|
နပိုလီယံ၏
ဂါထာထဲကအတိုင်း လှမ်းလာသော နပိုလီယံပမာနှယ်၊ အဘူဆလံ၏ ခြေထောက် အစုံသည်
မြစ်ဝကျွန်းပေါ်ဒေသ သံခွဘောတံတားတစ်ခုပေါ်သို့ ကျလာယင်၊ လမုတိုင်
တစ်တိုင် တည်းနှင့် ထိုးထားသော အိမ်ကူးတို့ဆိပ်တွင် ခေါတောရပ်လိုက်သည်။
ပြီးမှ ကပ်ကြီးသုံးပါးကို ကျော်လွန်ခဲ့သူပမာ လှေဦးပေါ်သို့
ကျွမ်းကျင်စွာ ခုန်ချလိုက်၏။ မောင်လူအေး၏ မြင်ကွင်းက ပြောင်းသွားသည်။
ခေါတောနောက်အိမ်ဝတွင် လေးဘက်တွား၍ရောက်လာသော လေးဘက်ဝေဒနာ သည်
သူ့မိန်းမနှင့် တစ်ရွာလုံးဆန်ပြတ်၍ ငတ်နေသော ကလေးသုံးယောက်မျက်နှာက
စက်လှေ ဦးလှည့်လိုက်သည်အထိ မောင်လူအေးမျက်စိထဲက မထွက်။ လောကနရက်ထဲ
အငတ်ဝဲလည် နေသော ငါးဒိုင်စာရင်းငှားမိသားစုကို သူ
ဘာပြော၍ဘာဆိုရမည်မှန်း မြို့ကြီးသား မောင်လူလေး
ရွေးချယ်ရမှန်းပင်မသိတော့။ အေးလေ ….. တစ်ရွာလုံး ငတ်နေမှတော့ နက်ဖြန်
လောက်ဆို ဆန်တင်လာတဲ့ လိုင်းမော်တော် လာကောင်းပါရဲ့လေ။
အချိန်တော်တော်ဖြုန်းပြီးသွားပြီဖြစ်၍ လိမ္မော်လုံးကြီးကလည်း အနောက်သို့
ဝင်နေပြီ။ ရွာဆိပ်မှာ စက်လှေကပ်တော့ ရွာထိပ်မှာကပ်ထားသော ဆိုင်းဘုတ်ကို
မောင်လူအေး ဘုတ်အုပ်နှင့် မှတ်ရပါတော့သည်။ ‘--------- ကျေးရွာ၊ UNDP/2005
Rural Small Loans Program (ကျေးလက်ဒေသချေးငွေအစီအစဉ် ---------
၂၀၀၅)’တဲ့ ဆိုပါလား။ အင်း...၊ ဒေါ်မူနန်းပြောတဲ့ အင်ဂျင်ဝိုင်ထုတ်တဲ့
ဆိုင်းဘုတ်ပါလား။ အထက်ပါချေးငွေကို တောင်သူ လယ်သမားများက
အင်ဂျင်ဝိုင်ထုတ်သည်တဲ့။ UNDP ကို အင်ဂျင်ဝိုင်ဟုခေါ်သည်။ Gramen Trust
ကို “ကတန်မင်းထွက်” ဟု ခေါ်သည်။ ပစ္စန္တရာဇ်မှာ မဟာပညာကျော်ဖြစ်မည့်
သူများ ပါပေ။
အင်ဂျင်ဝိုင်ပြည်ပြေး ကျော်လှိုင်တို့မိသားစု ရွာမှထွက်ပြေးရင်း
ညကြီးမင်းကြီး ရေနစ် သေရတာတွေ၊ ကတန်မင်းထွက်ပြေး ဒေါ်နန်းထိုက်တို့
မြောင်းမြအနောက်ဘက်ကမ်း ပြောင်းပြေးရတာတွေကို ဘ၀၀ဋ်ကြွေးဟု
မောင်လူအေးမခံစားနိုင်။ အရှင်ဘုရားကလည်း ၀မ်းနှင့်လွယ်ရာ
အကြောင်းပြန်လာ၏။ “ငါဘုရား၏ စိန်ဖူးတော်ကိုပင် ဘယ်သူဆော်သည် ငါမသိ”
တဲ့။
အင်း……၊
အငတ်ဗိန္ဒရကပ်ဆိုတော့ မအပ်မရာ ဘုရားပစ္စည်းကိုပင် မည်သူယူငင်သည် မသိရချေ။
ဖြူဖြူစင်စင် မိုးလင်း၍ နံငယ်ပိုင်းစုတ်နှင့် သိမ်းထုပ်သေချာ
စက်လှေပေါ်မှာ အိပ်နေ ရှာသော ငဆောင်းကို နှိုး၍ အငတ်ကုန်းမှခွါရန်
စက်နှိုးစေလို့ လမ်းကြုံရွာကြုံ ကြုံတိုင်းသားတို့ နှင့်တကွ
စက်လှေသားတို့ ပြည့်နှက်နေရှာကြကုန်၏။ ထင်း၊ အသီး၊ အရက်နှင့်တကွ စက်လှေ
အင်္ဂါ ပြည့်ဝမှပင် မော်တော်စက်နှိုးပေ၏။
