|
ကမ္ဘာသူကမ္ဘာသားအားလုံးကို လေးစားစွာဖိတ်ခေါ်ချင်ပါတယ်။ မြန်မာပြည်သူပြည်
သားတို့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ အဖြစ်အပျက်၊
အကြောင်းအရာများနဲ့ လူသားတဦးတယောက်အနေနဲ့ မွေးရာပါရပိုင်ခွင့်
အခွင့်အရေးတို့ ဘယ်လောက်တောင် ကွာဟ နေပြီလဲဆိုတာတွေကို ကိုယ်တိုင်
တွေ့ကြုံမြင်တွေ့ခံစားစေချင်ပါတယ်။
မင်းဟာပိုက်ဆံမရတဲ့ အဓမ္မ အလုပ်ခိုင်းစေခြင်းကို ခံနိုင်ပါ့မလား။
မြန်မာပြည်သူပြည်သားတွေဟာ ပိုက်ဆံမရဘဲ ကြီးတော်နွားကျောင်းနေရတဲ့ အလုပ်
တွေကလဲ ဒုနဲ့ဒေးရှိနေခဲ့ပါတယ်။ လမ်းဖောက်ဖို့၊ စစ်စခန်းဆောက်ဖို့၊
အခြေခံအဆောက်အအုံ များ တည်ဆောက်ဖို့နဲ့ အခိုင်းခံ ကျေးကျွန်များကဲ့သို့
နေထိုင်နေရပါတယ်။ နွေရာသီနေ့လည်ခင်း နေအပူဆုံးအချိန်
နေရောင်အောက်မှာတောင်မှ ဒေသဆိုင်ရာ အာဏာပိုင်တို့ရဲ့အမိန့်နဲ့ ရွာသူ
ရွာသားတွေဟာ အခမဲ့ လုပ်အားပေးဆိုပြီး ဆည်မြောင်း၊ တူးမြောင်းတွေကို
တူးခိုင်းနေတာကို ခံနေကြရပါတယ်။ ခြေတလှမ်းတိုင်းတလှမ်းတိုင်းမှာ
အရိုက်ခံရ၊ အထိုးအကြိတ်၊ အကန်အကျောက် ခံရပြီး လူထက်အဆမတန်ကြီးလေးတဲ့
ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်း ထမ်းရွက်လျှောက်လှမ်းနေရတဲ့
စစ်ဆင်ရေးလုပ်သားလို့ခေါ်တဲ့ ပေါ်တာအထမ်းသမားတွေရဲ့ ဘဝတွေဟာ အများအပြား
ရှိနေခဲ့ပါတယ်။ ဥပဒေစာအုပ်ထဲမှာတော့ အဓမ္မအလုပ်ခိုင်းစေမှု
မရှိစေရလို့ဆိုထားပေမဲ့ လက်တွေ့အပြင်မှာတော့ သေနတ်နဲ့ထောက်ပြီး
ခိုင်းနေကြတော့လဲ ရွံကြောက်ကြီးနဲ့ လုပ်ပေးနေကြရပါတယ်။
မြန်မာပြည်မှာရှိတဲ့ လူနဲစု တိုင်းရင်းသားမျိုးနွယ်စု တို့ရဲ့ ၃၀%
လောက်ဟာ ဒီသံသရာစက်ဝန်းကြီးအတွင်းထဲမှာ ကျင်လည်နေကြရပါတယ်။
မင်းရဲ့အိုးအိမ်တွေကိုအတင်းအဓမ္မရွှေ့ပြောင်းခံနိုင်ပါ့မလား။
ရာပေါင်းထောင်ပေါင်းများစွာသော လူနဲစုတိုင်းရင်းသားပြည်သူတို့ဟာ
သူတို့ရဲ့ ချစ်လှစွာသော မွေးရပ်ဇာတိမြေများကို စွန့်ခွါလို့
နေ့စဉ်နှင့်အမျှ ရွှေ့ပြောင်းခံနေကြရပါတယ်။ အတိုက်အခံ
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ဖြတ်(၄)ဖြတ်စစ်ဆင်ရေး
နည်းဗျူဟာများနဲ့ တိုက်ဖို့ဆိုပြီး တရွာလုံးကို ပြားပြားဝပ်
ဖျက်ဆီးပစ်တယ်။ မီးရှို့ပစ်တယ်။ ပြည်သူတွေပိုင်ဆိုင်တဲ့
ဥစ္စာဓနငွေကြေးတွေကိုလည်း လုယက်ကြတယ်။ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို
မခံနိုင်ကြတဲ့အဆုံးတော့ အသက်လုပြီး တခြားနိုင်ငံတွေကို
ထွက်ပြေးတိမ်းရှောင်ကြရ တဲ့ ရာပေါင်း၊ ထောင်ပေါင်း များစွာသော
