Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ရသစာစု

 

 
 

အစဉ်အလာနဲ့ ဂုဏ်ပြောင်တဲ့ ဒီမေလရဲ့နံနက်ခင်းတခုမှာပါ။ အမှောင်မှ အမဲ၊ အမဲမှ မီးခိုး၊ မီးခိုးမှ နက်ပြာ၊ နက်ပြာမှ ခရမ်း၊ ခရမ်းမှ လိမ္မော်၊ လိမ္မော်မှ အနီ။ တဖြေးဖြေးပြောင်းလဲခြင်းမှ တဟုန်ထိုးပြောင်းလဲခြင်းတို့နဲ့အတူ ရောင်နီအလင်းတန်းများ ပေါ်ထွက်ခဲ့ပြီ။ လင်းလက်တဲ့ နံနက်ခင်းတခုကို ရောင်နီနဲ့အတူ ကြိုဆိုလိုက်ကြပြီ။

            သြကာသလောကရဲ့ နံနက်ကြိုသံစဉ်များကြားထဲမှ ခိုင်မာတဲ့ သူ့ရဲ့အသံ၊ ပြတ်သားမှု နဲ့အတူ လှိုက်လှဲလေးနက်စွာ သီဆိုလိုက်တဲ့ သူ့ရဲ့ကြွေးကြော်မှုရဲ့ သံစဉ်ဟာ ပေါ်ထွက်လာခဲ့ပြီ။

            “ထလော့ ... အငတ်ဘေးကျရောက်သူ ဒို့တတွေ၊ ထလော့ ... ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ ... တော်လှန်ဖို့ ညီညွတ်ပြီး ကြွေးကြော်လို့နေ ... နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ ...
           ... ရဲဘော်တို့က ညီညွတ်စေ အဆုံးသတ်စစ်ပွဲ နွှဲမယ်လေ .... ရဲဘော်တို့လာစုရုံးစေ၊ အဆုံးစစ်ပွဲ နွှဲမယ်လေ international ... စည်းရုံးစုစည်းကြစေ....”

            ၁၉၉၈ မေလ (၅)ရက်နေ့၊ နွေနံနက်ခင်း၊ နေရာက ဖိနှိပ်မှုရဲ့ပြယုဂ် ဖိနှိပ်သူတို့ရဲ့ လက်နက် “ထောင်”၊ “သာယာဝတီထောင်”၊ မျိုးချစ်လယ်သမားသူပုန်ကြီး ဆရာစံကို နယ်ချဲ့ တို့က ကြိုးပေးပြီး နှိပ်ကွပ်ခဲ့တဲ့ထောင်၊ ခေတ်အဆက်ဆက်က ငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီ ရေးတို့အတွက် တော်လှန်ခဲ့ကြသော သူရဲကောင်းများစွာရဲ့ ဘဝများ အသက်များကို ဝါးမျိုခဲ့တဲ့ သာယာဝတီထောင်။ ဒီထောင်ရဲ့တိုက်ခန်းကျဉ်းလေးတခုထဲက သံတိုင်များနောက်ဘက်မှာ ခိုင်မာပြတ်သားတဲ့ အဓိဌာန်နဲ့ ဒီသံတိုင်များကို လက်နှစ်ဘက်နဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ဖီဆန်မှုတိုက်ပွဲကို စတင်လိုက်တဲ့သူ ...။

            “သူ” သူဆိုတာက ကိုအောင်ကျော်မိုး (သို့) ရဲဘော်အောင်ကျော်မိုး၊ မြကျွန်းသာ ရန်ကုန်တက္ကသိုလ်ရဲ့ဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူ၊ ခိုလှုံခဲ့တဲ့သူ။ ရန်ကုန်ကမာရွတ်သား၊ ပြီးတော့ တော်လှန်တဲ့ ပညာတတ်။ “မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီး ... ပညာတတ်တို့ပါဝင် ပေါင်းစည်း ... အချည်းနှီးမဟုတ် ပစ္စည်းမဲ့တို့ရဲ့ ပုခုံးရိုးကို ပုတ်လို့ ... လှုပ်နှိုးထားခဲ့လိမ့်မယ်” ဆိုတဲ့ အလင်္ကာကို နှလုံးသွင်း အမြဲရွတ်ဆိုနေသူတယောက်။ သူ ခင်မင်ရင်းနှီးသူများကို ပြောတဲ့ စကားတခွန်းရှိတယ် “ကျွန်တော်က ဘဝမှာ ပညာတတ်ပေမဲ့ စိတ်ဓာတ်ကတော့ ပစ္စည်းမဲ့ပါ” တဲ့။

