Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အတွေးအမြင်

 

 

မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ်။ “တိုင်းသူ ပြည်သားတွေရဲ့ ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေရင် အများပြည်သူတို့ရဲ့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမို ကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်”။ မြန်မာပြည် လွတ်လပ်ရေးရဖို့ နေ့မအားညမအား ဆောင်ရွက်နေသလို ရှေ့ရေးအတွက်လည်း ကြိုတင် ခန့်မှန်းပြီး ပူပန်ရသေးတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ “ကျွန်မတို့ဟာ နောင်ဒီမိုကရေစီ  ပြည်ထောင်စုသစ်တစ်ခုအဖြစ် ထူထောင်ရေး အတွက် ပင်လုံလိုတိုင်းရင်းသား လူမျိုးစုများ အားလုံးပါဝင်တဲ့ ညီလာခံကြီးတခုခေါ်ဖို့လိုတယ်လို့ ယုံကြည်ပါတယ်။ ဒီလိုညီလာခံကြီးကနေပြီးတော့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဌာန်းမှု စတဲ့ ကိစ္စ တွေကို သေသေချာချာ ဆွေးနွေးပြီးတော့ အားလုံးရဲ့သဘောတူညီချက်အရ အကောင်းဆုံး အဖြေကို ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်”။ အနာဂတ် ပြည်ထောင်စုအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဇယားချနေတယ်။ ဘမျိုးဘိုးတူ ဖအေတူသမီး၊ မဆုတ်မနစ် ကျားကုတ်ကျားခဲ ဒီမိုကရေစီရရှိရေးအတွက် လုပ်နေတဲ့ကြားထဲက စိုးရိမ်ပူပန်မှုတော့ရှိတယ်။       

မြန်မာပြည်ကလည်း အမျိုးသားခေါင်းဆောင်ကြီးတွေ စိုးရိမ်ပူပန်ကြသလိုဘဲ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရကတည်းက ဖွားဘက်တော်ပြည်တွင်းစစ်နဲ့ အတူမွေးဖွားလာခဲ့တာ။ ရန်ကုန်အစိုးရလို့တောင် ခေါ်ခဲ့ရတယ်။ အင်းစိန်ခဝဲခြံဘက်ကို ကရင်က သိမ်းထားပြီး၊ ဟိုဘက် ကမ်းက တညင်၊ ဒလကတော့ ပြည်သူ့ရဲဘော်လက်ထဲမှာ။ ပဲခူးကို ကွန်မြူနစ်က အုပ်ချုပ်နေ တယ်။ “အာဏာသည် သေနတ်ပြောင်းဝမှာရှိတယ်”ဆိုတဲ့ အယူအဆ။ ခေတ်မှီနိုင်ငံရေးသမား တိုင်း သေနတ်ကိုင်ကြသည်လို့ပဲ ပြောရမလား။ တနိုင်ငံလုံး ယမ်းငွေ့ဝေနေခဲ့တာ ယနေ့ထိပါပဲ။ သေနတ်ကျည်ဆံမရှိရင် နိုင်ငံရေးလုပ်လို့ မရကြတော့ဘူး။ ကောင်းဘွိုင်ကားတွေထဲကလို သေနတ်မပါရင် လမ်းတောင်မလျှောက်တတ်ကြတော့ဘူး။ လက်နက်တွေကို ကိုးကွယ်တဲ့ သဘောတရားတခုလိုပဲ သူ့ကိုပဲ မှီခိုအားကိုးနေတတ်တော့တယ်။ ဒါကြောင့်လဲ မြန်မာပြည်မှာ စစ်ဝါဒ၊ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်သူတို့ သွေးနားထင် ရောက်နေကြတယ်၊ သူရဲကောင်း ကယ်တင်ရှင်တွေလို့ ထင်နေကြတယ်။ 

