|
၁၉၉၁
ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်(ပင်မ)မှာ
ရန်ကုန်ခရိုင် ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့
လှုပ်ရှားမှုဖြစ်ပွားခဲ့ပါတယ်။ နဝတလက်ထက် ပထမဆုံး
ကျောင်းတွေပြန်ဖွင့်ပေးတဲ့အချိန်မှာပဲ ကျွန်မတို့ရဲ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်ရေးနိုဘယ်ဆု
ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကျောင်းသားတွေဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
လွှတ်ပေးဖို့၊ တရားဝင် အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို
အာဏာလွှဲအပ်ဖို့နဲ့ ဒီမိုကရေစီရရှိရေး တို့အတွက်
ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကြောင့် ဗိုလ်ခင်ညွန့်ရဲ့
စစ်ထောက်လှမ်းရေး အဖွဲ့ဟာ ကျောင်းသားဖမ်းပွဲကြီး ကျင်းပပါတော့တယ်။
ကျောင်းသား (၅၀၀)ကျော် အဖမ်းခံခဲ့ ရပါတယ်။ ဖမ်းဆီးခံ
ကျောင်းသားအရေအတွက်ဟာ များပြားလွန်းလို့ စစ်ကြောရေးစခန်းတွေ၊
ရဲစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေနဲ့ ထောင်တွေမှာ ပြည့်လျှံနေပါတယ်။
တက္ကသိုလ် ကျောင်းများကိုလည်း ပိတ်လိုက်ပါတယ်။
ထိန်းသိမ်းခံကျောင်းသား တဝက်လောက်ကို ထိန်းသိမ်းရေးစခန်းတွေကနေပဲ
ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗကသခေါင်းဆောင်တွေ၊ NLD
လူငယ်ခေါင်းဆောင်တွေ၊ ရကသခေါင်းဆောင်တွေနဲ့ တက်ကြွတဲ့
ကျောင်းသားကျောင်းသူတွေကိုတော့ ထောင်ဒဏ် (၁၀)နှစ်ကနေ အနှစ် (၂၀) အထိ
ချမှတ်ခဲ့ပါတယ်။
ဒီလိုထောင်ဒဏ်တွေ ချမှတ်ပြီးသိပ်မကြာခင် ၁၉၉၂၊ ဧပြီလကုန်လောက်မှာ
ဗိုလ်စောမောင် ကို ဖြုတ်ချလိုက်ပြီး ဗိုလ်သန်းရွှေ အာဏာရလာကာ….
(၁) အမျိုးသားညီလာခံကျင်းပပေးမယ်။
(၂) နိုင်ငံတော်လုံခြုံရေးကို မထိခိုက်မနှောင့်ယှက်သူများကို
ပြန်လွှတ်ပေးမယ်ဆိုတဲ့ ၁၁/၉၂
အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
၁၁/၉၂ အမိန့်ကြောင့် နိုင်ငံရေးသမားတချို့နဲ့ ကျောင်းသားတချို့ ပြန်လည်
လွတ်မြောက်သွားခဲ့ကြပါတယ်။ ၉၁ ဒီဇင်ဘာအမှုတွဲနဲ့ ဖမ်းဆီးခံရတဲ့
ကျမတို့ကျောင်းသူ (၈)ဦး ရှိပါတယ်။ အဲဒီထဲကမှ (၇)ဦးဟာ ၁၁/၉၂
