|
ဂလိုဘယ်(Global) ဂလိုဘယ်(Global) နဲ့ ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြရာ
အနှီကမ္ဘာ ကြီးသည် ရွာကြီးတစ်ရွာသဖွယ် ဖြစ်သွားပြီးသည့်သကာလ
နယ်မြေအပိုင်းအခြားဆိုသည်များ ကလည်း ဘယ့်နှာကမှ အနက်အဓိပ္ပာယ်မရှိတော့ပါဘူးလဗျာဟု ပညာရှင်အသီးသီးတို့က
မိန့်မြွက်လှစ်ဟတော်မူလျက် ရှိကြပေသည်။ သို့လင့်တစ်မူ သူ့ဘာသာသူ ကမ္ဘာဟာ
ရွာဖြစ်ဖြစ် ဘဇာဖြစ်ဖြစ် ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းအဖို့မူ သပွတ်အူမှ
သပွတ်အူသာ ဖြစ်ပါ၏။
သပွတ်အူချက်မြှုပ်ဖြစ်သူ ကျွန်ုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းအား အသင်
အမေရိကား မှာ သွားနေပါလားဟု တိုက်တွန်းစကားဆိုလာခဲ့သော် ကျွန်ုပ်က
ငြင်းဆန်မိမည်ပင်။ ဟုတ်ကဲ့၊ ကျွန်ုပ်ကဲ့သို့ပင်လျှင် သပွတ်အူဒေသဖွား
သပ္ပုရိသအနွယ်ဝင် သူတော်စင် တော်တော်များများ တို့ကလည်း ငြင်းကြမည်
အမှန်ဧကန်မုချဟု ကျွန်ုပ်က ထင်မြင်မိပါ၏။ ယုတ်စွအဆုံး
ကျွန်ုပ် ဆရာကြီးဂျက်ကွမ်းခြံကုန်းနှင့်တကွ စာပေမိတ်ဆွေသင်္ဂဟများ
ညနေရီရီတိုင်၍ ၀ိုင်းကလေး ဘာလေးဖွဲ့ကြသော် တော်ကြာနေ တစ်လုံးလောက်
ပြေးဝယ်ပါဦးလဟနှင့် ခိုင်းရချေသည့် ကြွက်နီဆိုသော ရွှေပွတ်စိုးမြင့်၏
သားအငယ်ကောင်ကလေးကပင် ပွင့်လင်းစွာဖြင့် ဟင့်အင်းမှာ အမှန်ပင်။
ထို့ပြင်တစ်ဝ ဆယ်တန်းတစ်နှစ်ကျထားသည်ဆိုသော ဒွေးလေးမလုံးတင်၏သား
ဘိုဘိုဟူသည့် သကောင့်သားကလေးကတဲ့ရော မြန်မာဘီယာတစ်ခွက်ကို မော့ချရင်းက
အကြောင်းပါပါဖြင့် ခေါင်းခါမည်မှာ မလွဲမသွေပေတည့်။
ခင်ဗျားတွေ့ရှိခဲ့ပေသော အရပ်ဟာ နေမပျော်ပါဘူး ကိုလံဘတ်ရာ။ ထား။
မိုးဦးလေဦး တစ်ရေးနိုးခါစ တစ်ခုသော တနင်္ဂနွေနေ့တုန်းဆီက မဂ္ဂဇင်း၊
ဂျာနယ် အဟောင်းကလေးများကို ကျွန်ုပ်ဆရာကြီးဂျက် ပြန်လည်၍
လှန်လှောမိနေပြန်သဗျာ။ အဲသမှာ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် (George
W Bush) ရဲ့ သမီးနှစ်ယောက်ကိစ္စ ကျွန်ုပ်
ဂျက်ကွမ်းခြံ၏ မျက်လုံးထဲသို့ ရောက်ရှိ၍လာတတ်သဗျ။ တစ်ယောက်က ဘာဘရာ (Bar bara) တဲ့။ အခြားတစ်ယောက်က ဂျဲန်နာ (Jenna) တဲ့။ အမြွာညီအစ်မကလေး
နှစ်ယောက်ခင်ဗျ။
အဲသည် အနှီသမီးပျိုကလေးနှစ်ဦးသားတို့ဟာ ပြဿနာတက်ခဲ့ကြပါလေရော။ ၂၀၀၁
