|
ကိုဟိုဒင်းရေ-
လူကိုခွေးသတ်တာသာမက သံဃာကို
ခွေးသတ်တာပါ၊ ကျနော်တို့ တွေ့နေကြရပြီဗျာ။
ဗမာပြည်သမိုင်းမှာ
အဆိုးဆုံးအဖြစ်ကို ကျနော်တို့ မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်နေရတာ
ပါလားဗျာ၊ ဒါ ဗမာနိုင်ငံမှဟုတ်ပါလေစ၊ (၂၁) ရာစုမှ ဟုတ်ပါလေစလို့
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးနေမိတော့တယ်။
အင်္ဂလိပ်ကိုလိုနီ
အစိုးရလက်ထက် ၁၉၃၆ ခုနှစ်၊ မန္တလေးအာဇာနည် (၁၇) ဦး အရေး အခင်းမှာ
သံဃာတွေကိုပစ်သတ်တယ်ဆိုတာ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါက ကိုလိုနီအစိုးရ၊
ဘာသာမတူ၊ လူမျိုးကွဲပြား၊ တခြားတနိုင်ငံကလာတဲ့ နယ်ချဲ့တွေ၊ နောက်ပြီး
ဂျပန်ဖက်ဆစ် ကာလတုန်းက သံဃာတော်တွေကို ရိုက်တယ်၊ နှက်တယ်ဆိုတာ
ရှိခဲ့ဖူးတယ်။ ဒါဟာလည်း ဓလေ့ထုံးစံမတူ၊ လူမျိုးကွဲပြားတဲ့ တိုင်းတပါးက
ဖက်ဆစ်တွေ။ အခုတော့ ရိုင်းပလေဗျာ၊ ရာဇ၀င်ရိုင်းပလေ။
ရွှေတိဂုံကုန်းတော်ပေါ်မှာ စစ်ဖိနပ်တွေ တခွပ်ခွပ်နဲ့တဲ့။ ရှေးခေတ်က
ဗမာအမျိုးသားတွေ အင်္ဂလိပ်ကိုလိုနီနဲ့ ရင်ဆိုင်ခဲ့ကြတာကို
မကြားဖူးကြလေရော့သလား။ ရွှေတိဂုံကုန်းတော်ပေါ်မှာ ဖိနပ်မချွတ်တဲ့
အင်္ဂလိပ်ကို အသေခံပြီး ဓားနဲ့ခုတ်ခဲ့တာလေ။ ကျနော်တို့နိုင်ငံသားတွေ ဗုဒ္ဓ
ဘာသာဝင်တွေအနေနဲ့ ရွှေတိဂုံစေတီတော်ကြီးနဲ့တကွ
ဘုရားကျောင်းကန်အားလုံးမှာ ဖိနပ် မစီးကြဖို့ တိုင်းတပါးက လူတွေနဲ့
ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်ခဲ့ရတဲ့ သမိုင်းရှိခဲ့ပါတယ်။ အဲဒီ တုန်းက
သတင်းစာတွေ၊ ဇာတ်သဘင်တွေပါ ဒီကိစ္စကို အပြင်းအထန် ဆန့်ကျင်ကြလို့
တနိုင်ငံ လုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။ ဒါဟာ
မဝေးလှသေးတဲ့ သမိုင်း၊ စာနဲ့ပေနဲ့ ဓာတ်ပုံအထောက်အထားနဲ့ကို ရှိတဲ့
သမိုင်းဖြစ်ပါတယ်။ ဒါနဲ့တောင်မှ အခု ကိုယ့်နိုင်ငံသားက
တိုင်းတပါးသားထက်တောင် ပိုမိုက်ရိုင်းတာ တွေ့နေရပါရော့လား။
ကိုဟိုဒင်းရေ -
ခင်ဗျားလည်း ကျနော့်လိုပဲနေမှာပါ။ အခုအခါမှာ ရေဒီယို၊ အင်တာနက်
တွေရှေ့မှာ ထိုင်ပြီး လူဟာ တုန်ရီနေအောင် ဒေါသတွေဖြစ်နေရတယ်။
ခင်ဗျားဆီကိုရေးတဲ့ ဒီစာမှာ ဒေါသသံများ ပါသွားရင်လည်း ခွင့်လွှတ်ပါ။
ဒီအချိန်ဟာ ကျနော်တို့ နိုင်ငံသားတွေ တကယ့်ကို ကြိတ်မနိုင်ခဲမရ
ဒေါသတွေဖြစ်ကြ၊ မျက်ရည်တွေကျကြတဲ့ အချိန်ပါ။
ပြောလို့ပြောတာမဟုတ်ပါဘူးဗျာ။ ကျနော်တို့ နိုင်ငံတော်က
သံဃာတော်တွေလောက် ကိုယ်ကျိုးစွန့်တဲ့၊ နိုင်ငံနဲ့အမျိုးသားကို
