Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ရသစာစု

 

 

သားကြီး

           အဖေစာရေးလိုက်တယ်။

           သားကြီးနှင့်တကွ တပ်မတော်သားအားလုံး ကျမ္မာကြပါစေလို့ အဖေဆုတောင်းလိုက် ပါတယ်။ အဖေကတော့ ငှက်ဖျားဆိုတဲ့ တပ်မတော်ကပေးလိုက်တဲ့အမွေကြောင့် မကြာခဏ ချူခြာတာကလွဲပြီး မင်းအမေ၊ မင်းညီလေး၊ ညီမလေးတို့အားလုံး ကျမ္မာကြပါတယ်။

           စီးပွားရေးကတော့ အဖေ့ရဲ့ စစ်ပင်စင်တစ်လစာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးတက် နေတဲ့ ဒီကနေ့ကုန်ဈေးနှုန်းနဲ့ ယှဉ်လိုက်တော့ ဒို့မိသားစုအတွက် တစ်ရက်သာ စားဘို့ရတယ် လေ။ ဒီတော့ မင်းအမေရဲ့ခေါင်းပေါ် ဈေးဗန်းရောက်သွားတော့တာပေါ့...။ အိမ်လခ၊ အဖေ့ ဆေးဖိုးနဲ့ ဟိုကြေးဒီကြေးတွေက ပညာတတ်ကြီးတွေဖြစ်ချင်ရှာတဲ့ မင်းညီနဲ့ ညီမလေးတို့ကို စာသင်ခန်းက ဆွဲထုတ်ပြီး လုပ်ငန်းခွင်အသီးသီး ၀င်စေခဲ့တယ်။ အဖေ့နှလုံးသားကို ဆွဲညှစ် လိုက်သလို ခံစားရတယ်။ ငယ်ငယ်ကတည်းက အင်ဂျင်နီယာဖြစ်ချင်တဲ့ မင်းညီလေးက လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုး၊ ဆရာဝန်မကြီးဖြစ်ချင်လို့ စာအုပ်နဲ့ မျက်နှာမခွါဘဲ ကြိုးစားလို့ အတန်းတိုင်းမှာ အဆင့်(၁)အမြဲရတဲ့ မင်းညီမလေးက ကုန်စိမ်းရောင်းပေါ့ကွာ။

            မင်းကတော့ ကံကောင်းပါတယ်။ ဆယ်တန်းအောင်ပြီး DSA ၀င်တယ်။ အခု ဗိုလ်ကြီး ဆိုတဲ့ ပြန်တမ်းဝင်အရာရှိကြီးဘ၀ ရောက်နေပြီပေါ့။ မင်းရေးတဲ့ စစ်ဆင်ရေးအတွေ့အကြုံ ဆောင်းပါးနဲ့ ၀တ္ထုတိုတွေ မဂ္ဂဇင်းတွေမှာပါလို့ ဖတ်ပြီး အဖေ့ရင်ထဲမှာဖြစ်လာတဲ့ ခံစားချက်လေး တွေ သားကြီးသိအောင်ပြောပြချင်တာနဲ့ ဒီစာကို ရေးလိုက်တာပါ။

            သားကြီးရေ ... ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ ဆိုတဲ့စကားက စာအုပ်စာပေတွေကို လူတွေဖတ်ပြီး ပညာဗဟုတုတရှာမှီးဖို့နဲ့ စဉ်းစားတွေးခေါ်ရေးမှာ အထောက်အကူဖြစ်စေမယ့် အချက်အလက်ရရှိဖို့၊ ဆင်ခြင်တုံတရားနဲ့ သင်ခန်းစာယူနိုင်တာ အစရှိသဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တာမို့ ရှေးလူကြီးသူမတွေက ပြောခဲ့ကြတာပါ။ ပြောရမယ်ဆိုရင်တော့ အကျိုးပြုစာပေတွေပေါ့။ အဲဒီအထဲမှာ လူတွေကို လမ်းမှားရောက်စေတဲ့ အဆိပ်အတောက် စာပေတွေ မပါဘူး။

