Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အတွေးအမြင်

 

 

ကိုယ့်ဇာတ်ကိုယ်သိမ်း

            ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်က အီရတ်သို့ မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာပြီးအပြန်တွင်  “အီရတ်စစ်သည် သမ္မတဘုရှ် ခင်းသောဇာတ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် မတိုင်မီ ကိုယ်ခင်းသည့်ဇာတ် ကိုယ်နိုင်အောင် သိမ်းသွားပါ။ သို့မဟုတ်ဘဲ နောက်တက်မည့် သမ္မတအသစ်ကို ဇာတ်ရှုပ်လွှဲပေးမည်ဟုဆိုလျှင် တာဝန်မဲ့ရာရောက်သည်”ဟု ဝေဖန်ပြောဆို လိုက်သည်။

            သို့ဖြင့် အီရတ်အရေးသည် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ၌ အဆင်ပြေပြေ နှင့် ပြီးစီးသွားနိုင်မည်၊ မသွားနိုင်မည် ချိန်ဆတွက်ဆရတော့သည်။ ၂၀၀၈ ခုနှစ်မတိုင်မီ မပြီးစီး ဘဲ အီရတ်အရေးနှင့် အရှေ့အလယ်ပိုင်းအရေးတို့ မပြီးမပြတ် တန်းလန်းကျနေလျှင် သို့မဟုတ် ပိုမိုဆိုးဝါးလာလျှင် သမ္မတဘုရှ်သည် သမိုင်းတွင် ဗီလိန်အဖြစ် မှတ်ကျောက်တင်ခံရမည့် အလားအလာပေါ်သည်။

            ယခုပြဿနာသည် ဇာတ်သိမ်းခန်း end game ပြဿနာဖြစ်သည်။ ဇာတ်သိမ်းခန်းကို ဘယ်လိုရိုက်မလဲဟု ကြည့်ရမည့်ကိစ္စဖြစ်သည်။ ဤတွင် အီရတ်ဆိုင်ရာ အမေရိကန်ဗိုလ်ချုပ် အသစ်တဦးကို ရွေးချယ်တာဝန်ပေးလိုက်သည်။ ဗိုလ်ချုပ်ကြီးအသစ် ပီတရော်ယပ်စ်သည် ဗိုလ်ချုပ်တဦးသာမဟုတ်၊ ပရင့်(စ်)ကန်တက္ကသိုလ်မှ ပီအိတ်ခ်ျဒီဒေါက်တာဘွဲ့ရသူတဦးလည်း ဖြစ်သည်။ သူ၏ ဒေါက်တာဘွဲ့ရသည့် ကျမ်းမှာ“အမေရိကန်သမိုင်းနှင့် ဗီယက်နမ်မှ သင်ခန်းစာ များ”ဟူ၍ ဖြစ်သည်။

 

ဒုတိယ ဘဂ္ဂဒက်တိုက်ပွဲ

အီရတ်စစ်၏ ဇာတ်သိမ်းခန်းသည် ဗီယက်နမ်စစ်ပွဲ၏ ဇာတ်သိမ်းခန်းနှင့် တူနိုင် မတူနိုင် အငြင်းပွားနေစဉ် ဗီယက်နမ်စစ် သင်ခန်းစာကျမ်းကို ရေးသားသူ ဗိုလ်ချုပ်ကြီး ပီတရော်ယပ်စ် အား အီရတ်စစ်တပ်မှူးကြီးအဖြစ် ခန့်အပ်လိုက်သောအခါ ဗီယက်နမ်နှင့် အီရတ်စစ် ဇာတ်သိမ်း ခန်းချင်း တူညီလိမ့်မည်ဟု အကဲခတ်သမားတို့က ချက်ချင်းဝေဖန်ကြသည်။ ဗိုလ်ချုပ်အသစ် သည် ဗီယက်နမ်စစ် ဇာတ်သိမ်းခန်းအကြောင်းကို ကျမ်းပြုစုသူတဦးဖြစ်နေ၍ အီရတ်စစ် ဇာတ်သိမ်းခန်းကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်လိမ့်မည်ဟု  မျှော်လင့်ကြသည်။

သို့သော် အချို့က ဗိုလ်ချုပ်အသစ်သည် ဗီယက်နမ်သင်ခန်းစာတို့ကို ရေရေလည်လည် သိရှိထားသူဖြစ်၍ ဗီယက်နမ်နှင့် မတူအောင် ဇာတ်သိမ်းခန်းတစ်မျိုးကို ဇာတ်ညွှန်းဆင်ထားလိမ့် မည်ဟု တွက်သည်။ အီရတ်စစ်ကို ဗီယက်နမ်စစ်နိဂုံးနှင့် တူအောင်လုပ်မှာလား၊ မတူအောင် လုပ်မှာလား အခြေအတင် အကဲဖြတ်နေကြသည်။

