Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

အတွေးအမြင်

 

တွေ့ဆုံဆွေးနွေးညှိနှိုင်းတာ ဖြစ်အောင်လုပ်ရမယ်

ဗသြ

နအဖမီဒီယာတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့အရေးတော်ပုံကို ကြံဖန်လည်ဆယ် အပုပ်ချတိုက်ခိုက်နေကြတယ်။  ဒါ မဆန်းဘူးလို့ပြောနိုင်တယ်။ သဲသဲမဲမဲပဲ။ ဒါပေမဲ့ နပြာကြီး အောက်သွားမရှိတာကိုတော့ ဘယ်လိုမှ ဖုံးမရဘူး။ ဟိုလူက ခေါင်းခေါက်မာန်လိုက်၊ ဒီလူက ကျောသပ်ဆုံးမလိုက်၊ သကာရည်လူးထားတာနဲ့ လူးမထားတာပဲကွာတယ်။ တကမ္ဘာလုံးက ဝိုင်းပြီး ပညာပေးနေကြတာတွေကို မျက်ထောင့်နီကြီးနဲ့ ငုံ့ခံနေရတယ်။

            နိုင်ငံတကာနယ်ပယ်မှာ ဒီနေ့လောက် နိုင်ငံရေးအရ နအဖ ခံစစ်ရောက်တာ မရှိသေး ဘူးလို့ ဆိုနိုင်တယ်။ သူတို့ မောက်မောက်မာမာ မောင်းထုတ်ခဲ့တဲ့ ပီညဲရိုးကို သွားဖြီးလေးနဲ့ ပြန်ကြိုနေရပြီ။ ဂမ်ဘာရီကိုလည်း တစ်လလောက်အတွင်း ထပ်လာတာကို လက်ခံနေရတယ်။ နောက်ဆုံး ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြင်ထုတ်လာရတယ်။ ဒါတွေဟာ နအဖစစ်အစိုးရအနေနဲ့ သံဃာ့အရေးတော်ပုံနဲ့ နိုင်ငံတကာဖိအားကို အသိအမှတ်ပြု၊ အလျှော့ ပေးနေရတာဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး။

            ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေကျင်းတန်းလန်းနဲ့ ရုံးထွက်ရတဲ့ တရားခံလို ဖြစ်နေတယ်။ ဗိုလ်အောင်ကြည်နဲ့ထိုင်ကြတော့ ကင်မရာတွေတဖြတ်ဖြတ်၊ လူတွေတရုန်းရုန်းနဲ့။ ဒါပေမဲ့ ဒါဟာ တဒင်္ဂကိစ္စ၊ ပြီးတာနဲ့ သူ့ရဲ့တကိုယ်တော်အိမ်ချုပ်ဆီ ပြန်ဝင်သွားရတယ်။ ထောင်ဝင်စာလာတွေ့တာနဲ့ မထူးလှဘူး။ ရေးထားသည်ဖြစ်စေ၊ ရေးမထားသည်ဖြစ်စေ၊ ထုတ်ပြောသည်ဖြစ်စေ၊ ထုတ်မပြောသည်ဖြစ်စေ ငါတို့စိတ်ကြိုက်မတွေ့ရင် အပြင်လောကကို မထွက်ရဘူးဆိုတဲ့ ခြိမ်းခြောက်မှုဟာ ဒီတွေ့ဆုံမှုမှာ အထင်အရှား လွှမ်းမိုးနေတယ်။

           တန်းတူ ရည်တူမရှိခြင်း၊ လွတ်လပ်ပွင့်လင်းမှုမရှိခြင်း၊ ဒီမိုကရေစီနည်းမကျခြင်းတို့ဟာ ဒီတွေ့ဆုံမှုရဲ့ သင်္ကေတဖြစ်တယ်။ မီဒီယာဖော်ပြမှု၊ ဝါဒဖြန့်မှုတို့ဟာ ဒီတွေ့ဆုံမှုရဲ့ ပကာသန ဖြစ်တယ်။

