|
ကျနော်
တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး ကိုယ့်ရဲဘော်တွေ
ကျဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာတွေ
များစွာကြုံတွေ့ခဲ့ရသော်လည်း “တို့ပြည်သူ့တပ်မတော် သားတွေဆိုတာ
ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရင်၊ ပြည်သူရဲ့ အသက်
အိုးအိမ်စည်းစိမ်နဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင်
ဒီလိုစွန့်လွှတ်စွန့်စားပြီး ကာကွယ်ရမှာပဲ”ဆိုပြီး ဖြေနိုင်ခဲ့ပေမယ့်
.... ။
ဒီနေ့ ကျနော့်ရင်ထဲမှာ ပူလောင်နေတယ်။
ကျနော်မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာ လဲ အလိုလို ကျနေတယ်။
တစ်သက်နှင့်တစ်ကိုယ် ဒီလို ကျနော်မခံစားခဲ့ဘူးတော့ အလွန်အမင်း
တုန်လှုပ်မိတယ်။
သွေးမတော် သားမစပ်ဘူးဆိုပေမယ့် ဒီကလေးက ကျနော်လက်ပေါ်မှာ
ကြီးခဲ့ရတာမို့ အနေနီးစပ်လို့ ဒီလိုခံစားရတာလားလို့ ကျနော့်ကိုယ်ကျနော်
ပြန်မေးခဲ့တယ်။ မဟုတ်ပါဘူး၊ အဖြစ်အပျက်ရဲ့ အခြေခံသဘောချင်းက
ကွာခြားတယ်။ သူ့ကို မမွေးခင်ကတည်းက ဖခင် ဖြစ်သူက
တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ ကြမ်းတမ်းတဲ့
လောကဓံကို ရင်ဆိုင်ဖြတ်သန်းရင်း ရရှိလာတဲ့ နှလုံးရောဂါကြောင့်
သူ့ကိုမွေးပြီးပြီးချင်း သူ့အမေ က ဆုံးသွားခဲ့ပြန်တယ်။
ပြောရမယ်ဆိုရင်တော့ သူ့အဖေနဲ့ သူ့အမေကို သူ မမြင်ဖူးလိုက်။
ဒီလို့နဲ့ ကျနော့်ကို သူ့အဖေထင်ပြီး နေလာခဲ့တယ်။
ပြဿနာစတွေ့တာ သူ့အသက်ငါးနှစ်ပြည့်လို့ ကျောင်းအပ်တဲ့အခါ
ဆရာမက “ဖခင် အမည်” လို့ မေးတယ်။ ကျနော်က “ဦးသိန်းနိုင်”လို့
ဖြေလိုက်တော့ ကျနော့်အမည် မောင်မောင် အောင်ဆိုတာ သူများတွေခေါ်တာ
သူကြားပြီးသိနေတော့ သူက၀င်ပြီး “ဦးမောင်မောင်အောင်” ပါလို့
ဝင်ပြောတယ်။ ဒါနဲ့ ကျနော်က သားကို နောက်မှရှင်းပြမယ်နော်လို့
ပြောလိုက်တော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ငယ်သေးတဲ့ကလေးဆိုတော့
မေ့မေ့ပျောက်ပျောက် ဖြစ်သွား တယ်။
ကျောင်းကပြန်လာတော့ တခြားကလေးတွေကို သူတို့အမေတွေ လာကြိုတာ
သူတွေ့ တော့ “ သားမေမေ ဘယ်မှာလဲ၊ သားတို့နဲ့ ဘာဖြစ်လို့အတူမနေတာလဲ”လို့
မေးပြန်တယ်။ ကျနော်လည်း ဘာဖြေရမလဲ မစဉ်းစားတတ်တော့တာနဲ့ “သားမေမေက