နဲ့လွတ်မြောက်သွားပြီး အမှုတွဲအမျိုးသမီးတွေထဲမှာ ကျမတယောက်တည်း
အခြားနိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ ထောင်ထဲမှာ ကျန်ခဲ့ပါတယ်။ ကျမဟာ
၁၉၉၁၊ ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၉၉၉၊ ဇွန်လ ၈ ရက်နေ့အထိ ထောင်ထဲမှာ
နေထိုင်ခဲ့ရပါတယ်။ ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေ
ထောင်တွင်းနှိပ်စက်ခံရမှုတွေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးကို ပြောပြပေးနေတဲ့
အဖွဲ့အစည်းတွေရှိတဲ့အတွက် ကျမအနေနဲ့ အထူးတလည် ပြောပြမနေတော့ပါဘူး။
ကျမရင်ထဲ နာကျင်စွာခံစားနေရတဲ့ အမှုပေါင်းစုံနဲ့ ထောင်ကျနေရတဲ့
အမျိုးသမီးတွေရဲ့ မွကြေနေတဲ့ ဘဝတွေအကြောင်းကိုတော့ ပြောပြချင်ပါ တယ်။
အကျဉ်းကျအမျိုးသမီး ထောင်ပေါင်းများစွာကို ထောင်ဝါဒါတွေနဲ့
သူတို့ရဲ့လိုက်ကိုင်တုတ် နှစ်ရှည်ရာဇဝတ်အကျဉ်းသား တန်းစီးတွေရဲ့
ရက်စက်စော်ကားမှုတွေဟာ ကျမအတွက်တော့ မှတ်တမ်းဒိုင်ယာယီလို
ရင်ထဲစွဲမြဲနေပါတော့တယ်။ မှတ်တမ်းဒိုင်ယာယီတော့ ဒိုင်ယာယီပါပဲ၊
ဒါပေမယ့် ငရဲဒိုင်ယာယီ။
ကျမထောင်ကိုရောက်ခါစ ထောင်ကျအကျဉ်းသူ ၅၀၀ လောက်ပဲ ရှိပါတယ်။ နောက်
ပိုင်းမှာတော့ အကျဉ်းသူ ၇,၀၀၀ လောက်အထိ တိုးပွားလာပါတယ်။ လူသတ်မှု၊
မူးယစ်ဆေးဝါး ရောင်းဝယ်မှု - သုံးစွဲမှု၊ လိမ်ညာမှု၊
ဧည့်စာရင်းမတိုင်ကြားမှု၊ လမ်းဘေးဈေးရောင်းမှု၊ မသင်္ကာမှု၊ ပြည့်တန်ဆာမှု၊
အချိန်မတော် လမ်းလျှောက်မှု စတဲ့အမှုပေါင်းများစွာနဲ့ အမျိုးသမီး
အကျဉ်းသူ တွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမထောင်ကျစမှာ မူးယစ်ဆေးဝါးမှု၊
ပြည့်တန်ဆာမှုနဲ့ ရောက် လာတဲ့ အမျိုးသမီးတွေ နည်းနည်းပဲရှိရာကနေ
တနှစ်ထက်တနှစ်ကို ပိုမိုများပြားလာတာ သတိ ထားမိပါတယ်။ ပြည့်တန်ဆာမှုဟာ
အများဆုံးဖြစ်လာတာ တွေ့ရပါတယ်။ တချို့ဆို အသက် မပြည့်သေးတဲ့
ကလေးမလေးတွေကိုပါ တွေ့လာရတာ စိတ်မချမ်းမြေ့စရာပါ။ တချို့အမှုတွေနဲ့
ကျလာတဲ့အထဲမှာ အသက်အရွယ်ကြီးကြီး အဖွားအရွယ် အမျိုးသမီးကြီးတွေပါ
ပါတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဘယ်အမှုနဲ့ဖြစ်ဖြစ် ထောင်ထဲရောက်ရင်
တရိစ္ဆာန်လို၊ ကျေးကျွန် လို အခိုင်းအစေခံရပါတယ်။ မာနတွေ၊ သိက္ခာတွေ
ရိုက်ချိုးခံရပါတယ်။
ထောင်ထဲက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သိပ်သနားဖို့ကောင်းပါတယ်။ အစားအစာ
မဝလင်၊ မလုံလောက်တဲ့အတွက် အဟာရချို့တဲ့ပြီး မီးမဖွားနိုင်ပဲ
ကလေးရောမိခင်ပါ သေဆုံးရ တာတွေ ရှိပါတယ်။ ကလေးမွေးတဲ့နေရာမှာလည်း
ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆေးမှူးတွေနဲ့ မွေးဖွားခွင့်ပေးတာမဟုတ်ပါဘူး။
ရက်တိုသင်တန်းပေးထားတဲ့ နှစ်ကြီးအကျဉ်းသူတွေနဲ့ မွေးဖွားခိုင်းတာပါ။
ဒီလို မကျွမ်းကျင်သူတွေနဲ့ မွေးဖွားရတာကြောင့် ကလေးတွေ ကိုယ်လက်
အင်္ဂါချို့တဲ့တာတွေ၊ ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ ကလေးတွေနဲ့
သေဆုံးမှုတွေ မကြာခဏ ဖြစ်ရတော့တာပါပဲ။ မီးဖွားတဲ့ မိခင်တွေလည်း ဒီလိုနဲ့
ထိခိုက်သေကြေရတာပါ။
မီးဖွားပြီးမိခင်တွေဟာ အညစ်အကြေးသန့်ရှင်းဖို့ ရေအလုံအလောက် မရကြပါဘူး။
ထောင် ၃ လ အကျခံထားရတဲ့ မီးဖွားပြီးကာစ အမျိုးသမီးတယောက်ဟာ
သူ့အညစ်အကြေးတွေ သန့်စင်ဖို့ ရေကန်က ရေသွားခပ်တာ
အရိုက်အနှက်ခံခဲ့ရပါတယ်။ သွေးနုသားနုနဲ့ဖြစ်တာမို့ အဲဒီ ဒဏ်နဲ့ပဲ သူမဟာ
သေဆုံးသွားခဲ့ရပါတယ်။ သူမသေဆုံးပြီးနောက်ပိုင်း သူမရဲ့ကလေးကို
နို့တိုက် မယ့်သူ မရှိတာကြောင့် သေဆုံးရပြန်ပါတယ်။ ထောင်ထဲမှာ
ကလေးတွေသေဆုံးရင် ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး ဝါဒါမတွေက
ယူသွားပါတယ်။ ထုံးတမ်းစဉ်လာအရ သင်္ဂြိုဟ်တာမျိုး ရှိမယ်မထင်ပါဘူး။
ဘယ်ယူပြီး ဘာလုပ်သလဲ မသိရဘူး။ ကျီးစားစား လဒ ထိုးထိုးဆိုပြီး
အမှိုက်ပုံမှာပဲ ပစ်ခဲ့ကြလေသလား။
အမေတွေထောင်ကျတဲ့အခါ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ထောင်အပြင်မှာ
အုပ်ထိန်းစောင့်ရှောက်မယ့်သူမရှိတဲ့ ကလေးတွေဟာ ထောင်ထဲကို
အတူပါလာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးနဲ့
ပညာရေး စတာတွေကို အကျဉ်းထောင်အာဏာပိုင်တွေက ဘာမှ တာဝန်ယူတာမဟုတ်ဘူး။
မိခင်နဲ့အတူ နေထိုင်ခွင့်ဟာ ကလေးတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ။
