|
(၁)
“ရန်သူအဆန့်ကျင်ခံရတာဟာ ကိစ္စဆိုးမဟုတ်ဘူး၊ ကိစ္စကောင်းဖြစ်တယ်၊
ရန်သူဟာ ခင်ဗျားကို နည်းနည်းဆန့်ကျင်လာပြီဆိုရင် ခင်ဗျားလုပ်ရပ်တွေက
ပြည်သူ တွေအတွက် နည်းနည်း သက်ရောက်မှုရှိလာလို့ပဲ၊
ရန်သူက ခင်ဗျားကို တော်တော်လေးကို ဆန့်ကျင်လာပြီဆိုရင်
ခင်ဗျားလုပ်ရပ်တွေဟာ ပြည်သူတွေအတွက် တော်တော့်ကို ခရီးရောက်လာလို့
ဖြစ်တယ်၊
ခင်ဗျားကို ရန်သူက အရူးအမူးဆန့်ကျင်လာပြီဆိုရင်တော့
ခင်ဗျားလုပ်ရပ်တိုင်းဟာ ပြည်သူတွေအတွက် အထူးတလည်ကို
ကျေးဇူးပြုနေပြီလို့ ပြောလို့ ရသွားပြီ။
အဲဒီလိုပဲ ...
ခင်ဗျားကို ရန်သူက နည်းနည်းလေးမှကို မဆန့်ကျင်တော့ဘူး၊ ခင်ဗျားကို
စကားထဲ တောင် ထည့်မပြောတော့ဘူးဆိုရင်တော့ ခင်ဗျားလုပ်ရပ်ဆိုတာတွေကလည်း
ပြည်သူတွေ အတွက် ဘာမှကို မပြောပလောက်တော့လို့ပဲ …”
တရုတ်ပြည် ကွန်မြူနစ်ပါတီဥက္ကဌကြီး မော်စီတုန်းက သူ့ အမှတ် (၈)
တပ်နီတော်နှင့် အမှတ် (၄) တပ်မတော်က ရဲဘော်တွေနှင့် ကေဒါတွေကို
အကြိမ်ကြိမ် ပြောပြသင်ကြားခဲ့ဖူးတဲ့ သင်ကြားချက်တစ်ခုပါ။
(၂)
“ကျွန်ုပ်တို့ ရှစ်ဆယ့်ရှစ်ကျောင်းသားများအနေဖြင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလ အခြေခံမူများအဖြစ် …
(၁) ၁၉၉၀
ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုအခြေခံသည့်
နိုင်ငံရေးဖြေရှင်းမှုဖြစ်ရမည်၊ (၂) တွေ့ဆုံဆွေးနွေးရေးနည်းလမ်း
ဖြစ်ရမည်၊ (၃)
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်ကို ဖေါ်ဆောင်နိုင်ရမည်ဟု
ရပ်တည်စွဲကိုင် ထားသည်။
ဤအခြေခံမူများအပေါ်တွင် ရပ်တည်၍ အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းစွာ အဖြေရှာရေးတို့အတွက် ကျွန်ုပ်တို့
အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သည်။”
၂၀၀၆ ခုနှစ်၊
ဖေဖေါ်ရီလ (၁၄) ရက်နေ့မှာ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေဟာ သူတို့ရဲ့
ခိုင်မာတဲ့ ရပ်တည်ချက်ကို အခုလို တိတိပပ ထုတ်ပြန်ကြေညာခဲ့ကြတယ်။
ဒီရပ်တည်ချက်များကို “နအဖစစ်အုပ်စု သဘောတွေ့နိုင်/မတွေ့နိုင်”၊
ရှင်းပါတယ်၊
ဘယ်လိုတွေ့နိုင်မှာလဲ…..