ဒုက္ခသည်များဟာ ဒုနဲ့ဒေးရှိနေခဲ့ကြတယ်။ စစ်အစိုးရ ရဲ့
ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖေါက်မှုတွေကတော့
ဘုရားမရှိ တရားမရှိ၊ တရားဥပဒေဘောင် စည်းလွတ်ဝါးလွတ်နဲ့
မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေမှု တွေ၊ ဘိုးဘွားပိုင်မြေယာတွေကို
ပြည်သူပိုင်၊ နိုင်ငံပိုင်ဆိုပြီး အသိမ်းခံနေရတာတွေဟာ
မရေမတွက်နိုင်အောင်ပဲ ရှိနေခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လက
ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတခုကို ရောက်ရှိလာတဲ့
ကုရင်ဒုက္ခသည်တယောက်ကတော့ သူ့ရဲ့ တွေ့ကြုံခံစားချက်တွေကို
ပြောပြနေပါတယ်။
“ဒီစစ်အစိုးရဟာ ပြည်သူလူထုကို ဒုက္ခရောက်စေမဲ့၊ ပြည်သူလူထုကို ဘဝကံကြမ္မာ
အဖြစ်ဆိုးတွေ ဖြစ်ပွားစေမဲ့ မကောင်းမှုမှန်သမျှကို အကုန်လုပ်ပါတယ်။
စားစရာဆန်မရှိဘူး၊ တရားဥပဒေမရှိဘူး၊ တရားရုံးမရှိဘူး၊ ပြီးတော့
အကာအကွယ်ပေးမဲ့ ကယ်တင်ရှင်လဲ မရှိသေး ဘူး”
ကဗျာတွေ၊
စာတွေရေးလို့ ထောင်ထဲမှာနှစ်ပေါင်းများစွာ ပိတ်လှောင်ထားခြင်း
ခံနိုင်ပါ့မလား။
ထောင်ပေါင်းများစွာသော အစိုးရကို ဝေဖန်နေကြတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာ
တွေ၊ သမိုင်းဆရာတွေဟာ လူ့အခွင့်အရေးကာကွယ်ဖို့အတွက် ငြိမ်းချမ်းသာယာသော
လူ့ဘောင်ကြီးတည်ဆောက်ဖို့အတွက် အကျဉ်းထောင်များရဲ့ နံရံလေးဘက်ကြားမှာ
နိုင်ငံရေး အကျဉ်းသားများအဖြစ်နဲ့ နှစ်ပေါင်းများစွာ
အကျဉ်းကျခံနေကြရပါတယ်။ ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့
တောင်းဆိုတိုက်တွန်းနေကြတဲ့သူတွေ၊ စစ်အစိုးရအာဏာပိုင် တို့ရဲ့
လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖေါက်နေမှုများကို ကုလသမဂ္ဂသို့
တင်ပြတောင်းဆိုရာ တွင် ဦးဆောင်နေတဲ့သူတွေတောင်မှ အခုဆိုရင်
ထောင်ကျကုန်ကြပြီဖြစ်ပါတယ်။ ထိတ်လန့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့
ထောင်တွင်းအခြေအနေတွေကတော့ ထောင်အာဏာပိုင် တို့ရဲ့ ကုသမှုအောက်မှာ
နေ့စဉ်နှင့်အမျှ လူတွေ သေကြေပျက်စီးနေရတာတွေကို တွေ့မြင်ရမှာ
ဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ခြယ်သော ဥပဒေနဲ့ နှိပ်ကွပ်ဖိနှိပ်နေကြသော
စစ်အာဏာပိုင်များဟာ ထောင်ပေါင်းများစွာသော အဖိနှိပ်ခံပြည်သူများကို
နိုင်ငံရေးအကျဉ်းသားများအဖြစ် နံရံ လေးဘက်လေးတန်များကြားမှာ
ရောက်ရှိနေထိုင်ရစေမဲ့ တရားဥပဒေ စနစ်ဆိုးကြီးကိုတော့
ပြဌာန်းခွင့်ပြုထားခဲ့ပါတယ်။လူတို့ရဲ့ အခြေခံရပိုင်ခွင့်