            ဒီတော့ သားကြီးတို့လို စာရေးဆရာဆိုသူတွေကလဲ ဖြစ်စဉ်တစ်ခုကို စာဖတ်တဲ့ ပရိသတ်၊ ပြည်သူလူထု သိအောင်ရေးကြတော့မယ်ဆိုရင် အဲဒီဖြစ်စဉ်ရဲ့အစအဆုံး သရုပ်ပေါ် အောင် ရေးပါ။ ဘယ်သူ့ဘက်မှမလိုက်ဘဲ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်တိုင်း ရေးပါ။ ဘယ်သူကတော့ မှန်တယ်၊ ဘယ်သူကတော့ မှားတယ်၊ စာရေးဆရာက ဆုံးဖြတ်ပေးစရာ မလိုပါ ဘူး။ စာဖတ်ပရိတ်သတ်မှာ ဦးနှောက်ရှိတယ်၊ စဉ်းစားနိုင်တယ်။ စာကိုဖတ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ပါစေ။

            ‘နှုတ်တရာ စာတစ်လုံး’ တဲ့။ ပြောလိုက်တဲ့စကားဟာ လေထဲမှာပျောက်သွားပေမယ့် ရေးလိုက်တဲ့စာကတော့ နောင်မှာ သမိုင်းတွင်သွားနိုင်တယ်။ သားကြီးရေးတဲ့ ဆောင်းပါးတွေကို ပြန်ဖတ်ပြီး စဉ်းစာပါဦး။ မင်း တကယ့်ကိုဘဲ မသိလို့ ရေးတာဆိုရင်လဲ နောင်ကို ဆက်မမှားဖို့ အဖေရှင်းပြပါ့မယ်။

            သောင်းကျန်းသူဆိုတာနဲ့ သူပုန်ဆိုတာ မတူဘူး သားကြီး။ သူပုန်ဆိုတာ နိုင်ငံရေး အယူအဆတစ်ခုကြောင့် လက်နက်စွဲကိုင်ပြီး အစိုးရကို တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့အစည်း၊ သူတို့ကို ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ သူတို့ပိုင်ဆိုင်တဲ့ နယ်မြေရှိတယ်။

            သောင်းကျန်းသူဆိုတာကတော့ ရှင်းရှင်းပြောရရင် ဓါးပြအကြီးစားဘဲ။ လုယက်၊ လူသတ်၊ ဓါးပြတိုက်၊ လူသားမျိုးနွယ်စုတွေ မျိုးတုံးပျောက်ကွယ်သွားစေနိုင်တဲ့ ဘိန်းစိုက်၊ ဘိန်းချက်၊ ဘိန်းကုန်ကူး လုပ်တဲ့သူတွေကို ပြောတာ။ သူတို့မှာ ဘာနိုင်ငံရေးအယူအဆမှ မရှိ ဘူး။ ဘယ်ပြည်သူလူထုကမှလဲ မထောက်ခံဘူး။ ဘယ်ပြည်သူလူထုကိုမှလဲ ကိုယ်စားမပြုဘူး။

            KNU ဆိုတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့သမိုင်းဟာ ၁၉၄၈ ခုနှစ်မတိုင်မီကတည်း က ရှိခဲ့ပြီး အဖေတို့ခေတ်က စစ်သားတွေ အလွန်လေးစားရတဲ့ သူပုန်တွေပေါ့။ အဖေတို့ စစ်တပ်ထဲမှာ KNU ဆိုတဲ့ ကရင်သူပုန်တွေကို ငပွေးတွေလို့ ခေါ်ကြတယ်။

            အဲဒီလို သမိုင်းအစဉ်အလာကြီးတဲ့ KNU ဆိုတဲ့ ကရင်သူပုန်တွေကို သားကြီးက သောင်းကျန်းသူလို့ ရေးလိုက်တော့ အဖေက စာဖတ်တဲ့ပရိသတ်တစ်ယောက်အနေနဲ့ ဝေဖန်ရ မယ်ဆိုရင် မင်းရှေ့ကရေးခဲ့တဲ့ စာတွေ၊ စစ်ဆင်ရေးအတွေ့အကြုံတွေဆိုတာ အားလုံးမမှန်ဘူး။ တကယ့်ဖြစ်ရပ်မှန်မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိုလိုက် အကြိုက်ဆောင်ပြီးရေးတဲ့ ဝါဒဖြန့်ချီရေး စာပေတွေ၊ ဆောင်းပါးတွေဖြစ်သွားပြီလို့။