ထင်းတစ်စည်း
၃ ကျပ်နှင့် ကျောင်းသူများမှာ သမုန်းသား ၃ ချောင်းစီးကို ထင်းတော မှာ
မုန့်ပဲသရေစာနှင့်လဲ၍ ရွာကပ်ကောက် ဈေးဖြတ်ရောင်း၍ ငွေကောင်းလှေ ၆၀၀
ကျပ်နှင့် ၀မ်းမီးငြိမ်းသတ်ကြရကုန်၏။ ဒီရေတောအပြင်မှာ လှပသည့် လမုတော၊
ကနစိုတောကို သဘော စင်စင် သိလိုပါလျှင် ကောင်းကင်တွင် ရဟတ်ယာဉ်စီး၍
ဝဲပျံပြီးကြည့်ပါလျှင် မှန်ကြောင်းမလို ဂျပန်တို့ပြောင်းရန်သာလိုမည်ဟု
ဒီရေတော ထင်းမှောင်ခိုတစ်ဦးက ပြော၏။ (မှတ်ချက် - ဒေသခံများက
ဒီရေတောကို ဂျပန်က၀ယ်ထား၍ ဂျပန်တောဟုခေါ်သည်။)
တစ်ညလုံးပျက်တဲ့အိပ်ရေးကို စက်လှေပေါ်မှာ မှေးလိုက်၏။ ဤအမှေးကား
မောင်လူအေးအဖို့ အဖိုးတန်လေစွ။ လောကနိဗ္ဗာန်ဟုပင် ထင်မိသည်။
ထိုနိဗ္ဗာန်သည် ရွာဆိပ်ခံ သို့ရောက်ပြီး များမကြာမှီ ပျောက်ကွယ်လေသည်။
ကလေးရှစ်ယောက်နှင့် စက်လှေမောင်း သမားက ရောင်းစားရန်
သူ့ကုန်ပစ္စည်းကို ပြ၏။ မောင်လူအေး ရင်၌မချိ။ တစ်လနှင့်ရက်နှစ်ဆယ်
သားအရွယ် ကလေးငယ်ကား ခြေကားယား လက်ကားယားနှင့်။ သူ့ကုန်ကို ၂၀,၀၀၀
နှင့် ဈေး ဖြတ်တော့ မောင်လူအေး ခေါင်းခါရုံမှလွဲ၍ မောင်လူအေးလဲ
မတတ်နိုင်။ မောင်လူအေး ခေါင်းခါ တော့ လူတစ်ဦးက ၁၀,၀၀၀ နှင့်
ချစ်မြတ်နိုးစွာ အိမ်သို့ ခေါ်ရှာလေသည်။ မောင်လူအေး အိပ်ရာ ၀င်တော့
ဘုရားပင်မရှိခိုးနိုင်။
လက်လှုပ်ရှားမှ ပါးစပ်လှုပ်ရသူချင်း တောင်မင်းကို မြောက်မင်းမကယ်နိုင်ပါ။
မနက်မိုး လင်းတော့ မနေ့ကအခင်းသည် မနေ့ကအချင်းများ ဖြစ်ကြလေပြီ။
မန်းသင့်နောင်တို့လင်မယား မွေးစားကလေးပျောက်၍ ရုံးသို့ နို့ဗူးနှင့်တကွ
လာတိုင်လေသည်။ ရုံးမင်းက “ရှာစေ”ဟုဆိုတော့ ငဆောင်းမရှိတော့။
သောင်ပေါ်စုလား ကုလားကျွန်းလားမသိ၊ ကိုယ့်ကလေး ကိုယ်ပြန်ခိုး၍ လူတို့
မနိုးခင်မှာပင် ရွာမှ ပျောက်ကွယ်လေ၏။ မောင်လူအေးလည်း “သွေးပဲလေ”ဟု
ဖြေနိုင် သော်လည်း ခေါင်းထဲက အတွေးက ထွက်ကျလာ၏။ ငဆောင်းကများ
“နောက်တစ်ယောက်က ဈေးပိုရမှာပါလေ”ဟု ရည်ရွယ်လေသလားဟု မတွေးဝံ့မတွေးသာ
တွေးမိပြန်တော့ ဒွန္နယာကို ပို၍ကြောက်လာ၏။
ထိုအခိုက်
ဆိပ်ခံတံတားဆီမှ သင်္ဘောဥသြဆွဲသံကြားတော့ ဂရားမင်းထရက် ကိုယ်စား လှယ်
အဘူဆလံကို တွေ့၏။ အဘူဆလံသည် နပိုလီယံ၏ဂါထာကို သူ့ဆရာ မိုဟာမက်ယူနွတ်
အတွက် ရွတ်ပြန်လေပြီ။ ------ I Come, I See, I Loose ဟူ၍ ဖြစ်၏။
နပိုလီယံသည် စိန့်ဟယ်လီနာကျွန်းပေါ်၌ သေရ၏။ ငါနှင့် ငါ့ဆရာ ၂၀၀၅
ဘောဂဗေဒနိုဗယ်ဆုရှင်ကြီးကား မြန်မာပြည် ဆင်းရဲမွဲတေမှု
ကယ်ဆယ်ရေးအစီအစဉ်တွင် နာမည်ပေးရလေပြီ ဟူသတည်း။
x x x x x x x x x |