ကလေးတွေဟာ သူတို့မိခင်တွေနဲ့အတူ အရွယ်နဲ့ မလိုက်အောင် လောကငရဲကို
ရင်ဆိုင်နေရပါတယ်။ ရေဆိုရင် လူကြီးဆို ငါးခွက်ချိုးခွင့်ပေးပေမဲ့
ကလေးတွေကိုတော့ နှစ်ခွက်ပဲ ချိုးခွင့်ပေးပါတယ်။ ကလေးလူကြီးအားလုံး ရေ
ဝဝလင်လင် မချိုးရလို့ ဝဲတွေ၊ ယားနာတွေ စွဲကပ်နေပါတော့တယ်။ ကလေးတွေဟာ
ကွန်ကရစ်ကြမ်းပြင်မှာ အိပ်ရပါတယ်။ အဲဒီလို အပူအအေးမမျှတလို့ ကလေးတွေဟာ
ဖျားနာပြီး သေဆုံးရပါတယ်။ TB လိုကူးစက်ရောဂါတွေဟာ
ကိုယ်ခံအားမကောင်းသေးတဲ့၊ နုနယ်တဲ့ ကလေးတွေကို အများဆုံး ကူးစက်ပါတယ်။
ဝါဒါနဲ့ တန်းစီးတွေရဲ့ ရိုက်နှက်မှုကိုလည်း အချိန်နှင့်အမျှ ခံနေရတာပါ။
ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ အိပ်ရတဲ့အတွက် အောက်ပိုင်းချိတာ၊ လေဖြတ်တာ၊
ဦးနှောက်သွေးကြောပြတ်တာတွေဟာ သက်ကြီးရွယ်အို အကျဉ်းသူကြီးတွေကို
သတ်နေတဲ့ ရောဂါတွေပါပဲ ။
ထောင်တွင်း လာဘ်ပေးလာဘ်ယူမှုတွေဟာလည်း အင်မတန် ဆိုးဝါးစွာ တွေ့ရှိရပါ
တယ်။ ထောင်ဥပဒေအရ ထောင်ထဲမှာ ငွေမသုံးရပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့
ထောင်ထဲမှာ ငွေရှိရင်၊ ငွေပါသွားရင် တော်တော်လေး အဆင်ပြေပါတယ်။
ဝါဒါတွေ၊ တန်းစီးတွေကို ငွေပေး နိုင်ရင် သစ်သားကွပ်ပျစ်ပေါ်မှာ
အိပ်ခွင့်ရတယ်။ ရေ ဝဝချိုးခွင့်ရတယ်။ အရိုက်အနှက်မခံရဘူး။ အလုပ်ကြမ်း
မလုပ်ရဘူး အစရှိတဲ့ အခွင့်အရေးများကို ရပါတယ်။ စားချင်တဲ့ အစားအစာ
ဝယ်စားလို့ ရပါတယ်။ ငွေမပေးနိုင်တဲ့ အကျဉ်းသူတွေဟာ ရေချိုးလည်း
အရိုက်ခံရ၊ ထမင်းယူတဲ့ အခါလဲ အရိုက်ခံရ၊ အလုပ်ကြမ်းလုပ်တဲ့အခါလည်း
အရိုက်ခံရနဲ့ ဘယ်တော့မှမလွတ်ပါဘူး။ ဒီလိုမျိုးတွေမခံရအောင်
အကျဉ်းသူတွေဟာ ထောင်အာဏာပိုင်များကို ငွေပေးရပါတယ်။ (၂)နည်း
ရှိပါတယ်။ ပထမနည်းကတော့ အိမ်က ထောင်ဝင်စာလာတဲ့အခါ မိသားစုကို ထောင်
အာဏာပိုင်တွေရဲ့ အိမ်သွားပြီး ငွေပေးခိုင်းတာပါ။ ထောင်အခေါ်ရဆိုရင်
လိုင်းဝင်တာပေါ့။ ဒုတိယနည်းကတော့ ထောင်ထဲကို နည်းပေါင်းစုံနဲ့
ငွေသွင်းယူလာတာပါ။
တချို့ဆိုရင် ငွေကို ပလတ်စတစ်နဲ့ ကျစ်ကျစ်ပါအောင်ထုတ်၊ သေးသေးလေးဖြစ်