ဟိုးအဝေးကြီးမှာ သားအတွက် ပိုက်ဆံတွေ သွားရှာနေတာ၊ ပြန်လာတော့
သားတွေ့ရမှာပေါ့” လို့ ပြောထား လိုက်ရတယ်။
မူလတန်းကျောင်းသားအရွယ်မှာ ဖုံးထားလို့ရပေမယ့်
အလယ်တန်းကျောင်းသား ဖြစ်လာတော့ ဖုံးထားခဲ့သမျှ
အားလုံးပေါ်ကုန်တော့တာပါဘဲ။ အဲဒီနေ့က သူ့အသက် (၁၃)နှစ်၊
ခုနှစ်တန်းတက်နေတဲ့အချိန်၊ သူတို့ကျောင်းကို (လ၀က) စီမံချက်နဲ့ အသက်
(၁၀)နှစ်ပြည့် မှတ်ပုံတင်လာလုပ်ပေးတော့ ပုံစံ(၇) ဖြည့်တဲ့အခါ မိဘ၊
အဖိုးအဖွား အားလုံးသူသိသွားတယ်။
သူ့ဘ၀ဖြစ်စဉ် သူ့ကို ပြောပြဖို့ ငိုပြီးတောင်းဆိုလာတယ်။
ဒါနဲ့ ကျနော့်စာအုပ်သေတ္တာ ထဲက ၁၉၈၃ ခုနှစ် ဒိုင်ယာရီကိုရှာပြီး
သူ့အဖေနဲ့ သူ့အမေအကြောင်း ရေးထားတဲ့ စာရွက်တွေကို ဖြုတ်ပြီး
ပေးလိုက်ရတယ်။ ပြည့်ပြည့်စုံစုံပြောပြပါလို့ ထပ်တောင်းဆိုလာတာကို
သနားတာနဲ့၊ ဒီလိုကွ ...
၁၉၈၂ ခုနှစ်မှာ ရန်ကုန်တိုင်း၊ သန်လျှင်မြို့မှာရှိတဲ့ ခလရ
(၉၀) ကို တာဝန်နဲ့ ရောက် သွားတော့ အဲဒီမှာ မောင်သိန်းနိုင်ဆိုတဲ့
ရဲဘော်လေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူငယ်လဲ ဖြစ်၊ လူပျော်လဲဖြစ်၊
ချောလဲချောဆိုတော့ သူ့ကို အားလုံးကချစ်ကြတယ်။ မိန်းကလေးတွေလဲ ပါတာပေါ့။
အဲဒီအထဲမှာ တပ်ခွဲ တပ်ကြပ်ကြီးတစ်ယောက်ရဲ့သမီး သန်းသန်းဆွေ ဆိုတဲ့
ကောင်မလေးနဲ့ သူ လူငယ်ချင်း မေတ္တာမျှခဲ့ကြပြီးနောက် ၁၉၈၃ ခုနှစ်၊
နှစ်ဆန်းပိုင်းမှာဘဲ ‘လေးမာန်အောင်’ စစ်ဆင်ရေးနဲ့
ရှမ်းပြည်တောင်ပိုင်းကို ရှေ့တန်းထွက်ခဲ့ရတယ်။
ရှေ့တန်းကို ရောက်ပြီး သုံးလအကြာ လစာပေးအဖွဲ့လာတော့
သန်းသန်းဆွေ ရေးလိုက်တဲ့စာထဲမှာ သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့
ဆရာဝန်ကပြောတယ်။ အဲဒါ လက်ထပ်ခွင့်တင်ဖို့ အမြန်ဆုံးလုပ်ပေးဖို့ ပါတယ်။
ဒါနဲ့ ရဲဘော်သိန်းနိုင် တပ်ခွဲမှူးကို သတင်းပို့တင်ပြတယ်။ တပ်ခွဲမှူး
ကလဲ သူထောက်ခံပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် ခက်နေတာက အားလုံးက
ရှေ့တန်း မှာ ရောက်နေတယ်ဆိုတော့ ရှေ့တန်းကပြန်မှဘဲ အမြန်ဆုံးဖြစ်အောင်
စီစဉ်ပေးမယ်လို့ တပ်ခွဲမှူးက ပြောတယ်။
နောက်သုံးလလောက်ကြာတော့ ခလရ (၇၀) လာချိန်းတာကြောင့်
နောက်တန်းကို ပြန်ရပေမယ့် ကုသိုလ်ကံက မကောင်းဘူး။ တပ်ရင်းမှာ (၅) ရက်သာ