            ဒါတွေအပြင် အင်မတန်သတိပြုသင့်တဲ့ အချက်တချက်က ဒါဟာ တွေ့ဆုံမှုသက်သက် သာ ဖြစ်တယ်ဆိုတာပဲ။ တွေ့ဆုံမှုဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခြင်းဆိုတာတို့ဟာ တခြားစီပဲ။ သေဒဏ်ပေးတော့မယ့်လူကိုတောင် တွေ့ချင်တဲ့လူနဲ့တွေ့၊ စားချင်တာစားဆိုတဲ့ အခွင့်အရေးမျိုး တွေ ပေးသေးတာပဲ။ တွေ့ရုံသက်သက်နဲ့တော့ ဘာမှဖြစ်မလာဘူး။ စကားပြောတယ်ဆိုတိုင်း လည်း ဆွေးနွေးညှိနှိုင်းတယ်လို့ အဓိပ္ပာယ်မထွက်သေးဘူး။

            နအဖဟာ ဗိုလ်ခင်ညွန့် လက်ထက်တုန်းက လုပ်သလို ဗိုလ်သန်းထွန်းနဲ့ လွှဲထားတဲ့ ဇာတ်မျိုး ပြန်ကလို့ကတော့ ခွင့်မပြနိုင်ဘူးပဲ။ အခု နအဖလုပ်နေပုံက အဲဒီအချိုးနဲ့ နည်းနည်းတူ နေတယ်။ ပြည်သူလူထုကြီးဟာ သူတို့လိမ်သမျှ အလိမ်မိနေတယ်လို့ ထင်နေရင်တော့ မှားပြီပဲ။ လူတွေဟာ စိတ်မရှည်စွာ စောင့်ဆိုင်းနေတာဆိုတာ မမေ့ပါနဲ့။ အနှစ်နှစ်ဆယ်နီးပါး ဝါးလာတာ ခါးမှန်းမသိပဲ ရှိပါ့မလား။

            နအဖမှာ အဆိုးကြီးဆုံး ချို့ယွင်းချက်ဟာ မရိုးသားတာပဲ။ မရိုးသားတော့ မပွင့်လင်း နိုင်ဘူး။ မပွင့်လင်းတော့ သူများက မယုံဘူး။ သူများဆိုတာလည်း နည်းတဲ့သူများမဟုတ်ဘူး။ ပြည်တွင်းမှာ တပြည်လုံး၊ ပြည်ပမှာ နိုင်ငံအားလုံး၊ သူများမယုံလို့ကတော့ အစိုးရ လုပ်မနေသင့် တာ အမှန်ပဲ။

            နှစ်ဘက်ဆွေးနွေးကြတယ်ဆိုရာမှာ ဘယ်သူမဆို၊ ဘယ်အချိန်မဆို ကိုယ့်ရည်မှန်းချက် ရယ်လို့ ရှိတာချည်းပဲ။ ခြွင်းချက်မရှိဘူး။ ဒါမဆန်းဘူး။ ဒါပေမဲ့ အဲဒီရည်မှန်းချက်ဟာ ရိုးသားဖို့ လိုတယ်။ အချိန်ဆွဲချင်လို့ သူတို့အပေါ် ပြည်တွင်းပြည်ပက ဖိအားတွေ လျော့ကျစေချင်လို့ ဆိုတာမျိုးနဲ့ ဆွေးနွေးတယ်ဆိုလို့ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ မကောင်းတဲ့အကျိုးဆက်ပဲ ဖြစ်မယ်။ ဗိုလ်နေ၀င်းဟာ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”ဆိုတာတွေ ခေါ်ခဲ့တယ်။ ဒါပေမဲ့ ခေါ်တဲ့ အခါတိုင်းဟာ ၀ါဒဖြန့်ရေးသက်သက်၊ ဟန်ဆောင်သက်သက်ဖြစ်ခဲ့လို့ ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်ခဲ့ဘူး။ ဒါတောင် ပြောစရာတခုရှိတယ်၊ အဲဒါက ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” ခေါ်တယ်ဆိုရာမှာ ကြိုတင်သတ်မှတ်ချက် ဘယ်တော့မှမထားဘူး။ နအဖကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲမစမီ လက်နက်ချခိုင်းနေတယ်။ စစ်အုပ်စုချင်းအတူတူ မရိုးသားတာချင်းအတူတူ ဘာလို့ ဒီလိုကွာခြားနေတာလဲ။

