတ်ပေ။ ထိုအင်အားစုများအပေါ် လူထု၏ ထောက်ခံမှုနှင့် ယုံကြည်ကိုးစားမှု အဝိုင်းအ၀န်း ကြီးမားစေသည်ထက် ကြီးမားလာစေရန်နှင့် ၎င်းတို့၏ ဦးဆောင်မှုနောက်သို့ ပြည်သူလူထုကြီး စိတ်ရောကိုယ်ပါ ပါဝင်လိုက်ပါနိုင်ရေးအတွက် ဖြစ်သည်။

            မြန်မာပြည်က ပြည်သူတိုင်း(အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ)ဟာ မိမိတို့ရဲ့ ပုခုံး ပေါ်ကို မိမိတို့ ဖြတ်သန်းနေတဲ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေ၊ သမိုင်းရဲ့ လိုအပ်ချက်တွေကို ထမ်းဆောင်ဖို့ အလိုရှိလာ၊ ထမ်းဆောင်လာပြီဆိုရင် ‘မင်းကိုနိုင်’တွေ၊ ‘ကိုကို ကြီး’တွေ၊ ‘မစုစုနွေး’တွေ မြန်မာပြည်မှာ လူတိုင်းဟာ ဖြစ်လာလိမ့်မယ်။ အဲဒီလိုအခါကျရင်လဲ စစ်အာဏာရှင်စနစ်ဟာ မြန်မာမြေပေါ်က လုံးဝ ချုပ်ငြိမ်းရပါလိမ့်မယ်။ ဒါတွေကြောင့်လည်း နအဖဟာ သူတို့အာဏာကို ပြည်သူတွေအနာခံတတ်ဖို့ လက်တံရှည်ရှည်နဲ့ လူထုထဲ ထိုးဖောက် ဝင်ရောက်ပြီး အကြောက်တရားတွေကို လိုက်လံမွေးမြူနေတာဖြစ်သည်။ ဒါကို မိမိတို့ ဒီမိုကရေစီဘက်တော်သားများကလည်း တန်ပြန်လက်တံရှည်နဲ့ ပြည်သူကြားထဲ ဖြန့်ကျက် ထိုးဖောက်ဝင်ရောက်ရမှာ ဖြစ်သည်။ မမှန်ကန်တဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့၊ မမှန်ကန်တဲ့ အကြောက်တရားကနေ ကင်းဝေးဖို့၊ ပြည်သူတွေရဲ့ စုစည်းမှုသာလျှင် ခွန်အားအစစ်ဖြစ်တာမို့ ကိုယ်လွတ်မြောက်ဖို့ ကိုယ့်အားကိုယ်သာ ကိုးကြဖို့ စတဲ့ တော်လှန်ရဲတဲ့ စိတ်ဓာတ်တွေ ပြည်သူ တွေကြားထဲမှာ စဉ်ဆက်မပြတ် စီးဆင်းနေဖို့လိုပါတယ်။ ဒီအတွက်လဲ လိမ္မာပါးနပ်ဖို့ မိမိတို့ ဆောင်ရွက်ကြရလိမ့်မည်။ ဒါမှလဲ နအဖစစ်ဖက်ဆစ်တို့ လူထုကြားထဲမှာ မွေးမြူနေတဲ့ အကြောက်တရားကို ရိုက်ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။

            ဒီအပြင် နအဖဟာ သူတို့ရဲ့ အဓိကခြေလှမ်းသစ်တခုကို စ,တိုင်း ဒီမိုကရေစီဘက် တော်သား၊ နိုင်ငံရေးအင်အားစုများအတွင်း အမြင်ရှုပ်ထွေးမှုများကိုဖြစ်စေမည့် ယောင်ပြ(decoy)တခုကို အမြဲတမ်း ထုတ်လွှင့်လေ့ရှိသည်။ ထိုယောင်ပြမှတဆင့် ဘက်တော်သားများ၏ သဘောထားကို တီခေါက်ခြင်း၊ တုံ့ပြန်လာနိုင်သည့် ဖြစ်နိုင်ခြေများကို ကြိုတင်ခန့်မှန်းခြင်းများ ကို ပြုတတ်သည်။ မိမိတို့ ဒီမိုကရေစီအင်အားစုများဘက်ကလည်း တခါတရံတွင် နအဖ၏ ယောင်ပြအပေါ်တွင် အခြေအတင် ဆွေးနွေးငြင်းခုန်ကြ၍ နအဖ၏ တကယ့်ခြေလှမ်းကို အာရုံ သေချာမပြုမိကြတော့ ယခုလည်း ဗိုလ်သိန်းစိန်၏ “ပြန်လည်စတင်မည့် ညီလာခံတွင် ပြင်ဆင် စရာရှိသည်များကို ပြန်လည်ပြင်ဆင်သွားမည်” ဆိုသည့် ယောင်ပြစကားတခွန်းသည် တော်တော်လေး တာသွားခဲ့သည်။ သူ့စကားနှင့် သူ့အားပြန်ချည်ရန် ကြိုးစားနေသူများ ရှိကြ သလို၊ ပြင်ဆင်ခွင့်ပေးလျှင် မည်သည့်အချက်များကို ပြင်ဆင်မည်ဆိုပြီး စိတ်ကူးဖဲရိုက်နေသူ များလည်း ရှိသည်။ ယထာဘူတကျကျ စဉ်းစားကြည့်လျှင် နအဖသည် ၎င်းတို့၏ စစ်ဗိုလ် တမတ်သားပါသည့် ပါလီမန်အခြေခံမူကို ပြန်လည်ပြင်ဆင်နိုင်ချေရှိပါသလား? မိမိစာရေးသူ အနေဖြင့်တော့ မရှိပါဟုပဲ တွေးမိပါသည်။ ဤ တမတ်သားမူကို မပယ်ဖျက်လျှင်တော့ ပေါ်ပေါက် လာမည့် အခြေခံဥပဒေသည် စစ်အာဏာရှင်ဥပဒေပဲ ဖြစ်လိမ့်မည်။ ပါလီမာန်သည်လည်း စစ် အာဏာရှင်ချုပ်ကိုင်ထားသော ပါလီမန်ပဲ ဖြစ်လိမ့်မည်။ ဒါကြောင့် စစ်အာဏာရှင်စနစ် တရားဝင် ဖြစ်လာရေး လမ်းပြမြေပုံ (၇)ချက်၏ အဆင့်တိုင်းကို တိုက်ဖျက်ဖို့ အားထုတ်ပြင်ဆင်ရလိမ့်မည်။ တိုက်ဖျက်၍ရနိုင်သည့် အခွင့်အရေးများလည်း ရှိနေသည်။ ၂၀၀၈ အကုန်ပိုင်းတွင် ယခု ကျင်းပနေသည့် ညီလာခံမှ ချတ်မှတ်လိုက်မည့် မူကြမ်းကို အခြေခံ၍ အခြေခံဥပဒေရေးဆွဲပြီး လူထုဆန္ဒခံယူပွဲလုပ်မည်ဟု နအဖလေသံပစ်ထားသည်။ ဤဆန္ဒခံယူပွဲအတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေသည်ကိုလည်း တွေ့နေ၊ ကြားနေရသည်။