အနားရပြီး လွှတ်တော် လုံခြုံရေးဆိုပြီး ရန်ကုန်ကို ပြန်ထွက်ရပြန်တယ်။
အဲဒီအချိန်မှာ ရဲဘော်သိန်းနိုင်နဲ့ သန်းသန်းဆွေ တို့အပြင် လူ့လောကထဲကို
မရောက်သေးတဲ့ သန်းသန်းဆွေလွယ်ထားတဲ့ ဗိုက်ထဲက ကလေးရဲ့ ဘ၀၊
အဲဒီဘ၀သုံးခုဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတဲ့ ကျွဲနှစ်ကောင်
ခတ်တဲ့ကြား မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ....
၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှာ မြန်မာအစိုးရရဲ့
ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ သမ္မတကြီး ချန်ဒူးဝန်နဲ့
ဝန်ကြီးတချို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အလည်ရောက်လာခဲ့တယ်။
အောက်တိုဘာလ (၉)ရက်နေ့မှာ ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီးနဲ့
ဝန်ကြီးအဖွဲ့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြု ပန်းခွေချဖို့
အာဇာနည်ကုန်းကို သွားတယ်။ အဲဒီမှာ တောင်ကိုရီးယားသမ္မတကြီးကို
လုပ်ကြံဖို့ မြောက်ကိုရီး ယားအစိုးရက လွှတ်လိုက်တဲ့ ကွန်မာန်ဒို (၃)ဦးက
ဗုံးခွဲတိုက်ခိုက်တာကြောင့် တောင်ကိုရီးယား သမ္မတကြီး
လွတ်မြောက်ခဲ့သော်လည်း ၀န်ကြီး (၄)ဦး၊ အဖွဲ့ဝင် (၁၃)ဦး၊ မြန်မာ
(၄)ဦး သေဆုံး သွားခဲ့တယ်။
အောက်တိုဘာလ (၁၀) ရက်နေ့မှာ အကြမ်းဖက်ဖေါက်ခွဲရေး
အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးအဆင့် ဇင်မိုကို ပုဇွန်တောင်ချောင်းထဲမှာ
ဖမ်းဆီးရခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာန ခွဲစိတ်ခန်း
အနီးကပ်အထူးလုံခြုံရေး တာဝန်ယူခဲ့ရပြီး အောက်တိုဘာလ (၁၁) ရက်နေ့ မနက်
(၁၀) နာရီလောက်မှာ အဲဒီ မြောက်ကိုရီးယားဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင်
ဗိုလ်မှူးဇင်မို ကို အမှတ်(၂) တပ်မတော်စစ်ဆေးရုံကြီးသို့ ပို့ပေးပြီး
ကန်တော်မင်ပန်းခြံအတွင်းရှိ အမှတ်(၁) စစ်ဗျူဟာရုံးကိုရောက်တော့
ရန်သူ့သတင်းကြေးနန်းဝင်နေတယ်။ ရဲဘော်တွေ တန်းစီထားပါ ဆိုတဲ့ အမိန့်က
ဆီးကြိုစောင့်နေတယ်။ ခဏကြာတော့ အသေခံကွန်မန်ဒို (၁၀)ယောက် ရွေး၊
ကားပေါ်တက်ခိုင်းပြီး ဒလကြမ်းမောင်းထွက်ခဲ့တယ်။ ပြီးတော့ မင်္ဂလာဒုံ (၅၀၂)
လေတပ် လေယာဉ်ကွင်းကိုရောက်တော့ ရန်ကုန်တိုင်း ဒုတိယစစ်တိုင်းမှူး