အောင် မီးနှင့်ပိတ်ပြီးတော့ မိန်းမလိင်အင်္ဂါထဲကို ထည့်ဝှက်ပြီး
ယူလာတာပါ။ ဒီလို ယူလာတတ် တာကို သတင်းပေါက်ကြားသွားတဲ့အခါ တရားရုံးထွက်
အမှုရင်ဆိုင်ပြီး ထောင်ကို ပြန်ဝင်လာတဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲကို
လက်နဲ့နှိုက်ပြီး ရှာပါတယ်။ အရှာခံဖို့ ငြင်းတယ်ဆိုရင် အသေ အကြေ
ရိုက်တော့တာပါပဲ။ အပျိုအအိုမရွေး ဒီလိုပါပဲ။ ဒီလိုနှိုက်တဲ့အခါ
ထောင်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် နှစ်ကြီးအကျဉ်းသူတွေဟာ လက်အိတ်
အသေအချာသုံးတာမဟုတ်ပါဘူး။ တွေ့ကရာ ပလတ်စတစ်အိတ်စွပ်ပြီး
ရှာဖွေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ နာကျင်တာ၊
သားအိမ်တွေ ထိခိုက်တာ၊ ရောဂါကူးစက်တာတွေ ဖြစ်လာပါတယ်။ ဒီအပြုအမူဟာ
ကျမတို့မြန်မာအမျိုးသမီးတွေရဲ့ အရှက်အကြောက်၊ ဂုဏ်သိက္ခာတွေ အားလုံးကို
ရိုက်ချိုးစော်ကားတာဖြစ်ပါတယ်။
ဧည့်စာရင်းမတိုင်လို့ ထောင်ကျရရှာတဲ့ မိန်းမပျိုလေးတစ်ယောက်ဆိုရင်
သူ့လိင်အင်္ဂါ ထဲကို နှိုက်ရှာမယ်ဆိုတော့ အကြောက်အကန် ငြင်းရှာပါတယ်။
ငိုယိုပြီး တောင်းပန်ပါတယ်။ အတင်းအဓမ္မရိုက်နှက်ပြီး အရှာခံရတယ်။
ငွေလည်းမတွေ့ပါဘူး။ သူဟာဆိုရင် ရှက်လွန်းလို့ ငိုလိုက်တာ နာကျင်မှုလည်း
ခံစားရနဲ့။ ကျမတို့ မြန်မာအမျိုးသမီးတွေဟာ အပျိုစင်ဆိုတာကို
ဂုဏ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို အကျဉ်းထောင်ထဲမှာ လက်နှင့်
အဓမ္မအကျင့်ခံရသလို အလုပ်ခံရတာဟာ အင်မတန်မှ ဆိုးရွားပါတယ်။
စစ်အုပ်စုရဲ့ စိတ်ထင်ရာစိုင်း ပေါ်လစီတွေကြောင့် ဗမာပြည်ရဲ့ စီးပွားရေး
ချွတ်ခြုံကျ လာပါတယ်။ တဦးချင်း ၀င်ငွေနည်းပြီး ကုန်ဈေးနှုန်းက
ကြီးမြင့်လာပါတယ်။ ၀င်ငွေထွက်ငွေ မမျှတတဲ့ဒဏ်ကို ခံကြရပါတယ်။
ယောင်္ကျားတွေရဲ့ ၀င်ငွေဟာ မိသားစုကို ၀လင်အောင် မကျွေး နိုင်တော့တဲ့
အခြေအနေပါ။ ဒီတော့ မိသားစုဝင် မိန်းမသားတွေဟာ ၀င်ငွေရအောင် ရှာရပါ
တော့တယ်။ ဒီလိုနဲ့ လမ်းမှားရောက်သွားရတဲ့သူတွေ ပိုမိုများပြားလာပါတယ်။
ထောင်ထဲမှာ ပြည့်တန်ဆာမှုနဲ့ ၀င်လာတဲ့ အမျိုးသမီးဦးရေ
တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပါတယ်။ ပြည့်တန်ဆာမှုနဲ့