သို့ရာတွင် မည်သို့ပင် ပီအိတ်ခ်ျဒီဘွဲ့ရ ဗီယက်နမ်စစ်ပွဲ သင်ခန်းစာတို့ကို ဘယ်လိုပဲ နောကျေအောင် သိနေသူဖြစ်ဖြစ် ဗိုလ်ချုပ်အသစ်သည် သမ္မတဘုရှ်၏ ပေါ်လစီ အထိန်းအချုပ် လမ်းညွှန်မှုအောက်တွင် နေနေရမည်သာဖြစ်သည်။ ယခု အီရတ်စစ်ပွဲကို ဆင်နွှဲခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီ။ ဘဂ္ဂဒက်မြို့ကို ပြန်လည် သိမ်းပိုက်ထားပြီး ဖြစ်သည်။ ယခုတစ်ဖန် ‘ဘဂ္ဂဒက်တိုက်ပွဲ’ဆိုပြီး စစ်ဆင်ရေးအသစ်တရပ် ဆင်နွဲလာသောအခါ ဘဂ္ဂဒက်ကို သိမ်းပိုက် ထားမှုသည် တရားဝင်ဘိသကဲ့သို့ ဖြစ်သွားသည်။

အီရတ်တွင် ဆူပူသောင်းကျန်းနေသည်မှာ ဘဂ္ဂဒက်မြို့တွင်သာ ဖြစ်သည်။ ဘဂ္ဂဒက်ကို ငြိမ်းချမ်းအောင် ထိန်းနိုင်လျှင် အီရတ်တစ်ပြည်လုံးကို ငြိမ်းနိုင်မည်ဟု ယူဆလိုက်သည်။ ဤယူဆချက်ဖြင့် ဘဂ္ဂဒက်တိုက်ပွဲကို ဒုတိယအကြိမ် ဆင်နွဲတော့သည်။

 

သရော်ချက်လေးပါး

          ပထမဘဂ္ဂဒက်စစ်ပွဲ၌ ဆက်ဒမ်ဟူစိန်၏ အီရတ်စစ်တပ်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ရ သည်။ ယခု ဒုတိယဘဂ္ဂဒက်တိုက်ပွဲတွင်မူ ရှီဟိုက်အုပ်စု အယ်လ်ဆာဒါ လက်နက်ကိုင် အင်အားစုတို့ကို အဓိက ဦးတည်တိုက်သည်။

            ဤတွင် ကမောက်ကမ သရော်ချက်လေးပါး ပေါ်လာသည်။ ပထမသရော်ချက်မှာ ယခု အမေရိကန်တပ်တို့က တိုက်ခိုက်သော အယ်လ်ကေးဒါးအင်အားစုတို့သည် အမေရိကန် ဦးစီး ကျင်းပပြုလုပ်သော ရွေးကောက်ပွဲတွင် အနိုင်ရရှိသူတို့ဖြစ်နေသည်။ သူတို့သည် အီရတ်ပါလီမန် တွင်လည်း ပါဝင်သည်။ အီရတ်အစိုးရအဖွဲ့တွင်လည်း ပါဝင်သည်။