ဗိုလ်မှူးကြီးမျိုးညွန့် (န၀တ လက်ထက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၊
သာသနာရေးဝန်ကြီး)၊ အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ညီစိန်၊ ခလရ
(၉၀) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အုန်းမြင့်၊ ခလရ (၉၀) ထောက်
လှမ်းရေးအရာရှိ ဗိုလ်ကြီးကျော်စိုးနဲ့ တွေ့တယ်။ ဒုတိုင်းမှူး
ဗိုလ်မှူးကြီးမျိုးညွန့်က “ရဲဘော်တို့ အခု ရန်သူကို သွားရှာရမယ်။
ရှာတဲ့အခါမှာ ဆူးတွေ့လဲနင်း၊ ကျားတွေ့လဲတိုး၊ မြေကြီး တစ်လက်မ မကျန်
တောနင်းရှာဖွေပါ။ တွေ့ခဲ့ရင် အရှင်ရအောင်ဖမ်းပါ။ တို့တိုင်းပြည်ရဲ့
ဂုဏ် သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်တွေ စတေးရင်လဲ စတေးရမယ်။
ဒါပေမယ့် ရန်သူဒဏ်ရာရတာ မလိုချင်ဘူး” အမိန့်ပေးပြီး ရဲဘော်တွေရဲ့ အမည်၊
ကိုယ်ပိုင်အမှတ်၊ သွေးအုပ်စု၊ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် - အမွေစားမွေခံ
ဘယ်သူ့ကိုပေးမယ်၊ ပထမဦးစားပေး ဒုတိယဦးစားပေး စတာတွေ
မှတ်တမ်းမှာဖြည့်ကာ ရဟတ်ယာဉ်ပေါ်တက်ပြီး ထွက်တယ်။ ရွှေတိဂုံဘုရားကြီးကို
သုံးပတ်ပျံသန်းပေးပြီး ဘုရားကို ၀တ်ပြုစေတယ်။ ပြီးမှ ရန်ကုန်တိုင်း၊
ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာနဲ့ အနီးဆုံး တာရိုးကြီးပေါ်ဆင်းဖို့
ရဟတ်ယာဉ်ကို နှိမ့်လိုက် တာနဲ့ စပါးပင်တွေအကုန်လဲတာကြောင့်
လေထဲမှာဘဲရပ်ပေးပြီး ရဲဘော်တွေကို ခုန်ဆင်းစေ ခဲ့တယ်။
ရဲဘော် (၁၀) ယောက် မြေကြီးပေါ်ရောက်တာနဲ့
စစ်တပ်ရဲ့ထုံးစံအတိုင်း သခွတ်ပင်ရွာ ထဲကို ရှင်းလင်းဝင်ရောက်တော့
ရန်သူက မရှိတော့ဘူး။ ရွာအပြင် လယ်ကွင်းတွေဖက် ထွက် သွားကြောင်း သတင်းအရ
ရွာအပြင်ကိုထွက်၊ လယ်ကွင်းတွေထဲမှာ ရင်ဘောင်တန်း ဖြန့်ပြီး ရှာတယ်။
မိုးသာချုပ်သွားတယ်။ ရန်သူ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။ ဒါနဲ့
လယ်ကွင်း စပ်မှာ ရွာကပေးတဲ့ ထမင်းထုပ်ကို စားပြီး
ငုတ်တုတ်မိုးလင်းခဲ့ရတယ်။
အောက်တိုဘာလ (၁၂) ရက်နေ့ မနက်အလင်းရောင်ရတာနဲ့ လယ်ကွင်းထဲ
ထပ်ပြီး ရှာတယ်၊ မတွေ့ဘူး။ ပြီးတော့ ကမ်းစပ်က ခရားတောကို
တောနင်းပြီးရှာတယ်။ အဲဒီတော့မှ ရေဆင်းမြောင်းထဲမှာ ဗေဒါတွေနဲ့ဖုံးအုပ်၊