            ကိုအောင်ကျော်မိုးဆိုတဲ့သူဟာ သမိုင်းဖြစ်စဉ်တွေထဲက တိုက်ပွဲအဆင့်ဆင့်၊ တော်လှန် ရေး အဆင့်ဆင့်ကို လေ့လာနားလည်ခဲ့သူပါ။ “အခွင့်အရေးဆိုတာ အသနားခံလို့မရနိုင်၊ တောင်း ယူ၍မရ၊ တိုက်ယူမှရ၏” ဆိုတာကို ပြတ်ပြတ်သားသား မြင်သူတယောက်။ အထူးသဖြင့် ဒီ စစ်ဖက်ဆစ်တွေထံမှာ အသနားခံ၍ မရနိုင်တာကို သဘောပေါက်သူ။ အခွင့်အရေးအတွက် တိုက်ပွဲဆိုတာ ဖော်ဆောင်ရတယ်။ “အကျဉ်းသားထုအခွင့်အရေး အပြည့်အဝရရှိရေး၊ အကျဉ်း သားထုအခွင့်အရေး ကာကွယ်ရေး” ဒီအခွင့်အရေးတွေအတွက် အာဏာပိုင်ကို ဖီဆန်ဖို့ “သူ”၊ ဦးကြည်၊ ကိုသိန်းထူး၊ ကိုမြင့်ရီ၊ ကိုကျော်ဦးညို၊ ကိုသိန်းဇော်၊ ဦးအောင်သန်းတို့နဲ့ လက်ချင်း ချိတ်ခဲ့တယ်။ လက်နက်ဆို၍ အပ်တိုတချောင်းမျှ ထားခွင့်မရှိတဲ့ ဒီတိုက် ဒီအကျဉ်းထောင်ထဲမှာ ရန်သူကို သွေးပျက်ချောက်ချားအောင် လုပ်နိုင်တာ မိမိတို့အသက်၊ ခန္ဓာမှလွဲ၍ တပါးမရှိ ဆိုတာကို ဒီ ရဲခုနှစ်ဖော် လက်ခံထားပြီးသား။ ဒါကြောင့် အဆင့်ဆင့်သွားရမဲ့ တိုက်ပွဲများရဲ့အစ “ဒီတိုက်ပွဲကို ငါတို့ရဲ့အသက်များနဲ့ရင်းပြီး မီးမွှေးမယ်ဟေ့ !...“အကျဉ်းသားထုအခွင့်အရေး ချက်ချင်းပေး” ... “အကျဉ်းသားထုအခွင့်အရေး ကာကွယ်မှု ချက်ချင်းပြု” ကျွန်န်ုပ်တို့သည် ဤအခွင့်အရေးများ မရမချင်း အစာငတ်ခံ၍ ဆန္ဒပြတိုက်ပွဲဝင်သွားမည်ဖြစ်သည် ... တိုက်ပွဲကို စတင်လိုက်ပါပြီ”။ ဒီ မေလနံနက်ခင်းမှာ သူတို့ (၇)ဦး စစ်အစိုးရကို ရဲရဲကြီး စိန်ခေါ်ဖီဆန်လိုက် ပြီ။