နအဖစစ်အုပ်စုက “၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်” ဆိုတာကို
“သူ့ရင်ဘတ် တည့်တည့်ကို စူးဝင်နေတဲ့ မြှားတစ်စင်း”လို ယူဆထားတာ။
“တွေ့ဆုံဆွေးနွေးရေး” ဆိုတာ “သူ့အိတ်ထဲရောက်ပြီး
ပိုင်ပြီးဖြစ်နေပြီလို့ သူထင်နေတဲ့ အာဏာကို ပြန်ဆွဲလုမယ့်
မကောင်းဆိုးဝါး”လို့ နှလုံးပိုက်ထားတာ။
“ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပန်းတိုင်”ဆိုတာ “ငါပေးချင်သလောက်
သင်းတို့ ရနိုင်မယ့်အရာ၊ သင်းတို့စိတ်နှင့် သင်းတို့ကိုယ် ရကောင်းသောအရာမဟုတ်”လို့ ရူးသွတ်စွာ မှတ်ယူထားတာ။
ရှစ်ဆယ့်ရှစ်ကျောင်းသားတွေရဲ့ ရပ်တည်ချက်ဟာ သူ့အလိုနှင့်
ဖြောင့်ဖြောင့်ဆန့်ကျင် နေပါပြီ။
ဒါပေမယ့်
စစ်အုပ်စုဟာ မာယာများပါတယ်။
“ဒေါ်စုကို ၀ယ်လို့မရရင် ရှစ်ဆယ့်ရှစ်ကိုများဝယ်လို့ရမလား။
ရှစ်ဆယ့်ရှစ်အကုန်လုံးကို ၀ယ်လို့မရရင်တောင် တချို့ကို
လူခွဲပြီးဝယ်လို့ရမလား”
သူ
စိတ်ကူးယဉ်ပုံရတယ်။
ရှစ်ဆယ့်ရှစ်ကို တစုံတရာလွှတ်ပေး၊
Power
တချို့ တက်လာခွင့်ကို အကန့်အသတ်နှင့်လွှတ်ပေး၊
ပြီးတော့
လိုင်းကြောင်သွားအောင် လူခွဲပြီးကစား၊
Power
တွေကို ဟိုတိုး ဒီလျှော့လုပ်၊
တဖြည်းဖြည်း
လိုင်းကြောင်လာပြီဆိုရင် NLD ရဲ့ Power ကိုရော ဒေါ်စုရဲ့ Power ကိုပါ
မသိမသာဖြိုချ၊
အချိန်တစ်ခုရောက်ရင် NLD လည်းပြို၊ အဲဒီရှစ်ဆယ့်ရှစ်အုပ်စုလည်း
မြောင်းထဲရောက်၊
ထောင်ထဲကစကားနဲ့ ပြောရရင် တစ်ခါတည်းနှင့် နှစ်ပယ်ရှင်းတဲ့နည်းပေါ့။
ပိုးကို
ပိုးချင်းပြန်ကိုက်ခိုင်းတဲ့ ဂျပန်ပိုးသတ်ဆေး ပေါ်လစီ။
သူ့ရဲ့
ဉာဏ်နီဉာဏ်နက်တွေ၊ အကွက်သစ် အကွက်ဆန်းတွေ အကုန်ထုတ်သုံးတာ၊
ဝိုင်အဟောင်းကို ပုလင်းသစ်ထဲထည့် တံဆိပ်သစ်ကပ်ပြီး
ဈေးကွက်တင်ရောင်း ကြည့်တာ၊
အဲဒါတွေအကုန်လုပ်တယ်။
ရမလားလို့
သူစိတ်ကူးယဉ်ခဲ့ပုံရတယ်။ ရလိုက်ရင် အမြတ်ဆိုတဲ့ အကြံယုတ်နဲ့။
ဒါပေမယ့်…..