မျက်ကွယ်ယူထိုင်နေတဲ့ မြောက်ကိုရီးယား အကြမ်း ဖက် ဖေါက်ခွဲရေးသမား
ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင်ချူးကို တွေ့လိုက်ရတယ်။
ဒီတော့ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်ရဲ့
အမိန့်အတိုင်း ရင်ဘောင်တန်းဖြန့်ထားတဲ့ ရဲဘော်တွေရဲ့ ဘယ်အစွန်က
သုံးယောက်ကို အသင့်ပြင်ဖို့ တပ်စိတ်မှူးက အမိန့်ပေးတယ်။
ဘယ်အစွန်မှာရှိနေတဲ့ ရဲဘော်သန်းထွေး၊ ရဲဘော်သိန်းနိုင်၊
ရဲဘော်ညွန့်ဟန်တို့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေကို
မြေကြီးပေါ်ချလိုက်ပြီး ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်တာကို မြင်နေရတယ်။
အဲဒီနောက် တပ်စိတ်မှူးရဲ့ လက်ခုပ်တီးပြီး “စ”လို့ အမိန့်ပေးသံ၊ ရဲဘော်
သုံးယောက်ရဲ့ “ကျား” ဆိုတဲ့ အော်ဟစ်မာန်သွင်းသံ၊ “ဂျိန်း”ကနဲ
ပေါက်ကွဲသံ ဆက်တိုက် ထွက် ပေါ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံး မီးခိုးများ
ဖုံးအုပ်သွားခဲ့တယ်။
မီးခိုးများလွင့်ပါးသွားချိန် မြင်ကွင်းကို
သေချာကြည့်လိုက်တော့ ကျနော်တို့ ရဲဘော် သုံးယောက်
ရန်သူနဲ့မလှမ်းမကမ်းမှာ လဲပြိုနေကြတာကို တွေ့လိုက်ရတယ်။ ထို့နောက်
တပ်စိတ် မှူးက “နောက်သုံးယောက် အသင့်ပြင်”လို့ အမိန့်ပေးသံအဆုံးမှာ
ရဲဘော်သုံးယောက် သေနတ် များကို ဘေးချကာ ရှေ့တစ်လှမ်းစီ
တိုးရပ်လိုက်ကြတာကို မြင်နေရတယ်။
ထို့နောက် တပ်စိတ်မှူးရဲ့အမိန့်ပေးသံ ထွက်ပေါ်လာပြီး
ရဲဘော်တွေရဲ့ ကျားထိုးခုန် အုပ် ဖမ်းဆီးမှုကြောင့် နောက်ဆုံးတွင်
ရန်သူကို အရှင်ရအောင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာရသူ
ရဲဘော်သုံးဦးကို ရဟတ်ယာဉ်နဲ့တင်ပြီး မြေပြင်မှ စတက်လိုက်သည်နှင့်
ရဲဘော် ညွန့်ဟန် ကျဆုံးသွားသည်။ နောက် လမ်းခုလတ်မှာပင်
ရဲဘော်သိန်းနိုင် ကျဆုံးသွားခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းသို့ အဆင်းမှာ
ရဲဘော်သန်းထွေး ကျဆုံးသွားခဲ့တယ်။
ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးကို သူရတံဆိပ်ပေးခဲ့သော်လည်း
ရဲဘော်သိန်းနိုင်မှာ လက်ထပ်ခွင့်ပြန်မကျခင် ကျဆုံးသွားခဲ့သောကြောင့်
သန်းသန်းဆွေမှာ ခံစားခွင့်လဲမရဘဲ ချစ်သူနှင့် သေကွဲ ကွဲခဲ့ရခြင်း၊