သေနတ်တွေ ပစ်ခတ်နေကြတဲ့ ကြားမှာနေရတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ကျည်ဆံကိုပဲ ကြောက်နေကြရတော့တယ်။ ထိုင်ဆိုရင်ထိုင်၊ ထဆိုရင်ထ၊ လက်ညိုးထောင်ဆိုရင် ထောင်လိုက်၊ ခေါင်းညိတ်စမ်းဆိုရင် ညိတ်သာညိတ်လိုက်။ ဘာမှစောဒကတက်မနေနဲ့။ အသက် နဲ့ခန္ဓာကိုယ် အိုးစားကွဲသွားမယ်။ စေတနာရှင် လုပ်အားပေးဆိုပြီး ပေါ်တာဆွဲ၊ ချွေးတပ်ဆွဲ လည်း လိုက်ရတယ်။ တော်လှန်ရေးရံပုံငွေအတွက်ဆိုလည်း ဒီရွာသားတွေပါပဲ။ မိအေးနှစ်ခါနာ သလား၊ သုံးခါနာသလားမသိဘူး။ အရေထူနေပြီ။ မြန်မာပြည်သူဆိုတာ ဒုက္ခအတွေ့အကြုံ ပင်လယ်ဝေနေတဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ ဘဝရပ်တည်နေရတဲ့ လူသတ္တဝါ။ မသေသေး ခင်တော့ အသက်ရှင်နေတယ်လို့ ပြောရမှာပဲ။

လူတို့ရဲ့မွေးရာပါအခွင့်အရေးကို ဘာနဲ့တိုင်းတာကြသလဲ။ လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသား ဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ပိုင်ခွင့်၊ ဘာအခွင့်အရေး ညာအခွင့်အရေးတွေက သူတို့နဲ့ဘာမှမဆိုင်သလို တစိမ်းပြင်ပြင် ဖြစ် နေကြတယ်။ အထူးသဖြင့် နှစ်ဘက်စစ်ဖြစ်နေတဲ့ စစ်ဆင်ရေးနယ်မြေဒေသတွေမှာ နေထိုင် ကြတဲ့ ပြည်သူတွေရဲ့ဘဝဟာ သူတို့အတွက် ဘဝအာမခံချက် ဘာမှမရှိပါဘူး။ နေ့မြင်ညပျောက် ဖြစ်ကြရတယ်။ အခုဆိုရင် ကရင်ပြည်နယ်တစ်ခုတည်းမှာတောင် ရွာပေါင်း ၃,၀၀၀ ကျော် ရွှေ့ပြောင်းခံရပြီးပြီ။ ကျည်ဆံတွေကြားမှာ မနေနိုင်ကြတော့တဲ့ လူပေါင်း သန်းနဲ့ချီပြီး သူတို့ အလွန်ချစ်မြတ်နိုးတဲ့ မွေးရပ်မြေကို စွန့်ခွာလို့ထွက်ပြေးနေရပြီ။ သေကြေပျက်စီးကြတဲ့ သူတွေ ကတော့ သိန်းနဲ့သန်းနဲ့ချီသော ပြည်သူလူထုက မရေတွက်နိုင်အောင်ပါဘဲ။

မကြာသေးမီက သူ့ရဲ့အသက်ရှင်ရပ်တည်ရေးအတွက် သူမရဲ့မွေးရပ်ဇာတိချက်မြှုပ် ကရင်ကျေးရွာကိုစွန့်ပြီး ထိုင်း-မြန်မာနယ်စပ်အနီး ဒုက္ခသည်စခန်းတစ်ခုကို ကိုယ်ဝန်အရင့်အမာ ကြီးနဲ့ ထွက်ပြေးရောက်ရှိလာတဲ့ ကရင်တိုင်းရင်းသူမလေး ‘အရှာဖော’ကတော့ “ကျွန်မတို့ ဒီရွာ ကိုစွန့်ပြီး ထွက်ပြေးလာရတဲ့ ဒီလမ်းခရီးဟာ အလွန်ခက်ခဲကြမ်းတမ်းလှပါတယ်။ ဒါပေမဲ့ ကျွန်မ တို့ရွာမှာ ဆက်ပြီးနေမယ်ဆိုရင်လည်း ကျွန်မတို့အားလုံးသေရပါလိမ့်မယ်”လို့ဆိုတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တွေကလည်း ဒုနဲ့ဒေး မြန်မာပြည်မှာ ရှိနေပါတယ်။ အခုလို ငြိမ်းချမ်းရေးမရှိတဲ့ အချိန် ကာလ၊ အရပ်ဒေသတွေမှာ ဒီမိုကရေစီရေးဆိုတာ အိပ်မက်တောင်မှ မက်လို့မရနိုင်ပါဘူး။ ဦးချို ရှိသူက ဦးချိုမဲ့သူကိုနိုင်၊ အင်အားကြီးသူက အင်အားနည်းသူကိုနိုင်၊ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့်။ စစ်ဝါဒကြီးစိုးနေတာ ဘာကြောင့်လဲ။ ခေတ်သစ်နာဇီ ဖက်ဆစ် စနစ်ဟာ ဗမာပြည်မှာ အမြစ်တွယ်နေတာ ဘာကြောင့်လဲ။ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ဘဲ ဖြစ်တယ်။ လူတွေရဲ့အလွန်အဖိုးတန်တဲ့ ဦးနှောက်ကို အသုံးချရမဲ့အစား လူသတ်လက်နက်တွေ ကိုသာ အားကိုးနေကြ လို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့နေရာမှာ ဒီမိုကရေစီရေးဆိုတာဟာ ရေပေါ်အရုပ်ရေးသလို အရာထင်မှာမဟုတ်ပါဘူး။ 