            ဒီ (၇)ဦးရဲ့ဖီဆန်မှုတိုက်ပွဲကို ဒီထောင်နံရံအပြင်ကမ္ဘာက မသိခဲ့လိုက်ကြပေမဲ့ ဖိနှိပ်သူ တွေကတော့ ထိတ်ပျာတုန်လှုပ်သွားပြီ။ တိုက်ပွဲကိုဖြိုခွင်းဖို့ ရန်သူတို့ ချက်ချင်း စည်းဝေးပြင်ဆင် ကြ၊ ချက်ချင်းထုတ်ပြန်လိုက်တဲ့ အမိန့်တွေကလည်း ချက်ချင်း ခြေချင်းခတ်၊ တိုက်ပိတ်၊ သူတို့ အစာမစားရင် ပုံစံတောင် သက်သာသေးတယ်။ ရေးအိုးတွေလဲ ရိုက်ခွဲပြီး သောက်စရာ ရေပါ ဖြတ် ...။ သွေးပျက်နေတဲ့ ဦးနှောက်တွေကထွက်လာတဲ့ အမိန့်များ။ ဒီမှာ အဲဒီလူတွေမသိတာက ဒီပြည်ချစ်သားတွေဟာ မီးစားတောင် ခံဝံ့တဲ့ သံမဏိသူရဲကောင်းတွေဆိုတာပါ။ သူတို့ဟာ အစာ နဲ့ အသက်ရှင်နေကြတာမဟုတ်၊ စိတ်ဓာတ်နဲ့ အသက်ရှင်နေကြတာ။ သူတို့ဟာ ရေနဲ့ အသက်ရှင် နေကြတာမဟုတ်၊ ယုံကြည်ချက်နဲ့ အသက်ရှင်နေကြတာ။ ဒါတွေကို ရန်သူဟာ မသိနိုင်ခဲ့ပါ။ “သူ” ကိုအောင်ကျော်မိုး ပြတ်သားတဲ့ စကားတစ်ခွန်းဆိုခဲ့တယ်။ “ပစ္စည်းမဲ့တို့ရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေရဘူးဟေ့ ...။ သေမင်းရဲ့နှုတ်ခမ်းကိုသာ နမ်းရှိုက်လိုက်မယ်၊ တိုက်ပွဲကိုတော့ လုံးဝ မရပ်နိုင်ဘူး”။ ဒီလို ရဲရဲတောက်တဲ့ သူ့ရဲ့စကား၊ ပိတ်လှောင်ထားတဲ့ အခန်းရဲ့နံရံပေါ်မှာ ကမ္ပည်း တင်ခဲ့ပါတယ်။

            ဒီလိုနဲ့ နေဝင်နေထွက် အကြိမ်အဖန်တွေ တခုပြီးတခု တိုးလာပြီး နွေရာသီရဲ့ နေမင်း ကလည်း ထင်းထင်းလင်းလင်းကို ပူပြနေပြီ။ ရေနဲ့အစာ ပြတ်နေတဲ့ ခန္ဓာကိုယ်ကပါ ကိုယ်ကို ပြန်တိုက်ခိုက်လာတော့ အလင်းရောင်မှိန် အမှောင်ခန်းထဲမှာ အစာအိမ်ထဲက နာကျင်မှု၊ တစစ်စစ် ကိုက်နေတဲ့ အူတွေ၊ ကွဲရှနေတဲ့ အာခေါင်၊ လောင်ကျွမ်းနေတဲ့ လည်ချောင်းတို့တတွေ ဟာ အချိန်နဲ့အမျှ တစစ်စစ်တိုး၍လာနေပါတော့တယ်။ အဖော်မဲ့တဲ့ အထီးကျန်ခြင်းကလည်း တရွေ့ရွေ့ကို ပိုမိုသိနေရတယ်။ အစာမစားရတာ ပြသနာရှိနေပေမဲ့ ရေမသောက်ရတာကတော့ ပိုပြီး ပြဿနာကြီးပါတယ်။ ဒီကြားထဲ “ထမင်းတပန်းကန်ကုန်အောင် စားရင် ရေတဝသောက်ရ မယ်” ဆိုပြီး ထမင်းတပုံ ရေတခွက်နဲ့ လမ်းသလားနေတဲ့ ရန်သူလက်ပါးစေတွေကလည်း တခဏပြီးတခဏ ဖြတ်သွားဖြတ်လာလုပ်နေပြီး ပြင်းလွန်းတဲ့ အပူရှိန်အောက်မှာ အင်အားတွေ တဖြည်းဖြည်းနဲ့ ကုန်ခန်းလာတာနဲ့အမျှ ခန္ဓာကိုယ်များကလည်း မတ်မတ်မနေနိုင်တော့ပါဘူး။ တမနက် မတ်ခွက်နဲ့ ရေအပြည့် အခန်းရှေ့မှာ လာချထားလို့ သူ မော့သောက်မိလိုက်တော့ ရေက လိုတာထက်ပိုပြီး အလွန်ကိုချိုနေတယ်။ သူ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တယ်။ ငါ ရေငတ်လွန်နေလို့များ ရေက ပိုပြီးချိုနေသလားလို့။ မဟုတ်ပါ။ ရေကို ဂလူးကို့စ်များနှင့်ရော၍ ဖျော်ထားသောကြောင့် ချိုနေခြင်းဖြစ်၏။ ပြည်သူပြည်သားတွေကို ဒီလိုပုံစံမျိုးနဲ့ လှည့်စား၍ မရနိုင်ပါ။ မော့မိလိုက်တဲ့ ရေတငုံကလွဲ၍ ကျန်သော ခွက်အပြည့်ကို သူ ဆက်၍မသောက်တော့ ပါ။ ရန်သူရဲ့လှည့်စားထားတဲ့ သွေတိုးစမ်းမှုဟာ ခိုင်မာတဲ့ စိတ်ဓာတ်တွေရဲ့အောက်မှာ ကျေပျက် သွားရပါပြီ။ အနာဂတ်နိုင်ငံတော်သစ်ရဲ့ ဥယျာဉ်ထဲက တသွင်သွင်စီးနေတဲ့ စမ်းချောင်းထဲက ရေချိုကိုမှ တဝသောက်မဟေ့၊ မင်းတို့ရဲ့ ဂလူးကို့စ်နဲ့ရောမှ ချိုတဲ့ ရေချိုအတုတော့ မသောက် သေး။