ချစ်မြတ်နိုးတဲ့ သံဃာတော် ဒါမှမဟုတ် တခြားဘာသာရေး ဝန်ထမ်း
ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ခံစားမိတယ်ဗျာ။ တဦးစ၊ တဖွဲ့စတော့
ရှိနိုင်လောက်ပါတယ်။ ဒါပေမဲ့ အခုလို သောင်းလိုက်၊ သိန်းလိုက် ပရိတ်ရွတ်
မေတ္တာပို့ပြီး သေနတ်ပြောင်းတွေကို ထိပ်တိုက်ဝင်တိုးတဲ့
သာသနာ့ဝန်ထမ်းမျိုး ကြားတောင်မကြားဖူးပါဘူးဗျာ။ သူတို့ကိုကြည့်ပြီး
ဒါယကာ၊ ဒါယိကာမတွေ မျက်ရည်ကျကြတာလည်း သဘာဝကျပါတယ်။ ကျနော်တို့တောင်မှ
တွေးလိုက်ရင် ရင်ထဲမှာ ဆို့နင့်နင့်ကြီး ခံစားရတာမဟုတ်လား။
ရဲဘော်ကြီးမှတ်မိမှာပါ။ ဂဠုန်ဆရာစံကို ဂုဏ်ပြုတဲ့လေးချိုးကြီးမှာ
ဆရာကြီး သခင် ကိုယ်တော်မှိုင်းက - “ရဂုံစံချစ်စရာ တပည့်တို့မှာဖြင့်၊
ဥုံအရဟံ၊ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့”လို့ အင်မတန်
စိတ်တက်ကြွစဖွယ် ရေးခဲ့တာလေ။ ဒါဟာ ရတနာသုံးပါးကို ဦးထိပ်ထားကြောင်း၊
ဘုရားစာထဲက စာကြောင်းကို အင်မတန်ပြောင်မြောက်စွာ ပြင်ပြီး
ကိုယ်တော်မှိုင်းဟန်ပြုထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကိုအခုတော့
ကျနော်တို့က သူ့မူရင်းအတိုင်း သံဃာသရဏံဂစ္ဆာမိလို့ ပြန်ဆိုကြ
ရွတ်မိကြပါတယ်။ ဒါပေမဲ့ ကိုဟိုဒင်းရေ၊ အခု အဲဒီရတနာသုံးပါးထဲက တပါးကို
စစ်ဖိနပ်တွေနဲ့ ကန်လားကန်ရဲ့၊ ခေါင်းရိုက်လားရိုက်ရဲ့။ ဗမာစကားမှာ
ဘုန်းကြီးခေါင်းခေါက်ပြီး ကန်တော့တယ်ဆိုတာ မှတ်မိတယ်မဟုတ်လား။ နအဖကတော့
ဘုန်းကြီးခေါင်းကို လှိမ့်ကန်ပြီးတာတောင် ဘုန်းကြီးက
ပြန်ဝန်ချတောင်းပန်ခိုင်း နေလေရဲ့ဗျာ။ နောက်ပြီး မြို့လည်ခေါင်က
လမ်းမကြီးတွေပေါ်မှာ သံဃာတော်တွေကို အမဲပစ်သလို စိမ်ပြေနပြေ
ပစ်သတ်နေတာကရော ဒီကောင်တွေကို ရာသက်ပန် ပတ္တနိက္ကုဇ္ဇန ကံဆောင်ရမယ်။
ပြောရရင်
ကျနော်တို့ဒီနေ့ ရင်ဆိုင်နေရတဲ့ ဖိနှိပ်သူတွေကို ကျနော်ကတော့
ရန်သူလို့ပဲ တည့်တည့်ခေါ်မယ်ဗျာ။ ဒီကောင်တွေဟာ တော်ရုံရက်စက်တာမဟုတ်ဘူး။
သူတို့ဟာ အခုကိစ္စ ကျမှ သူတို့ရဲ့ဒေါသကို အနှိုးဆွခံရပြီး
စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်နေတာ။ ရှက်ရမ်း ရမ်းနေတာမဟုတ်ဘူးဗျ၊
သူတို့မှာ လူထုအပေါ် ဒီလို မတရားမညှာတာ ရက်ရက်စက်စက် လုပ်ဖို့ဆိုတာဟာ
ဗမာနိုင်ငံမှာ စစ်အုပ်စုရယ်လို့ စပေါ်လာကတည်းက သူတို့ခေါင်းထဲမှာ
ရှိခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။ သူတို့ရဲ့ ဒီအတွေးအခေါ်ကို ဗိုလ်နေ၀င်းက