မွေးရာပါအခွင့်အရေးများရရှိဖို့အတွက် ငြိမ်းချမ်းစွာ
ဆန္ဒပြတောင်းဆိုခဲ့တဲ့ သူတွေကို နှစ်ပေါင်း (၁၀၆)နှစ်အထိ တဦးတည်း
အထီးကျန်စွာ ထောင်သွင်းအကျဉ်းချထားစေခဲ့ပါတယ်။
ဘယ်တရားရုံးမှလည်း မရောက်၊ ဘာကြောင့်ဖမ်းမှန်းကိုမသိရဘဲ
နှစ်ပေါင်းများစွာ အထိန်းအသိမ်းခံနိုင်ပါ့မလား။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တရားရုံးမှလည်း ရုံးမထုတ်၊ ဘာပုဒ်မမှလဲ
တတ်မထားဘဲနဲ့ နေအိမ်မှာပဲ အကျယ်ချုပ် ဖမ်းဆီးချုပ်နှောင်ထားတာဟာ
ဆယ်စုနှစ်တွေကျော်ခဲ့ပါပြီ။ ဘယ် တရားရုံးမှလည်း သွားစရာမလို၊
ဘယ်ပုဒ်မနဲ့မှလည်း စွဲချက်တင်စရာမလိုဘဲနဲ့ နေအိမ်မှာသော် လည်းကောင်း၊
အကျဉ်းထောင်ထဲမှာသော်လည်းကောင်း၊ ဖမ်းဆီးထိန်းသိမ်းထားပိုင်ခွင့်
ရှိသည် လို့ဆိုတဲ့ စစ်အစိုးရရဲ့ ဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတာ
ဖြစ်တယ်တဲ့။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံး ၈၀% ကျော်
အနိုင်ရရှိခဲ့တဲ့ သူမဦးဆောင်သော အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်နေပါတယ်။
ဒီမိုကရေစီရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့
သူတွေကိုလည်း နိုင်ငံရေးအကျဉ်းသား များအဖြစ် နှစ်ပေါင်းများစွာ
ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ထောင်ကျသက် နှစ်စေ့ပြန်ရင်လဲ လွှတ်
မပေးသေးဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့ ဥပဒေဆိုတာကိုလည်း
ပြဌာန်းထား လိုက်ကြပါသေးတယ်။
စစ်ပုလိပ်၊
စစ်ထောက်လှမ်းရေးတို့ရဲ့ သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မဲ့ ဒဏ်ကို
ခံနိုင်ပါ့မလား။
ညှင်းပန်းနှိပ်စက်မှုနဲ့ ဆေးကုသမှု မဲ့နေတယ်ဆိုတာ
မြန်မာပြည်နေရာတိုင်းမှာ ကြုံတွေ့ နေရတဲ့ ဘုံအဖြစ်အပျက်တခုလို
ဖြစ်နေပါပြီ။ ရာဇဝတ်မှုများမှာ သံသယဖြစ်လို့ အစွပ်စွဲခံနေရတဲ့ သူတွေ၊
နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားလူနဲစု လယ်သမားကြီးတွေနဲ့
စစ်အစိုးရ အဖွဲ့ဝင်ဟောင်း ဝန်ကြီးပြုတ်တွေ၊ အရာရှိကြီးဟောင်းတွေတောင်မှ
အထူးရဲတပ်ဖွဲ့ပုလိပ်များနဲ့ စစ်ထောက်လှမ်းရေးတို့ နှစ်ဖွဲ့စလုံးရဲ့
စစ်ကြောရေးခန်းတွေမှာ သတင်းအချက်အလက် အဆက်အသွယ်တွေ ဖေါ်ထုတ်ရရှိဖို့နဲ့
စွဲချက်တင် ရုံးတင်စစ်ဆေးဖို့ဆိုပြီး လူမဆန်စွာ ညှဉ်းပန်း
နှိပ်စက်ကြတာတွေကို မချိမဆန့် ခံစားကြရပါတယ်။ ညှဉ်းပန်းနှိပ်စက်ခံရတာ
လက်လွန်လို့ သေသွားတဲ့မသာတွေကလည်း ဘယ်နှစ်ယောက်ရှိမှန်းတောင်
မသိကြတော့ပါဘူး။ လက်နက် ကိုင်စစ်ဆင်ရေးလုပ်နေကြတဲ့ နယ်မြေတွေမှာရှိတဲ့