            ဖိနှိပ်သူအာဏာပိုင်တို့ဟာ သူတို့ (၇)ဦးရဲ့ ခိုင်မာတဲ့ ရပ်ခံမှုတွေကြောင့် ပိုမိုလို့ သွေးပျက်ကြောက်လန့်လာခဲ့တယ်၊ အပြင်က အဆောင်တွေ၊ တခြားတိုက်တွေထဲမှာလည်း ကျန်နေခဲ့တဲ့ ရဲဘော်တွေက သူတို့ရဲ့ အသက်နဲ့ရင်းထားပြီး မွေးခဲ့ပေးတဲ့ ဒီဖိနှိပ်မှုတိုက်ပွဲမီးပွား ကို ပဲ့တင်ပြီး ပိုမိုတောက်လောင်နေလို့ပါပဲ။ ဖိနှိပ်တဲ့အကြောင်းအရာကိုသာ နားလည်တဲ့၊ ဖောက်ပြန်တဲ့ ဒီစစ်အုပ်စုနဲ့ လက်ပါးစေတွေဟာ သူတို့ရဲ့ဖိနှိပ်မှုကို တိုးမြှင့်ဖို့ တမောင်းထပ်တင် လိုက်ပြန်ပါတယ်။ ဒီ(၇)ဦးဟာ ဖီဆန်မှုရဲ့ တပ်ဦးအလံကိုင်တွေဖြစ်နေလို့ သူတို့ကို ပိုမိုဦးတည် လာပါပြီ။ ကိုအောင်ကျော်မိုးမှလွဲ၍ တခြား (၆)ယောက်ကို တခြားထောင်တွေကို ခွဲပြောင်းပစ် လိုက်ပါတော့တယ်။