ရှစ်ဆယ့်ရှစ်အုပ်စုဟာ သူထင်သလောက် မအဘူး။
ဘ၀နှင့်ရင်းပြီး သူတို့ရင့်ကျက်မှုကို
သူတို့ အသေအချာ တည်ဆောက်ထားနိုင်ခဲ့ကြပြီ။
သူလှည့်သွင်းချင်နေတဲ့၊ သူဆင်ထားတဲ့ အကွက်ထဲကို ဘယ်သူမှ မ၀င်ကြဘူး။
“မင်းကိုနိုင်။ ကိုကိုကြီး” ကို ‘အေးလွင်၊ ဇင်အောင်’ လုပ်ပစ်လို့
ဘယ်လိုမှမရဘူး။
သူလုပ်ရင်
အရာရာဖြစ်တယ်။ သူမစွမ်းတာ ဘာမှမရှိဘူးလို့ ဂုဏ်မောက်နေတဲ့လူ၊
ကြံတိုင်းမဖြစ်တော့ သူဘယ်လောက်စိတ်ဆိုးလိုက်မလဲ။
ဆိုးပေတော့။
(၃)
“ကျနော်တို့တတွေ ဒီနေရာမှာ လက်နက်မပါဘဲနဲ့
ငြိမ်းချမ်းစွာ လာပြီးစုဝေးနေကြ တယ်။ စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက်
မတရားရင် ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓါတ်နဲ့ ဟုတ်တယ်မို့လား”
“ကျနော်တို့ ဘ၀များစွာ စတေးခဲ့ပြီးပြီ။
လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ
ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနှင့်မှ ချုပ်ချယ်လို့
ကြောက်မယ့်လူလား”
၂၀၀၇ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှာ၊
အဖွဲ့ချုပ်ရုံးရှေ့မှာ ပြောကြားလိုက်တဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ရဲရဲတောက်မိန့်ခွန်း ဖြစ်ပါတယ်။
တပြည်လုံး၊ တကမ္ဘာလုံး အသံဖိုင်တွေနှင့်ရော၊ ရေးကူးပြီးသား
စာသားတွေနှင့်ပါ ဟိန်းဟိန်းထသွားအောင် ပျံ့နှံ့ခဲ့တဲ့
မိန့်ခွန်းတွေပါ။
လူတိုင်းလိုက်ပြီး ရွတ်ကြ၊ ရွတ်ရင်းနှင့် အလွတ်တောင်ရမတတ်ဖြစ်သွားရတဲ့
မိန့်ခွန်း တွေပါ။ လူထုရင်ထဲ တည့်တည့်ရောက်သွားတဲ့ မိန့်ခွန်းတွေပါ။
စစ်အုပ်စုဟာ ကိုမင်းကိုနိုင်ကို ၀ယ်လို့ရမယ်လို့
စိတ်ကူးယဉ်ခဲ့မယ်ဆိုရင် အဲဒီစိတ်ကူးပါ မိုးကြိုးအပစ်ခံလိုက်ရတဲ့နေ့ဟာ
အဲဒီ မေလ (၂၇) ရက်နေ့ဖြစ်လိမ့်မယ်လို့ ကျနော်ဆိုချင်တယ်။
စစ်အုပ်စုဟာ နည်းနည်းမှ ဟန်မဆောင်နိုင်တော့ဘူး၊ သိပ်ကိုသိသာတယ်။
ခွေးရူး တကောင်ရဲ့ ဒေါသမျိုးနှင့် ရှူးရှူးရှဲရှဲတွေ ဖြစ်ကုန်တယ်။
အိမ်ရှေ့မှာ မသိမသာ စောင့်ကြည့်လာတဲ့အဆင့်ကနေ
သိသိသာသာ စောင့်ကြည့် လာတဲ့အဆင့်၊
အပြင်ထွက်ရင် ဆိုင်ကယ်လေးငါးစီးနှင့် တောက်လျောက်လိုက်ပြီး
နှောက်ယှက်တဲ့ အဆင့်၊
မိတ်ဆွေတွေ
အိမ်ကိုလာလည်လို့တောင် မရလောက်အောင် ၀ိုင်းပြီး
ပိတ်ဆို့တားဆီး ခြိမ်းခြောက်လာတဲ့အဆင့်၊
ရန်စောင်နေတဲ့ မျက်နှာတွေနှင့် ခါးထောက်လို့တမျိုး၊
လက်နောက်ပစ်လို့တမျိုး၊
လူမိုက်ဂိုက်တွေနှင့် လူ့အခွင့်အရေးတွေကို
ဗြောင်ကျကျ ချိုးဖောက်ချင်တိုင်း ချိုးဖောက်လာတဲ့ အဆင့်တွေအထိ
အတင့်ရဲစော်ကားလာတော့တာပါ။
“ရှစ်ဆယ့်ရှစ်ကျောင်းသားတွေဟာ သူဝယ်ချင်တိုင်း
အ၀ယ်ခံမယ့်သူတွေ မဟုတ်ဘူး။