ထောင်ကျလာတဲ့ အသက်မပြည့်သူ မိန်းကလေးတွေလဲ အများကြီးပါ။
သူတို့ကို
ရဲတွေက အများအားဖြင့် လမ်းမပေါ်တွေ၊ ဇိမ်ခံခန်းတွေကနေ ဖမ်းဆီး
ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ရဲစခန်းနှင့် အချုပ်ခန်းတွေမှာလည်း
ရေမချိုးရပါဘူး။ ရေချိုးရင် ငွေပေးရတယ်။ ရဲက တရားစွဲ၊ တရားရုံးက
ထောင်ချလိုက်တဲ့အခါ သူတို့ ညစ်ပတ်နေကြပြီ။ ထောင်ထဲမှာလည်း
ရေ၀အောင်မချိုးရပါဘူး။ ရေချိုးပြီးရင် လဲစရာအ၀တ်မရှိကြပါဘူး။ ဒါကြောင့်
ခါးဝတ်ထမီကိုပဲ ရင်ရှားပြီး ရေချိုးရပါတယ်။ ပြည့်တန်ဆာပင်ဖြစ်သော်လည်း
မြန်မာမိန်းကလေး တွေဖြစ်တဲ့အတွက် အရှက်တရားရှိပါတယ်။ ဒါကြောင့်
ထမီရင်ရှားပြီး ရေချိုး၊ ပြီးရင် လဲစရာ ထမီမရှိလို့ နေပူထဲမှာ
မတ်တတ်ရပ် ထမီအခြောက်ခံရပါတယ်။ မိုးရွာရင်တော့ ရေစိုနဲ့ပဲ နေရပါ တယ်။
ထောင်ကပေးတဲ့ ဆပ်ပြာက အညံ့စား၊ ရေနဲ့ထိရင် ပျော်သွားရော၊ တပတ်မှာ
တစ်တုံးပဲ ရတာ။
အ၀တ်တွေလျှော်ဖို့လည်း ရေမရှိဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့
ကိုယ်အနံ့ဟာ ဆိုးဆိုးရွားရွား ထွက်ပေါ်နေပါတယ်။ မိန်းမဆောင်တစ်ခုလုံး
အနံ့ဆိုးကြီးတွေ လွှမ်းမိုးနေပါတယ်။ သူတို့ကိုယ်ပေါ်မှာ ၀ဲတွေ၊
ယားနာတွေနဲ့ မိန်းမသဘာဝ ဓမ္မတာ လာချိန်မှာသုံးတဲ့ အသုံး အဆောင်တွေ
မထောက်ပံ့တဲ့အတွက် မိန်းမဆောင်ရဲ့ အနံ့ဆိုးတွေ၊ ညစ်ပတ်မှုတွေဟာ
အော်ဂလီဆန်ချင်စရာပါပဲ။
ပြည့်တန်ဆာအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကနေ ကူးစက်တဲ့ရောဂါတွေ
အများဆုံး ကူးစက်ခံရပါတယ်။ အထူးသဖြင့် ပေါ်လွင်လှတဲ့ ဆစ်ပလစ်၊ ဂနိုနဲ့
ရှန်ကာ ရောဂါအနာတွေဟာ မိန်းမအင်္ဂါမှာ ဖြစ်ပွားနေပါတယ်။ ဆေးကုသမှု
လုံလောက်စွာမရလို့ ပိုဆိုးလာပြီး ဆိုးဝါးတဲ့ အနံ့တွေနဲ့ နေရပါတယ်။
ထောင်ထဲက လိင်အင်္ဂါမှာဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက် ဆေးမြီးတို ကတော့
ပရုပ်လုံးပါပဲ။ ပရုပ်လုံးကိုကြိတ်ပြီး လိင်အင်္ဂါထဲကို ထည့်လိုက်ရင်
လတ်တလောတော့ အနာပျောက်သွားတာပေါ့။ ရောဂါတော့မပျောက်ဘူး။
ရယ်စရာကောင်းတာက တပတ်တခါ အကျဉ်းထောင်တခုလုံးကို ထောင်ပိုင်တွေ၊