အာဏာတက်လာစဉ်မှာ ‘ဓားဓားချင်း လှံလှံချင်း ရင်ဆိုင်မယ်’လို့ ကြေငြာပြီး
ပလ္လင်ပေါ်အဆင်းကျတော့ ‘စစ်တပ်က မှန်အောင် သေအောင် ပစ်တယ်”လို့
ကျိန်စာတိုက်တာနဲ့ ဖော်ပြောခဲ့တယ်၊ ဆိုလိုတာ ဒါဟာ သူတို့ရဲ့
အသွေးထဲအသားထဲမှာ စိမ့်ဝင်နေတဲ့ အယူအဆဖြစ်တယ်။ သူတို့သေမှ ဒီအယူအဆနဲ့
လုပ်ဟန်ကိုစွန့်မှာ။
ကျနော်တို့
ပြည်သူတွေဟာ ဒီလိုကောင်မျိုးတွေကို ရင်ဆိုင်နေရတာပါ။ (ဒါနဲ့များတောင်
မှ တချို့လူတွေက ဗမာပြည်ကလူတွေ ကြောက်နေကြတယ်၊ အကြောက်တရားက ဖိစီးခြင်း
ခံနေရတယ် ဆိုတာမျိုး ပြောကြသေးတယ်ဗျ)။
ခင်ဗျားစဉ်းစားကြည့်ပါ ရဲဘော်ကြီးရယ်။ အိမ်မှာနေတော့ ရိုက်ပြီးဖမ်းတယ်။
လမ်းပေါ် ထွက်တော့ သေနတ်နဲ့ပစ်တယ်။ ဒီလောက် ယုတ်မာရမ်းကားနေမှတော့
လူတွေအနေနဲ့ သည်းခံ နိုင်စွမ်းတွေ ကုန်ဆုံးရုံမက ရရာလက်နက်နဲ့
ပြန်ချချင်စိတ်တွေ ပေါ်တာ ဆန်းသလားဗျာ၊ သူများ မပြောနဲ့၊ ပြည်ပမှာနေပြီး
အင်တာနက်ကသတင်းတွေကို ဖတ်နေရတဲ့ ကျနော်တို့ ခင်ဗျားတို့ လည်းပဲ
လက်ထဲရှိတဲ့ မောက်စ်ကိုကိုင်ပြီး မော်နီတာပေါ်က စစ်သားတွေပုံကို
ပစ်ပေါက်ချင်တဲ့ ဆန္ဒတွေ ပေါ်တယ်မဟုတ်လား။ တကယ်လို့သာ အနီးအနားမှာ
လက်နက်လွယ်လွယ်ရနိုင်ရင် လက်နက်ကိုင် ပုန်ကန်မူ အမျိုးမျိုးပေါ်ပေါက်တာ
ကြာလှရော့မယ်။
ဆိုလိုတာ
အခုလိုဖြစ်နေမှတော့ ပြည်သူတွေဘက်က ဘာပဲလုပ်လုပ် တရားတယ် ဆိုတာပဲ
ရောင်းရင်းကြီးရေ့။ ဒီကောင်တွေကို ခဲနဲ့ ပြန်ပေါက်၊
တုတ်နဲ့ပြန်ရိုက်လည်း တရား တယ်။ ချောင်းရိုက် ချောင်းထုလည်း တရားတယ်။
သေနတ်ရှာတွေ့လို့ သေနတ်နဲ့ပြန်ပစ်၊ လက်လုပ်ဗုံးနဲ့ထုရင်လည်း ကျနော်တော့
လက်ခုပ်တီးမယ်ဗျာ။
ပြည်သူတွေကို
ဒီလိုလုပ်အောင် တွန်းပို့တာဟာ အုပ်စိုးသူတွေဖြစ်တယ်။ လမ်းပေါ်
လျှောက်နေသူကို သေနတ်ကိုင်စေတာဟာ အုပ်စိုးသူပဲ။ ဒီအချက်ကို
ဒီနေ့ဗမာပြည် အဖြစ် အပျက်က ထပ်ပြီး အတည်ပြုပေးတယ်လို့ပဲ ပြောရမယ်။ ဒါဟာ
သမိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းတင် ရမယ့် အရေးကြီးအချက်ပဲ။
နောက်ဆုံးအနေနဲ့တော့
ကျနော်ပြောရဲတယ်ဗျာ ကိုဟိုဒင်း၊ ကျနော်တို့နိုင်ငံမှာ သာသနာ
တည်မြဲတယ်ဆိုရင် ဒါဟာ ဗိုလ်သန်းရွှေတို့က ပုဂံမှာ မျှော်စင်ကြီးဆောက်တဲ့
ကုသိုလ်မျိုးကြောင့် လုံးဝမဟုတ်ဘူး။ ဟောဒီလို မျက်ရည်အသွယ်သွယ်နဲ့
လက်အုပ်ချီနေတဲ့ ဒါယကာ၊ ဒါယိကာမ တွေရဲ့ အကြားမှာ
သေနတ်ပြောင်းတွေရှိရာကို မေတ္တာသုတ်ရွတ်ရင်း ကြွချီသွားကြတဲ့
သံဃာတော်အရှင်မြတ်တွေကြောင့်ပဲဗျ။
ဘယာဘေးကွာဝေးကြပါစေ။
x x x x x x x x x
ယာတောက
သာဗြော |