လူထုကို ဘယ်တော့မှ သစ္စာဖေါက်မှာမဟုတ်ဘူး။
လူထုတရပ်လုံး လိုအပ်နေတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို
လူထုနှင့်အတူ ရဲရဲရင့်ရင့် လက်တွဲချီတက် အရယူတော့မယ်” ဆိုတာ
ထင်ရှားသည်ထက် ထင်ရှားလာနေတဲ့ ဒီရေမြင့်သစ်ကို သူစိုးရိမ်လာတယ်။
သူ သိသိသာသာကို တုန်လှုပ်ခြောက်ခြားလာတယ်။
(၄)
“၁၉ နှစ်ရှိခဲ့ပါပြီ
ကျနော်တို့ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ သင်ကြားလိုက်ရတဲ့ပညာတွေဟာ
ကျနော်တို့လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်တဲ့၊
တတ်မြောက်လောက်တဲ့ ပညာရပ်တွေ ဖြစ်ခဲ့လို့လဲ။
အဲဒီတော့ ကျနော်တို့ကျောင်းသားဆိုတာ မတရားမှုကို ဘယ်တုန်းကမှ
ငုံ့ခံခဲ့ရိုးထုံးစံ မရှိခဲ့ဘူး။
ကျနော်တို့ဟာ ပြန်ပြောချင်ပါတယ်။
၁၉ နှစ်ရှိခဲ့ပေမယ့်
စေးထန်းနေတဲ့ ကတ္တရာလမ်းတွေကို၊ နက်မှောင်ကြမ်းကြုတ်နေတဲ့
ကတ္တရာလမ်း တွေကို ထုရိုက်ခွဲကြည့်လိုက်ပါ။
တစိမ့်စိမ့်ယိုစီးကျလာတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေရဲ့ သွေးစက်တွေဟာ
ဒီကနေ့ ထိအောင် အော်ဟစ်မြည်တမ်းနေတုန်းပဲ။
ဒါဟာ... ဒီမိုကရေစီ
... ဒီမိုကရေစီ
... ဒီမိုကရေစီ ဆိုတာပဲ”
၁၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ…..
တစ်ဦးချင်း ရင်ဖွင့်ပြောဆိုကြတဲ့ ပွဲမှာ …
ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ရင်ဖွင့်စကားဖြစ်ပါတယ်။
ဒီပွဲမှာ
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စတဲ့
ရှစ်ဆယ့်ရှစ်ကျောင်းသား ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက်
ရင်ဖွင့်ပြောဆိုခဲ့ကြတယ်။
ဒီပွဲမှာပဲ…..
ဒီကနေ့မျိုးဆက်၊ ဒီကနေ့ အခုလက်ရှိကျောင်းတက်နေတဲ့ (New Generation)
တွေလည်း တက်ရောက်ကြပြီး
သူတို့ ခံစားချက်ကို အခုလို ပြောဆိုခဲ့ပါတယ်။
“ကျနော်ကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လက်ရှိပညာသင်ကြားနေတဲ့
ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
ကျနော်တို့ အခုတတ်ရောက်သင်ကြားနေတဲ့ ကျောင်းမှာဆိုရင် ကျနော်တို့ရသင့်ရထိုက် တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။
ဒီဆုံးရှုံးမှုကို ကျနော်တို့ရအောင်
ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရအောင် ယူတဲ့နေရာမှာ တရားဥပဒေဘောင်ထဲကပဲ
ငြိမ်းချမ်းစွာ ကျနော်တို့ဟာ တောင်းဆိုခဲ့တာပါ။
ကျနော်တို့ကို ဆူပူအုံကြွတယ်လို့ ပြောတယ်။
ကျနော်တို့ကို ဘယ်သူမှ မြှောက်ပေးခြင်းမရှိဘူးဆိုတာကို
ကျနော်ပြောချင်တယ်။
‘ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတည်ဆောက်ပါ’လို့
ပြောတဲ့ နေရာမှာ…..
