|
ကိုဘဂျမ်းရဲ့ ဖန်မီးအိမ်ကဗျာစာအုပ်ထွက်တော့ ကျနော်ရှစ်တန်းတက်နေတာပါ။
အဲဒီ တုန်းက ကျနော်ဟာ ၀တ္ထုနဲ့ ဆောင်းပါးတော့ ဖတ်ပါရဲ့။ ဒါပေမဲ့
ကဗျာဆိုလို့ ကျောင်းစာကလွဲ လို့ မဖတ်ဖူးသလောက်ပါပဲ။
ဆရာမင်းသုဝဏ်ရဲ့ကဗျာ အနည်းအပါးတော့ ဖတ်ဖူး၊ ကျက်မှတ် ဖူးပါတယ်။ ဒါပေမဲ့
မောင်ခွေးဖို့ ကဗျာများထဲကသာ များပါတယ်။ ဒီလိုနဲ့ ကိုဘဂျမ်းရဲ့
ဖန်မီးအိမ်ထွက်လာတော့ ကျနော်တို့အိမ်ထဲမှာ ချီးကျူးသံတွေ နားလျှံအောင်
ကြားလာရပါ တယ်။ ဒီအထဲမှာ ကျနော့်အမေက ထိပ်ဆုံးကပါပါတယ်။
ဘယ်အပုဒ်ကလေးကဖြင့် ဘယ်လို၊ ကောင်းလွန်းလို့- ကောင်းလွန်းလို့နဲ့။
အယ်ဒီတာခန်းမှာလည်း ပြောကြ၊ ထမင်းစားကြရာမှာ လည်း ပြောကြ၊ အဲဒီအထဲက
အပိုဒ်တွေ၊ စာကြောင်းတွေ ရွတ်ပြကြ၊ ကိုးကားကြနဲ့၊ ကြားရဖန် များတော့
ခရစ်ယာန်သာသနာပြုကျောင်းသား ကျနော်လည်း စိတ်ဝင်စားလာပါတယ်။ ဒါနဲ့
အမေ့ကိုကပ်ပြီး ဘယ်အပုဒ်ဖတ်ရမလဲလို့ မေးခဲ့ပါတယ်။ ဒီတော့ အမေက
ဘယ်အပုဒ်က ဘယ်လိုကောင်းတာဆိုပြီး ထောက်ပြ၊ ရှင်းပြပြီး
ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းပါတယ်။ စာအုပ်ထဲက သူကိုယ်တိုင်
အလွတ်ရနေတာတွေလည်း ရွတ်ပြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ မောင်နှမတွေ၊
အကြီးတွေ အားလုံး ဖန်မီးအိမ်စာအုပ်ကို အားတက်သရော ဖတ်ကြပါတယ်။
သူ့ရဲ့ဖန်မီးအိမ်ကဗျာများ ပထမအကြိမ်ရိုက်ခြင်းဟာ ကရောင်း ၁၆
ချိုးအရွယ်၊ အများ အခေါ် ၀တ္ထုဆိုက်လေးပါ။ အဖုံးက အဲဒီခေတ်
မန္တလေးတက္ကသိုလ် နံရံကပ်စာစောင်တွေနဲ့ နှစ်လည်မဂ္ဂဇင်းတွေမှာ
အစွမ်းပြနေတဲ့ ရွှေဘိုက ကိုစိန်မောင်ဖြစ်ပါတယ်။ ကိုစိန်မောင်ဟာ
ကျောင်းသားညီညွတ်ရေးတပ်ဦးအတွက်လည်း ပိုစတာတွေ၊ ပန်းချီတွေ
ရေးပေးတတ်ပါတယ်။ ကိုစိန်မောင့်လက်ရာက ပန်းချီ(ဦး)အောင်စိုးဟန်နဲ့
အဖြူရောင်နောက်ခံမှာ အနီရောင်နဲ့ အနက် ရောင် အသုံးပြုပြီး ဆွဲထားတဲ့
ဖန်မီးအိမ်လေး ဖန်လဲ့လဲ့ကို ဆွဲထားတာဖြစ်ပါတယ်။ ကဗျာ စာအုပ်အဖုံး
ပီပြင်လှပါတယ်။
အဲဒီလိုနဲ့ ကျနော်ဘ၀မှာ ဖန်မီးအိမ်လေးထွန်းညှိလိုက်တဲ့အခါမှာ
ကျနော့်ခေါင်းနဲ့ နှလုံးသားထဲမှာ မကြုံစဖူးလင်းထိန်သွားပြီး
ဒီနေ့အထိအလွတ်ရနေတဲ့ ကဗျာတွေကိုဖတ်မိ၊ အလွတ်ကျက်မိပါတော့တယ်။
ကျောင်းစာအပြင်က ကဗျာတွေထဲမှာ အထက်မှာ ပြောခဲ့တဲ့ ကလေးကဗျာတွေကလွဲရင်
ကျနော် ပထမဆုံးအလွတ်ကျက်ခဲ့၊ ရခဲ့တာဟာ ဖန်မီးအိမ်စာအုပ် ထဲက
ကဗျာတွေပဲလို့ဆိုရင် မမှားပါဘူး။
ကျနော် ခေတ်ကဗျာကို ကြိုက်တတ်သွားပါပြီ။ ကဗျာရေးချင်စိတ်လည်း