ခုနှစ်၊ မေလ (၂၉) ရက်ညမှာ ပြဿနာတက်ခဲ့ကြသည် ဆိုပါ့ကလား။ နေရာက
တက္ကဆက် ပြည်နယ် Austin မြို့တွင် ရှိချေသော chuy ရဲ့
စားသောက်ဆိုင်ဟူသတဲ့။ မိုက်လိုက်တဲ့ သမီး ကလေးနှစ်ယောက်။ အဲသည့် ဘာဘရာ
(Bar bara) နဲ့ ဂျဲန်နာ (Jenna) ကလေးတို့နှစ်ယောက် အရက်ဝယ်သောက်ဖို့
ကြိုးစားခဲ့ကြတယ်ဆိုပါသော်ကောဗျာ။ လူတစ်ယောက်ရဲ့
မှတ်ပုံတင်ကို ခဏငှားရမ်းယူငင်ပြီးသည့်သကာလ အရက်ဝယ်ယူဖို့
ကြိုးစားခဲ့ကြတာပါ။ ဂျဲန်နာ (Jenna) က အဓိကကြိုးစားခဲ့တာဖြစ်ပြီး ဘာဘရာ
(Bar bara) ကဟူမူ နံဘေး၌ ရှိနေခဲ့ကြောင်းဟူလို။ သြော်… မိုက်ပါ့။
ကျွန်ုပ်သိသလောက် တက္ကဆက်ပြည်နယ်၏ ဥပဒေအရ အသက် ၂၁ နှစ်အောက်ဖြစ် သော်
ယမကာသောက်ရန်အသာထား၊ ဘီယာကလေးကိုသော်မှ ရောင်းချခွင့်မရှိ
မဟုတ်ပါလား ကွယ်တို့ငဲ့လေ။ ရောင်းခြင်း ၀ယ်ခြင်းအမှု
ပြုလတ်ကြသည်ရှိချေသော် ၀ယ်သူသည် အမေရိကန် ဒေါ်လာ ၅၀၀ တိတိ ပေးဆောင်စေ။
ရောင်းသူမှာမူကား First time ခေါ် ပထမအကြိမ် ဖြစ်ဘိ ပါမူက ရက်ပေါင်း ၆၀
တိတိ စားသောက်ဆိုင်လိုင်စင် ပိတ်သိမ်းစေ။ ယင်းသည် တက္ကဆက် ပြည်နယ်
ဥပဒေဟူချေသတည်း။ သြော်… ခက်ပြီးရင်း ခက်ရချေပေါ့ ဘာဘရာ (Barbara) နဲ့
ဂျဲန်နာ (Jenna)။
ဤသို့ဖြင့် အချိန်လင့်သော် သမ္မတကြီး ဇနီးမောင်နှံတို့အထံသို့
အကြောင်းကြားခဲ့ရ ချေပြီ။ သမ္မတကြီး ဇနီးမောင်နှံတို့သည်ကား Air Force
One လေယာဉ်ကြီးဖြင့် ကယ်လီဖိုး နီးယားပြည်နယ်မှ ၀ါရှင်တန်ဆီသို့
ခရီးနှင်နေကြခိုက်ဖြစ်ချေရာ သက်ဆိုင်ရာ ရဲက သမ္မတထံ
အကြောင်းကြားပေးလာသော အခါတွင်မှ
ဒေါ်လာ ၅၀၀ ကို ဒဏ်ငွေပေးဆောင်ခြင်းဖြင့် ပြဿနာများ
အေးငြိမ်းသမှုပြုသွားခဲ့ရပါကြောင်းဟူလို။
သြော်... ခက်ပါ့ဟူ၍သာ ဂျက်က ညည်းတော်မူလိုက်ချင်ပါဘိတော့ချေသည်။ ဒေါ်လာ ၅၀၀
တဲ့။ သမ္မတရဲ့သမီးတို့ ဒဏ်ငွေဆောင်ကြရချေကပြီ။
စိတ်ပျက်စရာကောင်းလိုက်ပုံတွေက။ ဘယ့်နှာကြောင့် အဲသဟာကို
သွားဝယ်ကြရတာတုန်း သမီးငယ်လေးတို့ရယ်။ မင်းကလေးတို့ အမေရိကားမှာ
ကျွန်ုပ်ဂျက် မနေချင်ပါပြီ။ အဟုတ်။ ကျွန်ုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းကတော့ မိုက်လုံးကြီးသည်ဟုပဲ ဆိုချင်ဆိုကြပေရော့။
ကိုယ့်သပွတ်အူမှာပဲ ကိုယ်ပျော်ပါတယ်ဗျာ။ လွတ်လွတ်လပ်လပ်။
x x x x x x x x x
Source: ၂၀၀၁
August ကလျာမဂ္ဂဇင်း |