            ဗိုလ်နေ၀င်းအာဏာသိမ်းတာဟာ ပထစအစိုးရလက်ထဲက သိမ်းတာဖြစ်ပြီး နိုင်ငံရေး အစိုးရလက်ထက်က အစဉ်အလာတွေ ကျန်နေသေးတယ်။ ပုဂ္ဂလိက မီဒီယာတွေလည်း ရှိသေးတယ်။ ဒီတော့ ထောက်ထားရတာတွေ မနည်းဘူး။ နအဖကျတော့ သူ့ရှေ့က အစဉ်အလာဆိုတာကိုက စစ်အာဏာရှင်စနစ်ရဲ့ အစဉ်အလာဖြစ်နေတယ်။ ပြည်တွင်းမှာ လွတ်လပ်တဲ့ မီဒီယာဆိုတာလည်း လုံးဝမရှိတော့ဘူး။  နောက်ပြီး သိပ်အခရာကျတဲ့ ခြားနား ချက်တခုက ဗိုလ်နေ၀င်း အာဏာသိမ်းစတုန်းက ဗိုလ်နေ၀င်းဟာ သူ့တပ်ကို ပိုင်တယ်။ ပြည်တွင်းပြည်ပမှာ သူ့ကို ဆန့်ကျင်နေကြတဲ့ အင်အားဟာလည်း အခုလောက်မများဘူး။ ဗိုလ်သန်းရွှေကျတော့ ချောင်ပိတ်မိနေသလို ဖြစ်နေတယ်။ သူ့တပ်ကလည်း သူ့ကို နည်းနည်းမှ ကြည်ညိုတာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ရေနစ်သူ ကောက်ရိုးမျှင်ကို လှမ်းဆွဲသလို လုပ်နေရတာဆိုတော့ နပိန်ကန် ကန်တော့တာပဲ။

            ဗမာပြည် ပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ် ရေးကို အာသာငမ်းငမ်း တောင့်တခဲ့ကြတာ ကနေ့အထိဆိုရင် အနှစ် ၅၀ ကျော်သွားပြီ။ ဒီကာလ အတွင်း သေကြေသူတွေ၊ ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘယ်လို ရေတွက်လို့မှ အမှန်မသိနိုင်တော့ဘူး။ ဒီ အမျိုးသားချင်း ပဋိပက္ခကြီးထဲမှာ တလျှောက်လုံးပဲ စစ်အုပ်စုဟာ တဘက်က ဖြစ်နေပြီး တလျှောက်လုံးပဲ အင်မတန်တင်းမာတဲ့ သဘောထားကို ကိုင်စွဲထားခဲ့တယ်။ လက်နက်ရှိရင် အရာရာကို ဖြေရှင်းနိုင်တယ်၊ အရာရာကိုစိုးမိုးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ငါမှတပါးဝါဒကို ကျင့်သုံးနေတယ်။

            နှစ်ပေါင်း ၅၀ ကျော် ကျင့်သုံးလို့မှ မအောင်မြင်တဲ့ အရှုံးးတွေသာ ဆက်တိုက်ကြုံတွေ့ ရတဲ့အခါ တိုင်းပြည်ကို ပြာပုံထဲဆွဲပို့တဲ့ ၀ါဒဟာ မှားကြောင်းမသိလောက်အောက် ဗိုလ်သန်းရွှေ တို့ အသိခေါက်ခက် အ၀င်နက်ရသလား။ ဗိုလ်နေ၀င်းကတော့ အသက် ၇၀ ကျော်တဲ့အခါမှာ မအောင်မြင်မှန်းသိလို့ သူ့ဖာသာ ပလ္လင်ပေါ်က ဆင်းချသွားတယ်။ ဗိုလ်သန်းရွှေရဲ့ အာဏာ တဏှာဟာ ပိုဆိုးတယ်လို့ ပြောရတော့မယ်။

●●●●●

 

 

 

ARCHIVE

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com