ညွှန်မှူးတွေ လိုက်လံ စစ်ဆေးကြည့်ရှုရတယ်။ ဒီလိုကြည့်ရှုစစ်ဆေးတဲ့အခါ
ကျမတို့ မိန်းမ ဆောင်ဟာ အနံ့ဆိုးကြီးတွေပြင်းထန်လွန်းလို့
အဆောင်တွေထဲကို မ၀င်ပဲ အဆောင်ဝကနေ ကြည့်ပြီး
လှည့်ပြန်သွားလေ့ရှိုပါတယ်။
ထောင်ထဲမှာ
နှိပ်စက်တာကတော့ တီဘီရောဂါပါပဲ။ HIV/AIDS တို့တောင် သွေးစစ် မကြည့်လို့
ဘယ်လောက်တောင်ရှိမယ်ဆိုတာ မသိရပါဘူး။ ၁၉၉၄ ခုနှစ်ကစပြီးတော့ HIV ရောဂါ
ပိုးရှိနေတဲ့ ပြည့်တန်ဆာတွေကို ရဲဘက်စခန်းတွေပို့ပြီး အလုပ်ကြမ်းတွေ
ခိုင်းစေပါတယ်။ ငွေ မပေးနိုင်သူတွေကိုလည်း
ရဲဘက်စခန်းပို့တာတွေရှိပါတယ်။ အကျဉ်းထောင်ဥပဒေအရ ရောဂါရှိ သူတွေ၊
ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို ရဲဘက်စခန်းပို့ အလုပ်ကြမ်းခိုင်းတာ
မရှိရပါဘူး။ ဒါပေမဲ့ ဥပဒေမဲ့စွာ ထောင်အာဏာတွေက
ကျူးလွန်နေကြတာပါ။ ရဲဘက်စခန်းတွေမှာ ထောင် အာဏာပိုင်တွေက လုပ်သင့်တာထက်
ပိုခိုင်းပြီး သူတို့အတွက် အပိုဝင်ငွေရှာပါတယ်။ အကျဉ်း သူတွေကို
ကျွေးရမဲ့ ရိက္ခာတွေကို ခိုးထုတ်ပြီး အကျဉ်းသူတွေကို မ၀ရေစာပဲ
ကျွေးပါတယ်။ ပူပြင်းတဲ့ရာသီမှာ ကျောက်ထုခိုင်း၊
အလုပ်ကြမ်းလုပ်ခိုင်းပြီး ရေနှစ်ခွက်ပဲ ချိုးရတာကြောင့် အကျဉ်းသူတွေဟာ
အရေပြားမှာ ၀ဲတွေ၊ ယားနာတွေ စွဲကပ်ပြီး လူလုံးမလှတဲ့ဘ၀နဲ့ ခွေးသေ၊
ဝက်သေ သေရတဲ့ဘ၀တွေပါ။
ကျမတို့အကျဉ်းသူအားလုံးဟာ နိုင်ငံရေးအမှုနှင့်ဖြစ်စေ၊
အခြားရာဇ၀တ်မှုနှင့်ဖြစ်စေ၊ အပြစ်ရှိလို့ ထောင်ချတာဖြစ်စေ၊ အပြစ်မဲ့
မတရားဖမ်းဆီးခံရတာဖြစ်စေ ကျမတို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။
လူပီသစွာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဘ၀လုံခြုံမှုတွေကို တောင့်တ
လိုချင်ကြတာချည်းဖြစ်ပါတယ်။
“လူတစ်ယောက်ထောင်ကျတယ်ဆိုတာ လူအဖြစ်ရပ်တည်ခွင့် အခွင့်အရေးနှင့် ဘ၀တွေ
အကြွင်းမဲ့ ပျက်သုဉ်းစေဖို့မှမဟုတ်ပဲ။ သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အတွက်
သူ့ရဲ့ လွတ်လပ်မှုတချို့ကို ခေတ္တ ထိန်းသိမ်းပေးလိုက်တာပါ။ သူ့ရဲ့
မွေးရာပါအခွင့်အရေးကို ဖျက်ဆီးစော်ကားခံရဖို့ မဟုတ်ပါဘူး”
x x x x x x x x x |