ပေါ်လာခဲ့ပါပြီ။
တကယ်တော့ အဲဒီအခါက ကိုဘဂျမ်း လူထုဂျာနယ်ထဲမှာ နာမည် အမျိုးမျိုးနဲ့
ရေးနေ တာ နှစ်တချို့ရှိ သွားပါပြီ။ ဒါပေမဲ့ သူ့ကဗျာတွေကို
ကျနော်သတိမပြုတာ အမှန်ပါ။ အကြောင်း က ကျနော်က လူထုဂျာနယ်ကိုဖတ်ရင်
(ဦးလေး)ကျားဘငြိမ်းရဲ့ လက်ဝှေ့ဆောင်းပါး၊ ရွှေကိုင်း သားရဲ့ဆောင်းပါး၊
ဝတ္ထု စတာတွေလောက် ဖတ်တာပါ။ စာဖတ်ပါး လုံးဝ မ၀သေးတဲ့အရွယ် ဖြစ်ပါတယ်။
ဒါကြောင့် ကိုဘဂျမ်းကိုလည်း မမြင်ဖူး၊ ဒါမှမဟုတ် မြင်ဖူးသော်လည်း
သတိမထား မိဖူးပါဘူး။ ပထမဆုံး တွေ့ဖူးတာက သူ့ဖန်မီးအိမ်ဆုရတယ်ဆိုတဲ့
သတင်းကို ရေဒီယိုက ကြား ရပြီး နောက်တနေ့မှာ သူရယ်၊ ကိုသာနိုးရယ်၊
နောက်တဦးက ကိုစိန်မြင့်(မောင်မိုးသူ) လို့ ထင်တယ်။ သုံး - လေးယောက်
ကျနော်တို့အိမ်ကိုလာပြီး ကျနော့်အဖေနဲ့အမေကို တွေ့ကြပါ တယ်။ မှတ်မှတ်ရရ
ညဦးပိုင်းတခုမှာပါ။ ကျနော်အမှတ်မမှားရင် ကိုသာနိုးက အဲဒီတ၀ိုက်တုန်းက
ကျနော်တို့အိမ်က အယ်ဒီတာအဖွဲ့မှာ အလုပ်လုပ်နေပါတယ်။
နေ့တိုင်းတွေ့နေရတဲ့လူပါ။ နောက်ပြီး မှန်တာပြောရရင် အဲဒီတုန်းက
ကျနော်တို့အရွယ်နဲ့ သူ့အရည်အသွေးတွေကို မသိပါ ဘူး။
ထောင်တန်းအကျခံထားတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း တယောက်ဆိုတာလောက် ပဲ
နားလည်ထားတာပါ။ ကိုစိန်မြင့်ကတော့ (ကျနော့်အမေစကားနဲ့ပြောရရင်) သူ့အဖေ
ကိုဗတုတ်(တောထဲမှာ ကျဆုံးသွားသူ)လိုပဲ လူထုတိုက်ကို ၀င်ချင်တဲ့အချိန်
ဝင်လာပြီး ထွက်ချင် တဲ့အချိန် ပြန်ထွက်သွားတဲ့ အိမ်သားတယောက်လို
နေတဲ့လူပါ။
သူတို့လာတယ်ဆိုတာနဲ့ အမေက ကျနော်တို့ကို မင်းတို့တွေ့ဖူးချင်တဲ့
မောင်ဘဂျမ်း တို့ လာတယ်ဟေ့လို့ လှမ်းပြောပြီး သူတို့စောင့်နေတဲ့
ဧည့်ခန်းထဲကို ၀င်သွားပါတယ်။ ဒီအခါ မှာ ကျနော်တို့မောင်နှမတွေ
အကြီးအကျယ် လှုပ်ရှားကုန်ပါတော့တယ်။ ကျနော်ရယ်၊ ကျနော့် အမရယ်၊
ကျနော့်နှမရယ် ခေါင်းချင်းရိုက်တိုင်ပင်ပြီး ကိုယ့်မှာရှိတဲ့
အော်တိုစာအုပ်လေးတွေ ထုတ်ပြီး ဧည့်ခန်းတံခါးပေါက်ဘေး၊
အခန်းစည်းနောက်ကနေ ပြူတစ်ပြူတစ် လုပ်ကြပါတယ်။ ဒီအခါမှာ
ကျနော်တို့ကိုလှမ်းမြင်တဲ့ အမေက “ဟဲ့၊ ဘာကြည့်နေတာလဲ၊ ၀င်ခဲ့ကြလေ”လို့
လှမ်း ခေါ်ပါတယ်။ ပြီးမှ ဧည့်သည်များဘက်ကိုလှည့်ပြီး “ဟောဒီမှာ၊
မောင်ဘဂျမ်းကို တွေ့ဖူးချင်လို့ တဲ့” ဆိုပြီး ဒီဟာက ဘယ်သူ၊ ဟိုဟာက
ဘယ်ဝါဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒီတော့မှ ကျနော် တို့ကလည်း