တရားဝင် လက်ထပ်ခြင်း မပြုလိုက်ရသော်လည်း ကိုယ်ဝန်ကြီး လွယ်ထားရ၍
ပတ်ဝန်း ကျင်၏ တီးတိုးပြောဆိုခြင်းကြောင့် အရှက်ရစေခဲ့ခြင်း၊
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အစားဆင်းရဲခြင်းတို့ စုပေါင်းကာ နောက်ဆုံး၌
နှလုံးရောဂါရရှိပြီး ကလေးမွေးပြီး ချိန်တွင် ဆုံးပါးသွားခဲ့ရရှာတယ်။
ဒီလိုနဲ့ဘဲ သားကို ဦးကဘဲခေါ်မွေးခဲ့တယ်လို့ ပြောပြအပြီး
ကလေးကိုကြည့်လိုက်တော့ မျက်ရည်တွေစီးကျနေသော်လည်း
မျက်တောင်မခတ်တော့ဘူး။ ကျနော်က သူ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး
သားသားလို့ခေါ်ပေမယ့် အသံလည်းထွက်မလားဘူး။ ဒါနဲ့ ကျနော်လည်း
သူ့ကိုထမ်းပြီး နီးစပ်ရာ ဆေးခန်းပြေးပြတယ်။ ဆရာဝန်က ရန်ကုန်ဆေးရုံကြီး
အရေးပေါ်ဌာနကို သွားဖို့ ပြောတယ်။ နောက်ဆုံး အရေးပေါ်ကိုရောက်ပြီး
နှစ်နာရီ လောက်အကြာမှာ ဆရာဝန်ကြီးက “ဒီကလေးမှာ မွေးရာပါ
နှလုံးရောဂါရှိတယ်။ အခုအဲဒီနှလုံးရောဂါနဲ့ဘဲ ဆုံးသွားပြီ” တဲ့။ ကျနော့်
ရင်ထဲ ဗလောင်ဆူသွားတယ်။ ဆေးရုံမှာလုပ်စရာရှိတာတွေ
လုပ်ကိုင်ပေးခဲ့ပြီးတော့ အိမ်ကို ဘယ်လိုပြန်ရောက်သည်ကိုပင် ကျနော်မသိ။
ကျနော့်စိတ်ထဲမှာ အရမ်းကိုမွန်းကျပ်နေတယ်။
‘ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့’ တဲ့၊
ရှေးကဆိုခဲ့တဲ့စကား။ ကြာရင်ဆိုတဲ့အချိန်ကာလ ဘယ်လောက်ကြာရင် မေ့မှာလဲ။
ဒီနေ့မနက် ဘီဘီစီအသံလွှင့်ဌာနက သတင်းကြေငြာတဲ့အထဲမှာ
“မြောက်ကိုရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့
ရောက်ရှိလာကြောင်း၊ နောက်တနေ့တွင် နေပြည်တော်တွင် နှစ်နိုင်ငံ
သံတမန်ဆက်သွယ်ရေး ဆွေးနွေးရန်”တဲ့။
ကြားလိုက်ရတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ
ဝမ်းနည်းကြေကွဲခြင်းနှင့် ဒေါသထွက်ခြင်း တပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်။
ဒီမြောက်ကိုရီးယားအကြမ်းဖက်သမားတွေ ကိုယ့်မြေပေါ်
ကျူးကျော်ဝင်ရောက်၊ ကိုယ့်ဧည့်သည်ကို စော်ကား၊ ဒါကို တာဝန်သိသိနဲ့
တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့ လဲပေးသွားတဲ့
စွန့်လွှတ်စွန့်စားသူ ပြည်သူ့တပ်မတော်သားတွေရဲ့ သစ္စာတရားကိုမှမထောက်၊
လုပ်ရက်ပါပေ့ကွာ။
မနက်မိုးလင်းရင် တစ်ကြိမ်၊ ညမိုးချုပ်ရင်တစ်ကြိမ်