            သားကြီးရေ ... စာရေးဆရာဆိုတဲ့သူရဲ့ စိတ်ဓါတ်ဟာ ဖြူစင်ဘို့လိုတယ်။ သူ့တို့ရဲ့ လက်တွေဟာ လွတ်လပ်ဘို့လိုတယ်။ ဒါမှလဲ သူတို့ရေးတဲ့ အကြောင်းအရာတွေဟာ ဘက်လိုက် မှု ကင်းမယ်။ အရောင်လွှမ်းမိုးမှု မပါဘဲ အဂတိတရားကင်းကင်းနဲ့ တင်ပြချက်တွေဖြစ်လာမယ်။

            သောင်းကျန်းသူအကြောင်း မင်းရေးချင်ရင် အဖေ ၁၉၉၄ ခုနှစ် ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့ ခမရ (၅၃၆) တပ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်စဉ်က တိုက်ပွဲ(ဖြစ်စဉ်)တစ်ခု အကြောင်း ပြောပြမယ်။ မင်းအတွက် ကုန်ကြမ်းရအောင်ပေါ့။

            ဒီလိုကွ၊ အဖေ့ရဲ့မိခင်တပ်ရင်းက ခလရ (၁၄) လေးကျွန်းဆီမီး၊ ပြည်မြို့မှာရှိတယ်။ တပ်ကြပ်အဆင့်ကနေ တပ်ကြပ်ကြီးအဆင့် တိုးပေးပြီး နောက် တပ်အသစ်ဖွင့်တဲ့ ရှမ်းပြည် တောင်ပိုင်း၊ လွိုင်ကော်ခရိုင်၊ နမ့်စန်မြို့ ခမရ (၅၃၆) ကို တပ်ပြောင်းအမိန့်နဲ့ ရောက်သွားခဲ့ တယ်။ တပ်ကလဲ အသစ်ဆိုတော့ သင်တန်းဆင်းလာတဲ့ တပ်သားသစ်တွေနဲ့ အဖေတို့လို ဟိုတပ်ဒီတပ်က ခွဲပို့တဲ့ ရဲဘော်တွေအားလုံး စုစုပေါင်းရင်တောင် စစ်ထွက်အင်အားမပြည့်သေး လို့ တပ်ထဲမှာပဲ လုပ်အားပေးလုပ်နေရတဲ့အချိန်။ အဲဒီနမ့်စန်မြို့မှာရှိတဲ့ (၇၁)အုပ်လေတပ်စခန်း က ရဲဘော် (၄)ဦး၊ တပ်ကြပ်(၁)ဦး၊ တပ်ကြပ်ရဲ့ မိန်းမနဲ့ကလေးတို့ တပ်အတွက် ထင်းခုတ်ဖို့
TE 21 ကားနဲ့ နောင်အိမ်ရွာကို သွားယ်။ ညနေရောက်တော့ ခုတ်ထားတဲ့ထင်းတွေ ကားပေါ်တင် ပြီး တပ်ကိုအပြန် ဟိုက်ဖတ်ကျေးရွာကိုကျော်တော့ အဲဒီအချိန်က မြန်မာအစိုးရသတင်းစာမှာ ရေပန်းစားနေတဲ့ လွယ်မော်ဘိန်းဓါးပြ ခွန်ဆာရဲ့ အင်အား (၆၀၀)ကျော်ပါတဲ့ တပ်က ကားလမ်း ကို အဖြတ်နဲ့ တိုးပြီး ကားပေါ်ပါတဲ့ တပ်ကြပ်နဲ့ ရဲဘော်တွေတင်မကဘူး၊ တပ်ကြပ်ရဲ့ မိန်းမနဲ့ ကလေးကိုပါသတ်၊ စစ်တပ်ပိုင် TE 21 ကားကို မီးရှို့ပြီး ချောက်ထဲ တွန်းချခဲ့တယ်။

