|
(၁)
အချိန်ကား
ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော်
ကွန်မြူနစ်ချေမှုန်းရေး ကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည်
အိမ်စောင့်အစိုးရ၏ (ပ) ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး
ကြီးငယ်များက မြန်မာပြည်၏နေရာအနှံ့တွင် ရှိနေသည်။
နေရာကား ရှမ်းပြည်နယ်နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့်
ပေါင်းလောင်း နန့်ဖာ ဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏
ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက်ထား သည်။ ပေါင်းလောင်း
နန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး(PHQ) ရှိနေသော ပဲခိုးရိုးမနှင့်
ဆက်သွယ်ရေးကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊ အင်တော၊ ကျောက်ကူ၊
မိုးကုတ်၊ မိုးမိတ်ဒေသများမှ တဆင့် တရုတ်ပြည်နယ်စပ်အထိ
ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ
အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက်
တပ်မမှူး ဗိုလ်မှူးကြီးသိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေ
သည့် နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲ
ဖြစ်နေသည့် အချိန် လည်း ဖြစ်သည်။
“မွေးပြီတော့ .. မွေးပြီ။ ယောက်ျားလေး"
ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး
မြောက်တက်သွားသလို ခံစားရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့်
နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။
အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ဝင်ရောက်လာ ခဲ့သည်။
ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လားမသိ။ မျိုးဆက်သစ်ဆိုသော အသိက
ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊
တိုက်ပွဲများကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေးမျိုးဆက်။
ပါတီ၏မျိုးဆက်။
လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့်
မနီးမဝေးတွင် ရဲဘော်တချို့နှင့်အတူ လုံခြုံရေးကင်းစောင့်နေသည့်
ခင်ပွန်းသည်ကို သတိရလာသည်။ သူသိ လျှင် မည်မျှဝမ်းသာမည်မသိ။
သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက
တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့်
တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနားစစ်မျက်နှာတွင်
ဆုံတွေ့ခဲ့ကြသည်။ ၁၉၅၀၊ စက်တင်ဘာ (၁) ရက်တွင် ဖွဲ့စည်းသော
ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး
ဒီရေ အတက်အကျတလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင်ဆင်နွှဲခဲ့ကြသည်။
နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်
အခြေခံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသည်။
“ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“
မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ်လုံခြုံရေးကိုက
ပိုဦးစားပေးရသည်။ ရန်သူ့စစ်ကြောင်းရှောင်ရင်း တောထဲတွင်
ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ဝင်၍ ကလေးမီးဖွား ရခြင်းဖြစ်သည်။
ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က
ရွာပြင်တွင် ကျန်ခဲ့ပြီး သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က
ရွာတွင်းဝင်လာခဲ့ကြ ခြင်းဖြစ်သည်။
(၂)
တဲထဲမှ
ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို စတင်ကြားရသည်မို့
သူမတို့ နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။ ရွာပြင်မှာ
တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲရောက်လာသည့်
ကလေးငယ်လေး ရှိနေသည်။ ဘာလုပ်ရမည်နည်း။
အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို
တွေ့ရ သည်။
"ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ
ရွာထဲမရောက်ခင် အမြန် ပြေးပြီး၊ ------ ရွာမှာ စောင့်နေပါတဲ့။
အချိန်မရှိဘူး။ ကျွန်တော်တို့ရွာထဲက ချက်ချင်းထွက်မှ ဖြစ်မယ်"
ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊
စောဒကမတက်မိတော့။ သူမ၏ ခင်ပွန်းသည်သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့်
တပ်မှူးကောင်းတယောက်။ စစ်မြေ ပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာ
အတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။
ချိန်းထားသည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့
ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာမကျန် ရွာဖုန်းဆိုးများကိုပါ
ပိုက်စိပ် တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ
ပူးပေါင်းရန်လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူ မိသားစုထံတွင်
သားလေးအား ခဏအပ်နှံ၍ ရှေ့ခရီးဆက်ရသည်။
သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း
ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။
အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်း ရင်း
ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ
လက်နက်ချခိုင်းသည့် ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံးအချိန်ထိ
လက်နက်ကို စွဲကိုင်ကာ တိုက်ပွဲဝင်သွား ခဲ့ကြသည်။ တိုက်ရဲ၊
သေရဲခဲ့ကြသည်။
လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့် ----
ရွာသို့ သူမ ပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော
တော်လှန်ရေးသား ကောင်းတယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။
မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ ရောက်စဉ်မှာပင် အလာကောင်းပေမယ့်
အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေဝင်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ
ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက
ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်။
မည်သူမျှဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော နေရာတွင်
ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ
အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေးအရှိန်ကို
ရိုက်ချိုးနိုင် မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို
နာကျည်းဖွယ် တွေ့မြင်ရ သည်။
ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို
စိတ်မချသည်နှင့် သူမကလေး အား စောင့်ရှောက်ထားသော မိသားစုသည်
ပင်းတယဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။
ကြေးစားတပ်အန္တရာယ်ကို ကြောက်၍ ရွာအမည်အား ပြောမထားခဲ့။ ကလေးအား
လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင် သူမထံသို့ ဖြစ်သည့်နည်းဖြင့်
ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ ကြားလိုက်ရတော့ သူမ
ရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင် မိတ်ဆွေများ၏စေတနာကိုလဲ
သူမ သဘောပေါက်ပါသည်။ သို့ပေမယ့် ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ
စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏ မေတ္တာပင် မဟုတ်ပါလား။
နို့အုံတွေ တင်းလာသည့်အခါတိုင်း မိခင်နို့ချို တစက်မှ မစို့လိုက်ရ သည့်
သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။
(၃)
လ အချိန်ကား
(၁၉၈၂)။
နေရာကား ပွေးလှမြို့။
ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု
နေထိုင်သည့် မြို့ဖြစ် သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊
ငါးရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏
(၁၉၇၉) ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော
အလယ်ပိုင်းဗဟိုဌာနခွဲ နယ်မြေတွင် ပါဝင်သည်။
ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ
ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရေရှည်ပူဆွေး ဖို့ သူမမှာ အချိန်မရခဲ့။
နေဝင်းကြေးစားတပ်၏ စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲ
ခဲ့ရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်သန်းတင်၏
မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠုန်စစ်ဆင်ရေးများကို ကြံ့ကြံ့ခံ
ရင်ဆိုင်ခဲ့ရသည်။ (၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ ၏
လူထုစည်းရုံးရေးများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည်။
ထိုမှတဖန် (၁၀၈)စစ်ဒေသ နှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့်
ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး
နောက်ပိုင်းတွင်လည်း ပါတီမှပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍
ကျေပွန် အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍
နာကျင်ခဲ့ရသော ရင်ထဲမှ ဒဏ်ရာ များက အကင်းသေစ ပြုနေခဲ့ပါပြီ။
ထိုဒဏ်ရာများကို အသစ်တဖန်တူးဆွစေခဲ့သည်ကား --- ။
ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့်
စည်ကားလို့နေသည်။ ငါးရက် တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ
ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့်
ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။
ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ
ပျောက်ဆုံးနေသောသူကို သူမ တွေ့လိုက်ရသည်။
“ဦးခွန်သိန်း၊ ဦးခွန်သိန်း၊ ဟုတ်ပါတယ်နော်"
ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။
“ကျွန်မ မမြကြည်ပါ။ ဟို ... ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့
စောင့်ရှောက်ပေးတာ"
ထိုသူက ဘေးဘီဝဲယာကိုကြည့်သည်။
“ဒီမှာပြောလို့မကောင်းဘူး။ အိမ်ခဏလိုက်ခဲ့ပါလား"
သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့
တကောက်ကောက် လိုက်ဖြစ် သွားသည်။
“သား၊ သားလေးကောဟင် .... "
x x x x x x x x x
|