အပြစ်မဲ့ပြည်သူများရဲ့အလောင်းတွေကို အထပ်လိုက်အပုံလိုက်
မြင်တွေ့ကြရမှာဖြစ်ပါတယ်။
မင်းဘာလုပ်လုပ် ညှဉ်းပန်းနှိပ်စက်ခံရမယ်၊ ထောင်ချခံနေနိုင်ပါ့မလား။
မင်းမှာ
ဘာအတွက်မှ ဆင်ခြေပေးပိုင်ခွင့်မရှိဘူး။ ပါတီနိုင်ငံရေးသမားတွေကို
တားဆီး ကန့်သတ်ထားတာတွေ၊ တရားရုံးမပို့ဘဲ ထောင်ချထားတာတွေ၊
ထောင်တွင်းမှာ ပကတိဖြစ်ပျက် နေတဲ့ အခြေအနေအကြောင်းအရာတွေ၊
ညှဉ်းပန်းနှိပ်စက်ခံနေရမှုအကြောင်းတွေ၊ အဓမ္မ
အလုပ်ခိုင်းစေနေမှုအကြောင်းတွေ စသည်ဖြင့် မြန်မာပြည်တွင်းက
လူ့အခွင့်အရေး ချိုးဖောက် နေမှု အနိဌာရုံတွေကို ရေးမယ်၊
ပြောမယ်ဆိုရင်တော့ သည်လိုလူတွေဟာ ထောင်ထဲကကို ထွက်ရတော့မှာ
မဟုတ်တော့ပါဘူး။ စစ်တရားရုံးဆိုတာကလဲ တရားခံတယောက်ရဲ့ အခွင့်
အရေးတွေကို ဥပဒေကြောင်းအရ ခုခံကာကွယ်ဖို့၊ ရှေ့နေတို့၊
သက်သေတို့ကိုလည်း ခေါ်ယူခွင့် မရှိပါဘူး။ သူတို့ရဲ့ ဒီလိုပြင်းထန်တဲ့
လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုတွေကို မမြင်သလို မသိသလိုနဲ့
ခွင့်လွှတ်နိုင်မယ်ဆိုရင်တော့ အာဏာပိုင်များဟာ ပျော်ရွှင်သဘောကျလို့
လက်သတ် မွေးနေကြပါတော့တယ်။ ဒီလိုမှမဟုတ်ပဲ
မြန်မာပြည်သူတွေဆီကပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂလို နိုင်ငံတကာ
အဖွဲ့အစည်းများကပဲဖြစ်ဖြစ်၊ နိုင်ငံရေးဝါဒဖြန့်
လှုပ်ရှားနေသူတွေဆီကပဲဖြစ်ဖြစ် လူ့အခွင့်အရေး
အကြမ်းဖက်ချိုးဖောက်နေမှုများကို အစီရင်ခံ ဖော်ပြနေမယ်ဆိုရင်တော့
အမြဲတမ်း ဗြောင်ညင်းဆန်နေလေ့ရှိတဲ့ စစ်အာဏာပိုင်တို့ရဲ့ အရှက်မရှိတဲ့
ရပ်တည်ချက် အယူအဆများပင် ဖြစ်ပါတယ်။
(နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော
လူ့အခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုများကို အကြမ်းဖျင်းဖေါ်ပြထားခြင်း
ဖြစ်ပါသည်။ မွေးရာပါ အခြေခံလူ့အခွင့်အရေး များကို ကာကွယ်ဖို့၊
တည်ဆောက်ဖို့အတွက် ကမ္ဘာနှင့်အဝှမ်း သက်ဆိုင်ရာ အစိုးရများကို
စည်းရုံးကြပါ၊ လှုံ့ဆော်ကြပါ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး
ရပိုင်ခွင့်များ တည်ဆောက်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံများတွင်ရှိကြသော
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရုံးများနှင့် ဆက်သွယ်
ပူးပေါင်းဆောင်ရွက် ကြပါ။)
x x x x x
[နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ Nic Dunlop ၏ စာတမ်းကို
ဘာသာပြန်ဆို မှီငြမ်းပါသည်။]
လွင်မောင်သန်း
|