ဒုတိယသရော်ချက်သည် ဆက်ဒမ်ဟူစိန်အား ကြိုးပေးကွပ်မျက်သူ ပါးကွက်အာဏာသားတို့ သည် အယ်လ်ဆာဒါ ရှီဟိုက်အဖွဲ့ဝင်တွေ ဖြစ်လာနေသော အချက်ဖြစ်သည်။ ဆက်ဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်သူ ရှီဟိုက်အင်အားစုတို့သည် ယခု အမေရိကန်တပ်တို့၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီ။ တတိယသရော်ချက်သည် ဆက်ဒမ်ဟူစိန် ကွပ်မျက်ခံရပြီး ရှီဟိုက်ခေါင်းဆောင် အယ်လ်ဆာဒါ၏ အမည်ကို ကွပ်မျက်သူတို့က ကြွေးကြော်စဉ် “အယ်လ်ဆာဒါလဲ ကွပ်မျက်ခံရ မှာပဲ”ဟု ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။ ယခု ဆက်ဒမ်ဟူစိန်၏ တုံ့ပြန်ချက်အတိုင်း အမေရိကန်စစ်တပ်တို့က ဆောင်ရွက်ပေးပုံရသည်။ တစ်နည်းပြောလျှင် ဒုတိယဘဂ္ဂဒက်တိုက်ပွဲ ၌ ရှီဟိုက်တို့ကို တိုက်ပြခြင်းသည် ဆွန်နီတို့ကို ကျေနပ်အောင်ပြုလုပ်ပေးသည့်သဘော ဖြစ်သွား သည်။ တတိယသရော်ချက်သည် အီရတ်ရှိ ရှီဟိုက်အုပ်စုကို တိုက်ခိုက်ပြခြင်းဖြင့် အီရန်(ရှီဟိုက်) တို့ကို ကိုယ်စားလှယ်စစ်ပွဲ Proxy war ဆင်နွှဲလိုက်သလို ဖြစ်သွားသည်။ စတုတ္ထသရော်ချက် သည် အမေရိကန်ဦးစီးပြုလုပ်သော ရွေးကောက်ပွဲတွင် ရှီဟိုက်တို့အများစု  အနိုင်ရရှိသွားသည်။ ယခု ကျန်ရှီဟိုက်အုပ်စုကို တိုက်ပွဲဆင်နွှဲသည်မှာ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးရာလည်း ရောက်သွားသည်။ ယခု အီရတ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်လည်းကောင်း၊ လွှတ်တော်သည်လည်းကောင်း အသက်ဝင်ခြင်းမရှိတော့ပေ။

 

မတူအောင်စဉ်းစား

ဤသရော်ချက်လေးချက်ဖြင့် ပြည့်စုံနေသော ဘဂ္ဂဒက်တိုက်ပွဲကို ဒေါက်တာဘွဲ့ရ ဗိုလ်ချုပ်ကြီးက ဦးစီးဆင်နွှဲသည်ဟု ဆိုပြန်ပါလျှင် ယင်းမှာ သရော်ချက်အသစ်တခု ထပ်မံ တိုးခြင်းသာ ဖြစ်သည်။

            ဗီယက်နမ်စစ်ဘက် သင်ခန်းစာသည် စစ်ပွဲကို အမေရိကန်လူထုကလည်း ထောက်ခံ ရမည်။ စစ်မြေပြင်မှ လူထုကလည်း ထောက်ခံရမည်။ ဗီယက်နမ်စစ်ပွဲတွင် အစပထမပိုင်း၌ အမေရိကန်လူထု၏ ထောက်ခံမှုရသည်။ သို့သော် စစ်ပွဲကာလကြာလာသည်နှင့် အမေရိကန် လူထု၏ထောက်ခံမှု ပြိုလဲသွားသည်။ ဗီယက်နမ်လူထု၏ ထောက်ခံမှုကိုမူ လုံးဝ မရခဲ့ပေ။

            ယခုအီရတ်စစ်ပွဲတွင် အမေရိကန်လူထုထောက်ခံမှုသည် အစကတည်းက ယိုင်လဲနေ ခဲ့သည်။ ယခုဆို ပြောစရာပင် မရှိတော့ပြီ။ အီရတ်လူထု၏ ထောက်ခံမှုတို့ကား မရရှိသလောက် ဖြစ်သည်။ ထို့ကြောင့် လူထုထောက်ခံမှု ဆုံးရှုံးမှုအပိုင်း၌ ဗီယက်နမ်နှင့် အီရတ်စစ်တို့ တူညီ နေသည်။ ထို့ကြောင့် ဇာတ်သိမ်းခန်းသည် တူညီလိမ့်မည်ဟု ပြောသူက ပြောသည်။ သို့ရာတွင် အမေရိကန်ဗိုလ်ချုပ်တို့သည် ဗီယက်နမ်သင်ခန်းစာကို စွဲမြဲနေပါလျက် ကောက်ချက်ဆွဲပုံက တစ်မျိုးဖြစ်နေသည်။ ဗီယက်နမ်စစ်နှင့် မတူအောင် အီရတ်စစ်ကို ဘယ်လိုပွဲသိမ်းမလဲဟူ၍ စဉ်းစားနေကြသည်။

မောင်စူးစမ်း
Ref: Washington Post, General Studies

x x x x x

 

16-2-2007 ရက်နေ့ထုတ် INTERNATIONAL ELEVEN ဂျာနယ်မှ
ကူးယူဖော်ပြသည်။ 

 

 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org