ကျနော်တို့ကျောင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးမရဘဲနဲ့
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ဘယ်လိုဆောက်မှာလဲ၊ ဒါပဲ
ကျနော်မေးချင်ပါတယ်”
ကြက်သီးထလောက်တဲ့ ပြောဆိုချက်တွေပါ။
ဒီအသံတွေဟာ
ကျနော်တို့ကျောင်းသားထုအဖို့ အမှောင်ထုကို ထွင်းဖောက်ပေး လိုက်တဲ့
လမ်းပြကြယ်တံခွန်၊
ဒီအသံတွေဟာ ကျနော်တို့ပြည်သူတွေအဖို့ ရဲဝံ့တည်ကြည်စွာ ရှေ့ကို
ချီတက် လျှောက်လှမ်းသွားနိုင်ရေးအတွက် တိုက်စည်တိုက်မောင်းသံ၊
ဒီအသံတွေဟာ
စစ်အုပ်စုအတွက်ကျတော့ ငရဲပွက်မယ့် အိပ်မက်ဆိုးတွေ ထမ်းပိုး လာတဲ့
မိုးကြိုးမုန်တိုင်း။
(၅)
ဒီလို အိပ်မက်ဆိုးတွေနှင့် ဇောချွေးပျံနေတုန်းမှာပဲ …
သြဂုတ်လ (၁၉) ရက်နေ့က ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့
“လောင်စာဆီဈေးနှုန်း ကျဆင်းရေး” ချီတက်ဆန္ဒပြပွဲဟာ သူ့အသဲကို
လှံချက်ထပ်ထိသလို နအဖအဖို့ တော်တော် အထိနာပြီး စွေ့စွေ့ခုန်သွားစေပြန်ပါတယ်။
နအဖစစ်အုပ်စုဟာ အဲဒီ ခံပြင်းဒေါသထွက်မှုတွေနှင့်ပဲ သြဂုတ်လ (၂၁) ရက်နေ့
ညအချိန်မတော်မှာ ကျောင်းသားခေါင်းဆောင်တွေကို
ကမူးရှူးတိုး
အတင်းလိုက်လံဖမ်းဆီး ပါတော့တယ်။ သူ့စိတ်ထဲမှာ ဒီလိုဖမ်းဆီးပြလိုက်ရင်
ဆန္ဒပြပွဲတွေ မီးကို ရေနှင့်ငြိမ်းလိုက်သလို
တခါတည်း ငြိမ်းသွားမယ်လို့ ထင်ပုံရပါတယ်။
စစ်အုပ်စုရဲ့ တွက်ဆမှုတွေကတော့ မှားပြီးရင်း မှားရင်းပါပဲ။
ဆန္ဒပြပွဲတွေဟာ သူထင်သလို လုံးလုံးငြိမ်သက်မသွားကြဘူး။
သြဂုတ်လ
(၂၂) ရက်နေ့မှာဆက်ဖြစ်၊
သြဂုတ်လ (၂၃) ရက်နေ့မှာဆက်ဖြစ်၊
သြဂုတ်လ
(၂၄) (၂၅) (၂၆) ရက်နေ့တွေမှာ ဆက်ဖြစ်၊ တစ်ရက်မှ
နားသွားတာမျိုး မရှိဘဲ
ဆက်တိုက်တွေဖြစ်၊
ရန်ကုန်မှာဖြစ်ရုံတင်မက မန္တလေးနှင့် အခြားမြို့ကြီးတွေမှာဖြစ်၊
ဟားခါးလို ဘူးသီးတောင် မောင်းတောလို တောင်ပေါ်ဒေသတွေမှာဖြစ်၊
စစ်တွေလို ထားဝယ်လို ပင်လယ်ကမ်းခြေဒေသတွေမှာဖြစ်၊
ပခုက္ကူလို တောင်တွင်းလို အပူပိုင်းမြေလတ်ဒေသတွေမှာဖြစ်၊
မိုးကုတ်လို တောင်ကြီးလို ရှမ်းရိုးမတွေပေါ်မှာဖြစ်၊
လပွတ္တာလို ဘိုကလေးလို မြစ်ဝကျွန်းပေါ်ဒေသတွေမှာဖြစ်၊
လူထုဆန္ဒပြပွဲတွေဟာ ရပ်လို့မရတော့ဘူး။
တစ်စက်ကနေ တမျက်နှာဖြစ်လာနေကြပြီ။
တစ်ပွဲကနေ နောက်တစ်ပွဲ၊ နောက်တစ်ပွဲကနေ နောက်ထပ်တပွဲ မီးတောက်တွေဟာ
ခုန်ခုန်ပြီး မြန်မာပြည်အနှံ့ ကူးစက်ပျံ့နှံ့နေကြပါပြီ။
(၆)
“ဒါတွေကို ဘယ်သူဖန်တီးတာလဲ”
“ဒါတွေကို ဘယ်သူမြှောက်ပေးတာလဲ”
“ဒါတွေကိုဘယ်သူက နောက်ကွယ်က ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းနေတာလဲ”