            အဲဒီသတင်းကိုရတော့ ဗျူဟာက ဒေသခံတပ်တွေရဲ့ ထုတ်နှုတ်အင်အားတွေနဲ့ လိုက်တိုက်ခိုင်းတယ်။ လွယ်မော်ဘိန်းမှောင်ခို ခွန်ဆာရဲ့တပ်တွေနောက် လိုက်တဲ့တပ်ကလိုက်၊ ရှေ့ကကြိုပြီး ပိတ်ဆို့ရေးလုပ်တဲ့တပ်က လုပ်ပေါ့။ (၇၁)အုပ်လေတပ်စခန်းကလဲ ရဟတ်ယာဉ်နဲ့ ရှာဖွေပစ်ခတ်ပေးတယ်။ ဒါနဲ့ မီးသွေးကုန်းနဲ့ ခိုလန်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး တပ်က အရာရှိ၊ အကြပ်၊ တပ်သား စုစုပေါင်း (၄၃)ဦး ကျဆုံးပြီး (၇၄)ဦး ဒဏ်ရာရခဲ့တယ်။

            ထွက်ပြေးတဲ့ ရဲဘော်တွေကိုတော့ နမ့်စန်မြို့ကနေ ဆီးဖမ်းပြီး ချက်ချင်း စစ်ခုံရုံးတင်၊ ထောင် (၁၀)နှစ်စီချပြီး ချက်ချင်း ရဲဘက်စခန်းပို့လိုက်တယ်။  

            တိုက်ပွဲက ပုံမှန်ဆိုရင် အဲဒီလောက် အခြေအနေဆိုးဝါးစရာမရှိဘူး။ အဲဒီတိုက်ပွဲမှာ တပ်သားသစ်လေးတွေက (၁၅)နှစ်၊ (၁၆)နှစ်အရွယ် ကလေးတွေပါလာပြီး သေနတ်သံကြား တာနဲ့ ထွက်ပြေးကြတော့ သူတို့ကိုမှန်မှာစိုးရိမ်ပြီး လိုက်ဆွဲတဲ့ အဖေ့ရဲ့သူငယ်ချင်း တပ်ခွဲအရာခံ ဗိုလ် မြင့်ဆွေနဲ့ အကြပ်တွေ၊ ရဲဘော်ကြီးတွေ အားလုံးလိုလို သေကြေဒဏ်ရာရကုန်တယ်။ အဖေတို့ (၅၃၆) တပ်က တပ်ခွဲ (၂) ဆိုရင် ဖွဲ့စည်းပုံပျက်သွားတယ်။

            အဖေတို့ ပြည်သူ့တပ်မတော်သားတွေဟာ အသက်တွေ၊ ဘ၀တွေ၊ ခန္ဓာကိုယ်တွေ ပေးဆပ်စွန့်လွှတ် စတေးပြီး လူသားအားလုံးရဲ့ ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ချက်ထုတ် လုပ်၊ မှောင်ခိုကုန်ကူးနေတဲ့ ဘိန်းဓါးပြ ခွန်ဆာနဲ့ သူ့ရဲ့တပ်တွေကို တိုက်ခဲ့ကြတယ်။

            အဲဒီတိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ မျက်ရည် တွေ မခြောက်သေးဘူး။ ကိုယ်လက်အင်္ဂါ စွန့်လိုက်ရတဲ့ ရဲဘော်တွေ ဆေးရုံတွေက ပြန်ဆင်း မလာသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေရဲ့ အော်ဟစ်ညည်းညူသံတွေလဲ မပျောက် သေးဘူး။ ယမ်းခိုးယမ်းငွေ့တွေလဲ ရှိနေတုန်းအချိန်မှာပဲ ဒို့သိပ်လေးစားနေကြတဲ့ စစ်ဗိုလ်ချုပ် ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ ရာဇ၀တ်ဥပဒေကိုတင်မကဘူး ကမ္ဘာ့ရာဇ၀တ်ဥပဒေတွေကိုပါ မျက်ကွယ်ပြုပြီး ဘိန်းဓါးပြ ခွန်ဆာကြီးကို ဘုရားဒကာ ကျောင်းဒကာ ဦးခွန်ဆာဆိုတဲ့ ဂုဏ်ပုဒ် ဘွဲ့ကို လူသိရှင်ကြား အစိုးရပိုင်သတင်းစာမျက်နှာဖုံး ထည့်ရေးဖေါ်ပြ အကာအကွယ်တွေ ပေးခဲ့တယ်။