            မေလ (၈)ရက်၊ တယောက်တည်းကျန်ခဲ့တဲ့ သူ့ကို အာဏာပိုင်တွေ ခြောက်တခါ ချော့တလှည့်နဲ့ တိုက်ပွဲကိုစွန့်ပစ်ဖို့ ခြေတလှမ်းတိုးကြိုးစားလာခဲ့ကြပြီ။ တရိရိလျှော့ကျနေတဲ့ ခွန်အားတွေကြောင့် သူ့ခန္ဓာ သူမထူနိုင်ပေမဲ့လည်း သူ့အသိတရားကတော့ စူးရှတောက်ပနေဆဲ ပါ။ “ရှေ့ကလမ်းပြသွားတဲ့ ကိုးကိုးကျွန်းက နောင်တော်ရဲဘော် (၈)ဦးရဲ့ အဓိဌာန်တွေကို မဖျက် ဘူး။ ပြည်သူရှေ့က အမြဲရပ်ခံတဲ့ တော်လှန်ရေးရဲ့တပ်ဦးမှာနေတဲ့သူ၊ သူ့ခန္ဓာ၊ သူ့အသက်ကို နင်းပြားပြည်သူတွေအတွက် ပေးထားပြီးသား။ တကိုယ်ရည်လွတ်မြောက်မှုအတွက်နဲ့တော့ တော်လှန် ရေးလမ်းကြောင်းပေါ်က သူဘယ်တော့မှ သွေဖယ်မသွားနိုင်”။ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်တွေ သူ့အသိအာရုံမှာ ရှိနေဆဲ။ အာခေါင်တွေခြောက်၊ လည်ချောင်းတွေပူလောင်ချင် သလောက် လောင်ကြစမ်းပါ။ ရေကြည်တပေါက်မရလဲ နေနိုင်တယ်။ ဒီတခါလည်း ရန်သူ့ထိုးစစ် တပ်လန်ခဲ့ရပြန်ပြီ။

            မေလ (၁၂)ရက်၊ သူ့ရဲ့ကိုယ်ခန္ဓာမှာ လူတယောက်အသက်ရှင်နေဖို့ လိုအပ်တဲ့ အဟာရ ဓာတ်တွေဟာ ကုန်ခမ်းလုနီးနီး ဖြစ်သွားခဲ့ပြီ။ အာဏာရှင်တွေ မျက်လုံးပြူးကုန်ရပြီ။ သူ့အသက် ဟာ အာဏာရှင်ရန်သူအတွက် အရှုံး၊ ဒါကြောင့် မစွမ်းသာတော့တဲ့ သူ့ခန္ဓာကို လူအင်အားနဲ့ ဖိချုပ်ပြီး ဆေးထိုးအပ်တွေတပ်၊ ပိုက်တွေထိုးပြီး သူရဲ့အသက်ကို ဆက်ဖို့ကြိုးစားကြပြီ။ သူက သေမင်းကို မမြင်တာမဟုတ်၊ သေခြင်းတရားကို ပြတ်ပြတ်သားသား မြင်ရုံမက သူ့ကို လက်ယပ်ခေါ်နေတဲ့ သေမင်းကိုတောင်ကျော်ပြီး သူ မြင်နေတယ်။ သူ့အသက်မီးစကနေ ဆက်ပြီး တောက်လောင်လာမဲ့ မီးလျှံကို သူမြင်တယ်။ သူရဲ့တော်လှန်ရေးအလံကို လက်ဆင့် ကမ်း သယ်ဆောင်မဲ့ လူငယ်မျိုးဆက်သစ်တွေ တယောက်ပြီးတယောက် တက်လာနေတာ သူမြင်နေတယ်။ ဒီအမြင်တွေထဲကပဲ သူ့ကို ခွန်အားသစ်တွေ ဖြစ်စေပြီ၊ “သူ” သူ့ရဲ့လက်ကျန် ခွန်အားတွေ စုစည်းပြီး အစာသွင်းပိုက်တွေ ဆေးထိုးပိုက်တွေ ဆွဲဖြုတ်၊ “ဒါ ခွပ်ဒေါင်းသွေးကွ ... တစက်ကျန်တဲ့အထိ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး”။ အာဏာပိုင်တွေလဲ ဒီတိုက်ပွဲမှာ ဒူးထောက်အရှုံးပေးသွားရပြန်ပြီပေါ့။