“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်နဲ့ တွန်စေကစေ သော” ငြိမ်းချမ်းရေးအဖိုးဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးစားခဲ့ မှုတောင်မှ ဗမာပြည်မှာ အရာမထင်ဖြစ်ခဲ့တဲ့ သာဓကတွေရှိနေလေရဲ့။ စစ်ရဲ့အနိဌာရုံကို ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ ခံစားရတဲ့သူတိုင်း ငြိမ်းချမ်းရေးကို လိုလားတမ်းတကြတဲ့ သူတွေ ချည်းပါပဲ။ ဒီမိုကရေစီအရေးကို အမှန်တကယ်လိုချင်သူတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမှာဖြစ်ပါတယ်။ 

သေနတ်နဲ့ထောက်ပြီး ရွေးကောက်ပွဲမဲရုံထဲကို ခေါ်သွားလို့ ဒီမိုကရေစီမရနိုင်ပါဘူး။ ပြည်သူတွေခံစားနေရတဲ့ အကြောက်တရားကို ဖယ်ရှားပေးကြပါ။ ထမင်းလုံးတစေခြောက်လို့ အိပ်မပျော်တဲ့ညတွေကို အဆုံးသတ်ပေးဖို့ သံလွင်ခက်နဲ့ ဂျိုးဖြူငှက်လေးကို အသက်ဆက်ရှင်ခွင့် ပေးပါ။ ဂျိုင်းထောက်နဲ့ စစ်သားတွေ၊ ဗိုက်မှောက်နေတဲ့ ပြည်သူတွေအတွက် အလိုအပ်ဆုံး၊ အလိုချင်ဆုံးကတော့ ငြိမ်းချမ်းရေးမှ ငြိမ်းချမ်းရေးစစ်စစ်ပါဘဲ။

လွတ်လပ်ရေးမရခင် ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ဖို့အတွက် (ဖဆပလ)အဖွဲ့ချုပ် ကြီးကို စတင်တည်ထောင်ခဲ့ကတည်းက ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ အလုပ်သမားအဖွဲ့၊ လယ်သမားအဖွဲ့၊ ဟိုလူ၊ သည်လူ၊ ဘာအဖွဲ့၊ ညာအဖွဲ့တို့ကို ပွယောင်းယောင်းနဲ့ စုပေါင်းဖွဲ့စည်း ထားတော့ သိပ်မကြာလိုက်ဘူး။ ကွဲဟယ် ပြဲဟယ်၊ အဖွဲ့လိုက်ခွဲထွက်လိုက်နဲ့ ကျစ်ကျစ်လစ်လစ် မရှိခဲ့ကြ။ ဘယ်သူမှ သွေးထိုးသွေးခွဲလို့မဟုတ်ဘူး။ ဗိုလ်၊ သခင်၊ ဆရာ၊ ခေါင်းဆောင်တွေ နေရာ လု၊ ခွက်စောင်းခုတ်။ သူတလူငါတမင်း ဗိုလ်တထောင်အုပ်စုတွေ။ မြန်မာ့လွတ်လပ်ရေးဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်းလဲမရှိရော သန့်ရှင်း၊ တည်မြဲ၊ ပမညတနဲ့ ထပ်ကွဲလိုက်ကြတာ မရေ တွက်နိုင်တော့ပါဘူး။ ခေါင်းဆောင်တွေ စမန်ခုတ်ကွဲကြတော့ အောက်ခြေအဖွဲ့ဝင် ရဲဘော်တွေ ကလည်း သူ့ဆရာ၊ ငါ့ဆရာနဲ့ ဂိုဏ်းဂဏစွဲ၊ ဆရာတပည့်အစွဲနဲ့ ကွဲကြပါလေရော။ ကွဲပြီးရင်း ကွဲရင်းနဲ့ အကွဲသံသရာ မဆုံးနိုင်တော့တာ အခုထိဘဲ။ ဆွဲစိလို့ကို မရတော့ပါဘူး။