            ဒီသတင်းစာကို ဖတ်လိုက်ပြီးတဲ့နေ့မှာပဲ အဖေ့ရဲ့ နှုတ်ထွက်စာတင်ပြီး မင်းတို့မိသားစု ရဲ့ လက်ကိုဆွဲ၊ တပ်မတော်ကြီးကို ကျောခိုင်းထွက်ခဲ့တယ်။ မင်းဆယ်တန်းအောင်လို့ DSA လျှောက်မယ်လို့ပြောတော့ မင်းကို အဖေတားခဲ့တာ မင်းမှတ်မိမယ်ထင်ပါတယ်။ အဲဒီအချိန်မှာ မင်းက ဆန္ဒတွေ အရမ်းပြင်းပြနေတော့ အဖေ့စကား မင်းနားမ၀င်ခဲ့ဘူး။ ထားပါတော့၊ ဒါက မင်းဘ၀အတွက် မင်းရဲ့ဆုံးဖြတ်ချက် မင်းအခွင့်အရေးပါ။

            အခု အဖေရေးလိုက်တဲ့ ဘိန်းဓါးပြခွန်ဆာရဲ့ တပ်နဲ့ အဖေတို့တပ်မတော်သားတွေရဲ့ တိုက်ပွဲဖြစ်စဉ်၊ တကယ့်ဖြစ်ရပ်မှန်ဘဲ။ ဒီဖြစ်စဉ်ကို ပြည်သူလူထုသိအောင် ချရေးပြပါ။ ဒါမှ စာဖတ်ပရိတ်သတ်ဖြစ်တဲ့ ပြည်သူလူထုက ဖတ်ပြီး ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူကတော့ မှန်တယ်၊ ဘယ်သူကတော့ မှားတယ်၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေ။ ဘယ်လိုဖြစ်သင့် တယ်ဆိုပြီး စဉ်းစားသုံးသပ်မှုပြုပါစေ။

            ကမ္ဘာ့အတွေးအခေါ်ပညာရှင်ကြီး ဂျွန်ရပ်စကင်းဆိုသူက ပြောတယ်။ “လူတွေ ပညာ သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်က ရာထူးဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေ ရဖို့မဟုတ်ဘူး။ မှားတာနဲ့ မှန်တာကို ခွဲခြားနိုင်ဖို့၊ တရားတာနဲ့ မတရားတာကို ဝေဖန်ပိုင်းခြားနိုင်ဖို့ဖြစ်တယ်” တဲ့။

            ဒီတော့ အဖေရေးလိုက်တဲ့ စာကိုဖတ်ပြီး BSC (DSA) ဆိုတဲ့ ဘွဲ့ရပညာတတ် ပြန်တမ်း ဝင်အရာရှိ သားကြီးနဲ့တကွ တပ်မတော်သားအားလုံးလဲ ဘယ်သူကတော့ တရားတယ်၊ ဘယ်သူ ကတော့ မတရားဘူး၊ ဘယ်သူကတော့ မှန်တယ်၊ ဘယ်သူကတော့ မမှန်ဘူးဆိုတာ ဝေဖန်ခွဲခြား သိမြင်ပြီး မှန်ကန်တဲ့ လမ်းပေါ်မှာ လျှောက်လှမ်းရင်း ပြည်သူလူထု အများရဲ့အကျိုး အစဉ် သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ ...။

x x x x x x x x x

 

 

 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org