Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

တည်ဆဲဥပဒေ၊ သူမ၏ရပ်တည်ချက်၊ ဘုရားတက်ဆုတောင်းခြင်း

ရိုးမမောင်  
(၂၀၀၇ ခုနှစ်၊ မေ ၁၇ ရက်)

အဖွဲ့ချုပ်၏ အထူးကြေညာချက် (၅ / ၀၅ / ၀၇) တွင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှာ “ဥပဒေနဲ့လည်းမညီ၊ တရားမျှတမှုလဲ မရှိ” ဟု ဖေါ်ပြထားပါသည်။

            လွန်ခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ (၁ / ၂၀၀၇) တွင် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ပြန်လွှတ်ပေးမလဲ ကိစ္စကို မေးမြန်း ရာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက “ထုတ်ပြန်ထားသည့် တားဆီးမိန့်နှင့် ပတ်သက်ပြီး ဆက်လက်ထားရှိမည်/ မထားရှိမည်ဆိုသည်မှာ တည်ဆဲဥပဒေများနှင့် သူမ၏ ရပ်တည်ချက်နှင့်သာ ဆိုင်သည်”ဟု အဖြေပေးခဲ့သည်။

            “တည်ဆဲဥပဒေ”ဆိုသည်မှာ (နအဖ)စစ်အစိုးရ၏ လက်ထဲတွင်သာ ရှိသည်။ (နအဖ) စစ်အစိုးရစိတ်ကြိုက် လုပ်နိုင်သည့် ဥပဒေဖြစ်သည်။ အစုလိုက်အပြုံလိုက် ဖမ်းနိုင်သလို၊ အစုလိုက်အပြုံလိုက် လွှတ်ပေးနိုင်သည်။ သူတို့လွှတ်မပေးချင်သူကိုလည်း ဖမ်းချင်သလောက် ဖမ်းဆီးထားနိုင်သည်။ ဦးဝင်းတင်နှင့် ဒေါက်တာ သန်းငြိမ်းတို့ကို ထိုသဘောထားနဲ့အညီ ဖမ်းထားခြင်းဖြစ်သည်။

            “သူမ၏ရည်တည်ချက်”ဆိုသည်ကို ဖြတ်သန်းခဲ့သည့် (၁၈)နှစ်တာကာလအတွင်း အဘယ်မျှ ကြံ့ခိုင်သည်ကို ကျွန်တော်တို့ သိထားပြီးဖြစ်သည်။ (နအဖ)စစ်အစိုးရလည်း ကောင်းကောင်းသိသည်။ ပိန်နွဲ့နွဲ့ အမျိုးသမီးလေးကို ဟန်တလုံးပန်တလုံးနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြောက်ကြီးကြောက်နေတာကိုကလည်း နိုင်ငံတကာက သိပါသည်။

           အဖွဲ့ချုပ်အထူးကြေညာချက်တွင် “အမျိုးသားညီလာခံသို့ တက်ရောက်ရန်အထိပင် စီစဉ် ခဲ့ပြီးလဲ ဖြစ်ပါသည်။ ထို့နောက် ဤသဘောတူညီချက်များ ပျက်ပြယ်သွားခဲ့ပါသည်” ဟု ဖေါ်ပြ ပါရှိပါသည်။

            ဤကိစ္စများသည် ဒီပဲယင်းအကြမ်းဖက်မှုအပြီး လမ်းပြမြေပုံ (Road map) ကြေညာပြီး နောက် ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ်ဖြစ်နေစဉ် ၂၀၀၃ ခုနှစ်၊ မေလနှင့် ၂၀၀၄ ခုနှစ်၊ မေလ ပတ်ဝန်းကျင်က ဖြစ်စဉ်ဖြစ်ရပ်များသာ ဖြစ်သည်။

            ထိုကိစ္စနှင့် ပတ်သက်၍ အဖွဲ့ချုပ်က ၂၀၀၄ ခုနှစ်၊ မေလ (၁၄) ရက် နေ့စွဲဖြင့် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် အဖွဲ့ချုပ်မှ  (နအဖ)စစ်အစိုးရထံ တောင်းဆိုချက် (၅)ချက် အဆိုပြုတင်ပြခဲ့ကြောင်းနှင့် ထိုကြေညာချက် အဆုံးပိုဒ်တွင် ဤသို့ ဖေါ်ပြထားသည်။ “ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြေအနေအရ အမျိုးသားညီလာခံတွင် ပါဝင် ခြင်းအားဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည်ဟု မယုံကြည်သောကြောင့် အမျိုးသားညီလာခံကို မတက်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။”

           (နအဖ)စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးကလည်း ၂၀၀၁ ခုနှစ်၊ ဒုတိယအကြိမ် တားဆီး မိန့်ထုတ်ပြန်ထားသည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် (၄) ကြိမ်၊ ၀န်ကြီးတစ်ဦး ဦးဆောင်သည့်အဖွဲ့က အကြိမ် (၂၀)” တွေ့ဆုံခဲ့သည်ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဘက် ဘာတွေဆွေးနွေးကြသည်ကိုတော့ အသေးစိတ် ဖေါ်ပြခြင်းတော့ မရှိပါ။

            သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားတင်းမာမှုကြောင့် ထိပ်တိုက် ရင်ဆိုင်လိုသည့် သဘောထားကြောင့် ပျက်ပြားသွားရလေဟန် သရုပ်ဖျက်၍ တဖက်သတ် စွပ်စွဲရေးသားနေသည်များကို သတင်းစာ၊ ဂျာနယ်များတွင် ဖတ်နေရပါသည်။

            ထို “(၄)ကြိမ်၊ အကြိမ် (၂၀) ကိစ္စ” ကို တိုင်းပြည်နှင့် ပြည်သူလူထုက အဖြစ်မှန်အတိုင်း သိရှိစဉ်းစား ဆုံးဖြတ်နိုင်ရန် အဖွဲ့ချုပ်က ရှင်းလင်းတင်ပြသင့်ပါသည်။

            ရှင်းလင်းတင်ပြရန် အချိန်တန်ပါပြီ။

            ယခုတော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဘုရားတက်ဆုတောင်းကြသူ မစုစုနွေးနဲ့ အဖွဲ့ချုပ်လူငယ်များကို (နအဖ)စစ်အစိုးရ အာဏာပိုင်များက ဖမ်းသွားကြပြီ။

            တည်ဆဲဥပဒေ၊ သူမ၏ရပ်တည်ချက်၊ ဘုရားတက်ဆုတောင်းခြင်းတို့ သုံးပွင့်ဆိုင်နေကြ ပြီဟု ပြောပါရစေ။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org