            နအဖသည် သူတို့၏ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်လာရေး လမ်းပြမြေပုံအဆင့် (၇) ဆင့်တွင် မဖြစ်မနေ ဖြတ်သန်းရပြီး သူတို့အတွက် အခက်အခဲဖြစ်နိုင်ဆုံး ဖြစ်နိုင်သည့် လူထု ဆန္ဒခံယူပွဲကို သတိရှိရှိနှင့် ပြင်ဆင်နေပုံရသည်။ ဤအဆင့်ကို နအဖ ကျော်လွှားနိုင်ခဲ့လျှင် ကျန်အဆင့်များသည် သူတို့အတွက် လွယ်ကူသွားလိမ့်မည်။ လူထုဆန္ဒခံယူပွဲဆိုသည်မှာ လူထု ကို အခြေခံရသော နိုင်ငံရေးလမ်းကြောင်းတခုဖြစ်သည်။ ဒါကြောင့် လူထုကို တွေဝေအောင် နအဖသည် နည်းမျိုးစုံနှင့် ကြိုးစားလာလိမ့်မည်။ သို့သော် မြန်မာပြည်သူလူထုသည် အသည်း ကြားက မဲတပြား၏တန်ဖိုးကို သိသည်။ အခွင့်အခါရတိုင်းလဲ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဤမဲပြားတပြားဖြင့် သက်သေပြခဲ့သည့် သမိုင်းသာဓကများလည်း ရှိသည်။ နအဖကလည်း ဤကဲ့သို့ဖြစ်မှာကို ကြောက်သည်။ ဒါကြောင့် မိမိတို့ ဒီမိုကရေစီဘက်တော်သားများက ဒီတခေါက် ပြည်သူ့အသည်းကြား မဲပြားများက ထွက်ပေါ်လာမဲ့ စွမ်းအားတွေကို ပိုမိုကြီးမားတဲ့ ပြည်သူအဟုန်တွေအဖြစ် ဖန်တီးယူကြပြီး ဒီစစ်အာဏာရှင်တွေကို အာဏာပလ္လင်ကနေ တွန်းထုတ်ဖယ်ရှားနိုင်ဖို့အတွက် လက်တွေ့ ဘုံလုပ်ငန်းတွေချမှတ်ပြီး ယခုထဲက ကြိုးစား ဆောင်ရွက်ကြဖို့ လက်ငင်းသမိုင်းအခြေအနေက အပြင်းအထန် တောင်းဆိုနေပြီဖြစ်ပါတယ်။ ဒါကြောင့် အခွင့်သာခိုင် သံပူခိုက်မှာ ပြတ်ပြတ်သား မထုနှက်ဘဲ ကိစ္စပြတ်အောင် မဆောင်ရွက် ကြလျှင် ဒုက္ခများစေ၊ အကျိုးမဲ့စေကြောင်း  လယ်တီဆရာတော်ဘုရားကြီး ဆိုဆုံးမခဲ့သော ဤအလင်္ကာလေးကို နှလုံးသွင်းရင်း နှိုးဆော်လိုက်ရပါကြောင်း … 

အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင်ရှိသေးလေလိမ့်လား၊

အခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနှင့်ပြင်ရှိသေးလေလိမ့်လား၊

          ◊ အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နှင့်ပြင်ရှိလေလိမ့်လား။         ။

x x x x x

ဏီသစ်
(၁၅.၀၇.၀၇)

 

 

 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org