၁၉၉၀ ခု ရွေးကောက်ပွဲတုန်းကလည်း ပါတီပေါင်း ၂၀၀ ကျော်ရှိတာ ဘယ်သူက ဘယ် ပါတီ ဘာလုပ်တယ်လို့ မသိလောက်အောင် မျက်စိလည်တယ်။ မှန်ကန်သော ခေါင်းဆောင် ကောင်း၊ နောက်လိုက်ကောင်း ဆိုတာကိုလည်း နားမလည်ကြဘူး။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ ကို ဒီမိုကရေစီနည်းကျ ဝေဖန်ပြောဆိုလို့မရဘူး။ အဓိကတော့ ပါတီအဖွဲ့အစည်းခေါင်းဆောင် တွေရဲ့ ငါတကော အတ္တကြီးမှုတွေကြောင့် အကွဲအပြဲဖြစ်ကုန်ကြတာများပါတယ်။ သူတော်တယ်၊ ငါကောင်းတယ် ခြေရာတိုင်းတာကြ။ အမြီးအတိုအရှည်နဲ့ ညှိလို့ကို မရတော့ဘူး။ သူတလူ ငါတမင်းနဲ့ ကိုယ့်အချင်းချင်းကို ပြိုင်လို့၊ တိုက်လို့ကို မဆုံးနိုင်တော့ပါဘူး။

ဒီလိုအဖွဲ့အစည်းတွေရဲ့ အက်ကြောင်းတွေကို အချောင်သမားတွေကလည်း ခြေထိုး ကြတာပဲ။ အစိပ်စိပ်အမွှာမွှာခွဲလို့ ကုန်ကြတော့တာပါဘဲ။ တိုင်းရင်းသား လူမျိုးစုအချင်းချင်းတွေ ကိုလည်း အမျိုးဝါဒဖြန့်သွေးခွဲခဲ့ကြတော့ ရိုးသားလှတဲ့ တိုင်းရင်းသားတွေရဲ့ အသည်းနှလုံးထဲ မှာ မုန်းတီးမှုတွေ၊ နာကြည်းမှုတွေ သံမှိုစွဲနေပြီ။ အခုလည်း တော်လှန်ရေးသက်တမ်း အရှည် ဆုံးနဲ့ အခိုင်အမာဆုံးဖြစ်တဲ့ ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့ကို အာမခံချက်မရှိတဲ့ ငြိမ်းချမ်း ရေးအတုအယောင် ဗန်းပြပြီး သွေးခွဲခံလိုက်ရတာ အလွန်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။ ကရင်ဗုဒ္ဓဘာသာငြိမ်းချမ်းရေးအဖွဲ့၊ ဖဒိုအောင်ဆန်းရဲ့ ကရင်ငြိမ်းချမ်းရေးအဖွဲ့၊ ဟောင်သရော ဒေသ ဗိုလ်မှူးကြီး စောသမူဟဲရဲ့ ကရင်ငြိမ်းချမ်းရေးအဖွဲ့နဲ့ အခုနောက်ဆုံး ဗိုလ်ချုပ်ထိန်မောင် ရဲ့ ကရင်ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီး မိခင် KNUအဖွဲ့ကို ခြေကန်ခွဲထွက်သွားကြတယ်။ တံလျှပ်ကို ရေထင်ကြပေမဲ့ ပထွေးကတော့ အဖေရင်းလောက် ကောင်းနိုင်မယ်မထင်ဘူး။ ကရင်တင်မက ပါဘူး၊ ကချင်မှာလည်း KIO အဖွဲ့၊ မထုနော်အဖွဲ့၊ အထူးဒေသအဖွဲ့၊  ဘာညာအဖွဲ့နဲ့ ခွဲထွက်လာကြ တယ်။ ‘ဝ’အဖွဲ့၊ ကိုးကန့်အဖွဲ့နဲ့ SSA ဘယ်ဒေသ၊ ဘယ်အပိုင်စား စသည်ဖြင့်ပေါ့။ ဘာသာရေးနဲ့ သွေးခွဲ၊ လူမျိုးရေးနဲ့သွေးခွဲ၊ နယ်မြေဒေသနဲ့သွေးခွဲ။ အချောင်သမားတွေအတွက်တော့ စားပေါက်ချောင်သွားတယ်။ တိုင်းရင်းသားတို့ရဲ့ရိုးသားမှုကို ခုတုံးလုပ်၊ အခွင့်ကောင်းယူသွား ကြတယ်။