ကိုယ့်နောက်မှာ ၀ှက်ထားတဲ့ အော်တိုစာအုပ်လေးတွေ ထုတ်ပေးပြီး အော်တို
ရေးပေးဖို့ မ၀ံ့မရဲပြောကြပါတယ်။ အဲဒီတုန်းက ကိုသာနိုးရဲ့ ကိုစိန်မြင့်က
ရေးပေးမယ်ဆိုတာကို ကျနော်တို့က သိပ်သဘောမတူချင်ကြပါဘူး။ သူတို့က
အမြဲမြင်တွေ့နေတဲ့လူတွေကိုး။
ကိုဘဂျမ်းက ကျနော့်အမ အော်တိုစာအုပ်ထဲမှာ ရေးပေးပြီးတဲ့နောက်
ကျနော့်စာအုပ် ထဲမှာ ရေးပေးပါတယ်။ ကလေးတွေမို့ ပေါ့ပေါ့တန်တန်၊
ပြီးစလွယ်ရေးပေးတာ မလုပ်ပါဘူး။ သူ့ရဲ့ရေးနေကျ
လက်ရေးဝိုင်းဝိုင်းကြီးတွေနဲ့ စာကြောင်းလေးတိုတိုကို ဖြေးဖြေးနဲ့
မှန်မှန် ရေးပေးပါတယ်။
“ရိုးသားမှုသာ ချစ်စရာ” တဲ့။
ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ သူနဲ့ပတ်သက်ပြီး ကျနော်တို့မောင်နှမတတွေ
ကြားဖူးထား တာကိုက “တင်မိုးဆိုတဲ့လူဟာ သူ့ကဗျာလေးတွေ
လှပ-ဆန်းညွန့်သလောက် သူကိုယ်တိုင်က တော့ အနေအထိုင်၊ အပြောအဆို
ဘယ့်ကလောက်၊ ဘယ်ကလို ရိုးသားတဲ့” ဆိုတာမျိုးတွေ မဟုတ်လား။ ဒါကြောင့်
သူ့ဆောင်ပုဒ်လို့ဆိုရမယ့် စကားရပ်ကို အခုလို လှလှလေး ရေးပေး လိုက်တော့
ကျနော့်တသက် မမေ့နိုင်စရာ ဖြစ်သွားပါတော့တယ်။ အဲဒီနောက် ကျနော်လည်း
အော်တိုစာအုပ်ကို သူ့လက်ထဲက ပြန်ယူပြီးနောက် သူ့မျက်နှာကို
ပြန်ကြည့်လိုက်ပါ တယ်။ သူ့ရဲ့စံကျလှတဲ့၊ ကြင်နာမှုအပြည့်ပါတဲ့၊
တကယ့်ကိုရိုးသားတဲ့ အပြုံးကို တွေ့ရပါတယ်။
အဲဒီနောက် ကျနော်တို့ မောင်နှမတတွေ သူရေးပေးလိုက်တဲ့ အော်တိုလေးတွေကို
တယောက်- တယောက်ပြကြ၊ သူများတွေကို ပြကြနဲ့ တကယ့်ကို ကလေးတွေလို
ပျော်သွားကြ ပါတယ်။ ဂုဏ်လည်း ယူကြပါတယ်။ ဖတ်ရတဲ့ လူတိုင်းကတော့ အဲဒီ
“ရိုးသားမှုသာ ချစ်စရာ” ဆိုတာလေးကိုပဲ ကောင်းလိုက်လေလို့
မှတ်ချက်ချကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့လည်း ဖန်မီးအိမ်ထဲက မနည်းလှတဲ့
ကဗျာတွေကို အလွတ်ကျက်ပြီး တက္ကသိုလ်ဝင်တန်းကို ရောက်လာ ပါတယ်။
ကျနော်တို့ခေတ်က (၉) တန်းနှင့် တက္ကသိုလ်ဝင်တန်း တက်ရပါတယ်။ တက္ကသိုလ်ဝင်
စာမေးပွဲကြီးနီးတော့ ကျနော်က မနက်ကျောင်းမတက်ခင်
ကျောက်သင်ပုန်းကြီးပေါ်မှာ ဖန်မီးအိမ်ထဲမှာပါတဲ့ နွယ်သာကီသံဖြတ်တပုဒ်ထဲက
-
“အလို-ဖရက်ရှက်လေး
ရက်ကြာမနှေးစေနှင့်
အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီက
ရွှေညာသူပျိုဖြူတသိုက်ကယ်တို့
အမျှော်စိုက်ကာ ရွှင်ချိုချိုပ
သပြေညိုရွှေဘိုပန်းရယ်နဲ့
လက်ကမ်းကာ ကြိုနှင့်မယ်လေး”
(စာသားနည်းနည်းမှားနိုင်ပါတယ်)
|