နအဖစစ်အုပ်စုကတော့ လျှာအရိုးမရှိတိုင်း၊ အရှက်မရှိတိုင်း
ပြောချင်ရာပြောတော့မယ်။
သူ့ပါးစပ်နဲ့ သူကိုယ်တိုင်ပြောတဲ့နည်းကို
မသုံးဘဲ
“၈၈ ရဲဘော်ဟောင်းတစ်ဦး” ဆိုတဲ့ အရူးတစ်ယောက်ရဲ့
ပါးစပ်နဲ့ ပြောခိုင်းတယ်၊
“ဒါတွေကို(ဒီဆန္ဒပြပွဲတွေကို) ကိုမင်းကိုနိုင်တို့
ကိုကိုကြီးတို့အုပ်စုက ဖန်တီးတယ်၊
NLD က မြှောက်ပေးတယ်၊
NCGUB, NCUB နိုင်ငံတကာက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သူများက နောက် ကွယ်က
ကြိုးကိုင်ပြီး အမိန့်ပေးစေခိုင်းတယ်”
ဒီလိုဆိုလာတယ်။
တစ်ရက်တည်းတောင် မဟုတ်ဘူး၊ ဆက်တိုက် အခန်းဆက် ဆောင်းပါးရှည်ရေးပြီး
ရူးသွတ်ခဲ့တာပါ။
“မင်းကိုနိုင် ကြိုးမဲ့လေတံခွန်
(သို့မဟုတ်) တိုင်းပြည့်အန္တရာယ်” ဆိုတဲ့
တံဆိပ်ကပ် ဆောင်းပါးတွေရေးပြီး စက်တင်ဘာ (၁) ရက်နေ့ကစပြီး
ဆက်တိုက်အပုတ်ချ တိုက်ခိုက်စွပ်စွဲ ခြိမ်းခြောက်စေခဲ့တာပါ။
ဒါကို ကြည့်လိုက်ရင်ပဲ …
နအဖ ဘယ်လောက်အကြပ်ရိုက်သွားပြီလဲဆိုတာ သိသာနေပြီ။
နအဖ ဘယ်လောက် ကြောက်ဒူးတုန်နေပြီလဲဆိုတာ ထင်ရှားနေပြီ။
(၇)
နအဖဟာ… ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ရမ်းနေပြီ၊
အခုကျောင်းတက်နေဆဲ ကျောင်းသားထုအခွင့်အရေးတွေအတွက် တောင်းဆိုတတ်
တောင်းဆိုရဲသူလေးတွေကို ရမ်းနေပြီ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရမ်းနေပြီ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ရမ်းနေပြီ၊
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ရမ်းနေပြီ၊
တပြည်လုံးက တက်ကြွလှုပ်ရှားသူတွေကို ရမ်းနေပြီ၊
ကုန်ဈေးနှုန်းဒဏ်မခံနိုင်လို့ ကုန်းရုန်းထနေတဲ့ ပြည်သူတွေကို
ရမ်းနေပြီ၊
ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းတွေကို ရမ်းနေပြီ၊
ကျနော်တို့ကို ချစ်ခင်စာနာကြတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနှင့်
နိုင်ငံတကာပြည်သူ တွေကို ရမ်းနေပြီ။၊
ရန်သူကတော့ မီးကုန်ယမ်းကုန် ရမ်းနေပြီ၊ မီးကုန်ယမ်းကုန် ဆန့်ကျင်နေပြီ။
ကြိုက်သလိုရမ်းပြီး ကြိုက်သလိုဆန့်ကျင်ပါစေ၊
ရန်သူဆန့်ကျင်တာ ခံရတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။
သူကတော့… သူ့အသဲကို ကျွဲခတ်သလို ဖြစ်လာလေလေ ရမ်းလေလေ
ဖြစ်လာတော့ မှာပါ။
သူကတော့ သူ့လမ်းသူထွင်ရင်း၊ သူ့လည်ပင်းကို ညှစ်မယ့်ကြိုးကို
သူကိုယ်တိုင် စိတ်ရှိလက်ရှိ ကျကျနန အစွမ်းကုန် ကျစ်နေပါပြီ။
သူ စိတ်တိုင်းကျ ကျစ်ပါစေ။
သူ့အတွက် အနာဂတ်ဟာ သိပ်မကျန်တော့ပါ။
။
x x x x x x x x x
ဇွန်မှိုင်း
၆၊ ၉၊ ၂၀၀၇ |