ညီညွတ်ရေးတည်ဆောက်လို့မရဘဲ ကွဲကြပြဲကြတယ်ဆိုတာကလည်း ထိပ်ပိုင်း ခေါင်းဆောင်တွေ ထိုင်ခုံနေရာလု အဆင်မပြေကြလို့သာ ဖြစ်ကြရတာများပါတယ်။ အောက်ခြေ ငယ်သား ရဲဘော်အများစုကတော့ ချစ်ချစ်ခင်ခင် နေချင်ကြပါတယ်။ အချို့ဒေသတွေမှာ ငြိမ်းချမ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက အောက်ခြေရဲဘော်တွေ ရွာထဲမှာ အတူတူနေ၊ ထမင်းအတူတူစားနေကြတာကို တွေ့ရပါတယ်။ အတူတူပဲ တစ်ဝိုင်းတည်း အရက်သောက်နေကြ သေးတယ်။ အောက်ခြေရဲဘော်တွေမှာတော့ ညီအစ်ကိုရေ၊ ယောက်ဖရေနဲ့ သိပ်ပျော်ဖို့ကောင်းပါ တယ်။ အမျိုးသားရေးကို မှန်မှန်ကန်ကန်တွေးဖို့၊ အမျိုးသားရန်သူကို ရှုမြင်တတ်ဖို့လိုပါတယ်။

ငြိမ်းချမ်းရေးမရှိတဲ့နေရာမှာ ဒီမိုကရေစီမရှိနိုင်သလို၊ ညီညွတ်ရေးမရှိရင်လည်း ငြိမ်းချမ်းရေးဟာ ရေရှည် တည်တန့်ခိုင်မြဲနိုင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ဆိုတာ ဒီမိုကရေစီရေးအတွက် အပြန်အလှန် အညမည မှီခိုနေကြတာပါ။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေဟာ ညီညွတ်ရေးတည်ဆောက်ကြဖို့ အရေးကြီးပါတယ်။ သူသာတယ်၊ ငါသာတယ် ငြင်းခုန်နေကြမဲ့အစား အလုပ်ဖြစ်နိုင်မဲ့ ကိစ္စရပ်များကို အတူတူတွဲလုပ်ကြရမှာ ဖြစ်ပါတယ်။ သဘောထားခြင်းမတိုက်ဆိုင်ရင်လဲ မတူတာခွဲလုပ်ကြလို့ရတာပါပဲ။ မိမိရဲ့ အယူအဆ၊ သဘောဆန္ဒတွေကို ရှေ့တန်းမတင်ဘဲနဲ့ အများဆန္ဒကို လေးစားလိုက်နာဖို့ကို ပါးစပ်က အော်နေမဲ့အစား အများပြည်သူအတွက် အမှန်တကယ် စေတနာထားဖို့၊ လုပ်ချင် တာထက် လုပ်သင့်တာကို ဦးစားပေးကြပါလို့။

မြန်မာပြည်သူဆိုတာ ဒုက္ခနဲ့ အမွှာမွေးဖွားလာရတာပါ။ ငယ်စဉ်အခါ ပညာရှာဖို့က လည်း မိဘတွေက အူမ မတောင့်ခဲ့လို့ အရွယ်မရောက်ခင်ကတည်းက ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ကလေးသူငယ် အလုပ်သမားလေးတွေရဲ့ဘဝ။ ကိုယ့်ထမင်း ကိုယ်စား ကြီးတော်နွားကျောင်းရတဲ့ စေတနာရှင် လုပ်အားပေးကတမျိုး။ ချွေးတပ်စခန်းတွေမှာ ကျေးပိုင်ကျွန်ပိုင်ခေတ်ကလို အနိဌာရုံတွေနဲ့။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်၊ ပြေးနိုင်မှ လွတ်နိုင်မယ်။ မိမိအသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ စစ်ပြေးဒုက္ခသည်ကလည်း ထောင်သောင်း မက။ ငါ့သားရွှေတောင် ပညာတတ် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်စေချင်ခဲ့ပေမဲ့ အမေက မွေး၊ ထောင်ကကျွေးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရှည်လများ၊ တသက်တစ်ကျွန်း ပြစ်ဒဏ်တွေ နဲ့။