            ထောင်ပိုင်၊ ထောင်မှူး၊ ဒေသဆိုင်ရာ ထောက်လှမ်းရေးနဲ့ လက်ပါးစေတွေ သူ့ထံ အပြေးအလွှားရောက်လာခဲ့ရ၊ “ဟေ့ကောင် ... အောင်ကျော်မိုး၊ မင်း အစာပြန်စားမလား၊ အသေခံမလား”။ မောက်မာတဲ့ ခြိမ်းခြောက်စကား အာဏာရှင်ပါးစပ်က ထွက်လာကျလာတယ်။ သူမှိန်းနေရာက မျက်လုံးကို ဖွင့်လိုက်တယ်။ လင်းယုန်တို့ရဲ့ စူးရှတဲ့ မျက်လုံးအစုံနဲ့။ ပြီးမှ ဖြေးညှင်းစွာ ခေါင်းကို ခါရမ်းလိုက်တယ်၊ အာဏာပိုင်တို့ ပြတ်ပြတ်သားသား သိလိုက်ပြီ၊ သူတို့ ဒီတိုက်ပွဲရှုံးသွားပြီဖြစ်သည်ကို။ အလံချပြီး တယောက်ပြီးတယောက် လှည့်ထွက်သွားကြပြီ။ လက်ပါးစေတချို့ကတော့ သူတို့ရဲ့ရှုံးနိမ့်ခြင်းကို ဖုံးကွယ်ချင်သည့်အနေနဲ့ မချိမခံသာဖြစ်ပြီး သူ့ကို စိတ်ကြိုက်ရိုက်နှက်ကန်ကြောက်သွားကြသေးသည်။

            မေလ (၁၃)ရက် အာရုံမတက်ခင် အမှောင်ဆုံးအချိန် သူချစ်တဲ့ သူ့ရဲဘော်တွေ၊ သူချစ်တဲ့ သူ့ပြည်သူတွေကို သူ နှုတ်ဆက်သွားခဲ့ပြီ။

            အမှောင်မှ အမဲ၊ အမဲမှ မီးခိုး၊ မီးခိုးမှ နက်ပြာ၊ နက်ပြာမှ ခရမ်း၊ ခရမ်းမှ လိမ္မော်၊ လိမ္မော်မှ အနီ ...။ ရောင်နီတက်လို့လာပြန်ပါပြီ၊ ဒီရောင်နီကတော့ အလင်းလက်ဆုံးနဲ့ အတောက်ပဆုံးဖြစ်မှာပါ။

x x x x x x x x x

(သာယာဝတီထောင်အတွင်း ၁၉၉၈ မေလ (၁၃)ရက်နေ့က အစာငတ်ခံတိုက်ပွဲဝင်ရင်း ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော် ကိုအောင်ကျော်မိုး ကျဆုံးခြင်း (၉)နှစ်ပြည့်အနေဖြင့် ဂုဏ်ပြုရေးဖွဲ့ပါသည်။ ကိုအောင်ကျော်မိုးသည် ကွယ်လွန်ချိန်တွင် အသက်(၃၈)နှစ်သာ ရှိသေး သည်။ သူ၏ ရုပ်အလောင်းကို အာဏာပိုင်တို့က ချက်ချင်း လျှို့ဝှက်စွာ သဂြုင်္ိလ်ခဲ့သည်။ သူ၏ မိသားစုဝင်များအားလည်း အကြောင်းကြားခြင်းမရှိပေ။ တခြားသူများထံမှ တဆင့်ကြားသိရ၍ မိဘများက အာဏာပိုင်များထံ ဆက်သွယ်စုံစမ်းသောအခါတွင်လည်း ကူးစက်တတ်သော ရောဂါကြောင့် အရေးပေါ် သင်္ဂြီုလ်လိုက်ခြင်းဖြစ်သည်ဟု ပြောကြား၍ သူ၏အလောင်းကို ရိုက်ထားသော ဓာတ်ပုံကိုသာ ထုတ်ပြခဲ့သည်။ ဤဓာတ်ပုံထဲတွင်လည်း ခန္ဓာကိုယ်တွင် ရိုက်နှက် ခံထားရသော အညိုအမဲအကွက်များ တွေ့ရကြောင်း မိသားစုဝင်များက ပြန်လည်ပြောပြသည်။)

(“သူရဲကောင်းသွေးသွန်းပန်းပု လှလှပပ ထုဆစ်သွားခဲ့တယ်” ကဗျာကို ခံစားခွင့်ပြုခဲ့သော ရေးဖွဲ့သူ ဆရာ(ဦး)လှဝင်း(မြင်းခြံ)ကိုလည်း အထူးကျေးဇူးတင်ပါသည်။)

 
 

 

 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org