ဆိုနေကြတဲ့ သစ္စာအဓိဋ္ဌာန် (၄)ချက်ဆိုတာ ဘာရည်ရွယ်ချက်နဲ့ဆို နေကြတာလဲ။ (၁)
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ (၂) ငါတို့သည်
ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ (၃) ငါ့အား အထက်မှပေးအပ်သော
အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ (၄) ငါ့နိုင်ငံတော်၊
ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်
အဓိဋ္ဌာန် ပြုပါ၏။ - တဲ့။
ဒီသစ္စာအဓိဋ္ဌာန် (၄)ချက်အတိုင်း ကျနော့်ရဲဘော် သန်းထွေး၊
ရဲဘော်ညွန့်ဟန်၊ ရဲဘော် သိန်းနိုင်တို့သည် သူတို့ရဲ့အသက်နှင့်
ခန္ဓာကိုယ် စွန့်လွှတ်ပေးသွားခဲ့တယ်။ သူတို့ကို မှီခိုနေကြ ရတဲ့ သူတို့ရဲ့ မိသားစုတွေဆိုရင်လဲ
စစ်သားတစ်ယောက် တိုက်ပွဲကျသွားပြီးနောက်ပိုင်း (၃)လ သာ
နေအိမ်လိုင်းခန်း၌ နေထိုင်ခွင့်ရှိပြီး (၃)လပြည့်ပြီးတာနဲ့
ဆင်းပေးဖယ်ပေးကြရတယ်။ မဖြစ် စလောက် ထောက်ပံ့ငွေးလေးနဲ့ နေစရာကမရှိ၊
ကြာတော့ လမ်းဘေးရောက်၊ သားသမီး တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊
ကျန်းမာရေး ဘာမှမရေရာတော့ သူတို့အတွက် အနာဂတ်ဆိုတာ ဘာလဲလို့ မေးယူရမယ့်ဘ၀။
နောက်ဆုံးတော့ သားသမီးတွေ ထမင်းလေးနပ်မှန်စေဖို့ မျက်စိကို
စုံမှိတ်ပြီး ခန္ဓာကိုယ်ကို စတေးလိုက်ရတဲ့ စာရင်းတွေသာ တနေ့တခြား
တိုးတိုးလာခဲ့တယ်။ တရားဝင်ဖခင်မရှိတဲ့ ကလေးတွေ များများလာနေတယ်။
ဒီအကြောင်းတွေကို ကျနော်စဉ်းစားတိုင်း ထွက်လာတဲ့အဖြေကတော့
ကျနော်တို့ အောက်ခြေကစစ်သားတွေဟာ သစ္စာအဓိဋ္ဌာန်
(၄)ချက်ကို နေ့စဉ်ဆိုနေကြရတယ်၊ စောင့်သိ ရိုသေ
လိုက်နာနေကြတယ်။ စစ်ဗိုလ်ချုပ်တွေက သစ္စာအဓိဋ္ဌာန် (၄)နဲ့
ကင်းကွာနေကြတယ်။ ဘာဘဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်ကြီးများဟာ
ကျဆုံးလေပြီးသောရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ မယ်ဆိုရင်
ဒီမြောက်ကိုရီးယား အကြမ်းဖက်အစိုးရကို သံတမန်အဆက်အသွယ် မလုပ်သင့်ပါ။
ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကိုမစောင့်သိဘဲ
ကိုယ့်အာဏာတည်မြဲရေးကိုသာ ကြည့်မယ်ဆိုခဲ့ရင် ကျနော်တို့
အောက်ခြေစစ်သားတွေအနေနဲ့ စဉ်းစားသင့်တာတွေ စဉ်းစားပြီး လုပ်သင့်တာတွေကို
လုပ်ကြဖို့ လိုအပ်နေပြီလို့ ...
။
x x x x x x x x x |