ဥရောပပါလီမန် စစ်တမ်းအရ မြန်မာပြည်ဟာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံ အဖြစ် သတ်မှတ်ခံရတယ်။ အဏုမြူလက်နက်နဲ့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယား ထက် ဆိုးတယ်။ (ICRC) ကြက်ခြေနီအဖွဲ့တောင်မှ အကန့်အသတ် အချုပ်အချယ်နဲ့ နေရတယ်။ (ILO) ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကလည်း နိုင်ငံတကာတရားရုံးမှာ တရားစွဲဖို့ ခိုင်လုံတဲ့ အထောက်အထားတွေကို ရှာဖွေနေပြီ။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်အတွက်။ ရာဇာလီအစ္စမေးလ်တို့၊ ဂန်ဘာရီတို့လို ကုလသမဂ္ဂကိုယ်စားလှယ်ကြီးတွေကလည်း ချောင်းပေါက်မတတ် အခေါက် ခေါက် အခါခါ ညှိနှိုင်းနေလိုက်ကြတာ အထွေထွေအတွင်းရေးမှူးချုပ်သာ အစဉ်အဆက် ပြောင်းလဲသွားကြတာ။ လုံခြုံရေးကောင်စီမှာတော့ တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာအရေးကို ဗီတိုအာဏာသုံးခဲ့တယ်။

မြန်မာပြည်သူတို့ရဲ့ ဆင်းရဲဒုက္ခအပေါင်း ချုပ်ငြိမ်းဖို့ကတော့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး၊ မြန်မာပြည်ဒီမိုကရေစီ ကျယ်ပြန့်ထွန်းကားလာရေးပဲဖြစ်ပါတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ကြရာမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် နိုင်ငံရေးစားပွဲဝိုင်းမှာ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးရေး အကောင် အထည်ဖော်ကြပါမယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ တစ်ယောက်တစ်ပေါက်မဖြစ်စေဖို့ ကိုယ်စားပြု ခေါင်းဆောင်တွေကို ရွေးချယ်ကြရတော့မယ်။ အများပြည်သူအတွက် မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်မဲ့သူ၊ ကိုယ်ကြိုးမဖက်ဘဲ အနစ်နာခံနိုင်မဲ့သူ။ အခုဆိုရင် မြန်မာပြည်မှာ ငြိမ်းချမ်းရေး အဖွဲ့အစည်း (၁၉) ဖွဲ့နဲ့ အဖွဲ့ငယ်ပေါင်း မြောက်များစွာတို့ဟာ တဦးတယောက်၊ တစ်စုတဖွဲ့ အကျိုးစီးပွားအတွက်သာဖြစ်ခဲ့ပြီး အများပြည်သူအတွက် ကိုယ်စားမပြုနိုင်ခဲ့ကြပါဘူး။ ငြိမ်းချမ်း ရေးအဖွဲ့အမည်ခံ ခေါင်းဆောင်အချို့တွေ တိုက်ဆောက်၊ ကားစီးနေကြတဲ့အချိန်မှာ ပြည်သူ လူထုက ဗိုက်မှောက်လို့ ငတ်မြဲအတိုင်းပါဘဲ။ ဝမ်းလျှားမှောက် တံတားခင်းပေးပြီး လှေခါးထစ် အဖြစ် ကုန်းပိုးပေးထားတဲ့ ပြည်သူ့ရဲ့မျက်နှာကို ခြေထောက်နဲ့ မကန်မိကြပါစေနဲ့။ ကိုယ့်မိန်းမ စိန်နားကပ်ပန်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးအမည်ခံ မျက်စမပစ်ကြပါနဲ့။

ပြည်သူ့ကိုယ်စားပြု စစ်မှန်သောခေါင်းဆောင်များကို ရွေးချယ်ကြပါစို့။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြပါစို့။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပါ၊ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် General Amnesty ဆောင်ရွက်ပေးပါ။ တွေ့ဆုံဆွေးနွေးပွဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာကြမယ့် တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လွတ်လပ် စွာ သွားလာလှုပ်ရှားနေထိုင်ဖို့အတွက် Peace Call ငြိမ်းချမ်းရေးခေါ်ပါ။ မြန်မာပြည် အေးချမ်း သာယာရေးကို ရှေ့ရှုလို့ ၁၉၉၀ ခု၊ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများကိုယ်တိုင် မြန်မာပြည်အရေးကို နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးစားပွဲဝိုင်းမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာကြပါ။ အနာဂတ်မှာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ... ။

x x x x x

 

 

 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org