Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

 

(နအဖ)ထိပ်သီးဗိုလ်ချုပ်တွေက ပြောပါတယ်။

“ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး”တဲ့။

ဟုတ်ပါတယ်။ ဘယ်သူမှ မရှိပါဘူး။ သူတို့ကလွဲပြီး ဘယ်သူမှမရှိပါဘူး။ ဒါကြောင့်ပဲ တစ်ချက်လွှတ်အမိန့်တွေ (ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်) ဘယ်သူ့ကိုမဆို၊ ဘယ် အဖွဲ့အစည်းကိုမဆို မထင်ရင်မထင်သလို ဖမ်းနိုင်ဆီးနိုင်၊ ထောင်သွင်းအကျဉ်းချစေဆိုတဲ့ အမိန့်တွေ ထုတ်ပြန်နေနိုင်တာ ဖြစ်ပါတယ်။ ဒီလိုရှိနေလို့လည်း သူတို့ လွတ်ငြိမ်းခွင့်ပေးစေလို သူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်နေခြင်းဖြစ်ပါတယ်။

            ဒါကြောင့်ပဲ ဘိန်းဘုရင်ခွန်ဆာ၊ လောစစ်ဟန်တို့သားမြေးတွေ ‘လွတ်ငြိမ်းချမ်းသာ’ နေကြတာပါ။ အခုတော့ နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒိုးတူဘောင်ဘက်လုပ်ကိုင်နေတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေဖြစ်နေပါပြီ။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲများနဲ့အတူ တရုတ်ပြည်ခရီးစဉ်တစ်ခုမှာတောင် လိုက်ပါခွင့်ရပါတယ်။

            လွန်ခဲ့တဲ့ (၅၉)နှစ်မြောက် လွတ်လပ်ရေးနေ့ (၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)မှာ (နအဖ)စစ်အစိုးရက “စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)” ချီးမြှင့်ပြီး သူကောင်းပြုထားပါတယ်။ တစ်မျိုးသားလုံးကို အညွှန့်တုန်းစေမယ့် ဘိန်းဖြူချက်လုပ်ရောင်းချခဲ့တဲ့ ဘိန်းဘုရင်တွေကို လွတ်ငြိမ်းချမ်းသားခွင့် ရက်ရက်ရောရောပေးနိုင်ပေမယ့် ကျွန်တော်တို့ ကျောင်းသားလူငယ်များ ကိုတော့ အညှိုးအာဃာတကြီးမားစွာနဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး အကျဉ်းထောင်ထဲမှာ မသေသေအောင် သတ်နေပါတယ်။

            လက်လှမ်းမီတဲ့ သာဓကတချို့ကို ထုတ်ပြပါအုံးမယ်။

တရားဝင်ထူထောင်ထားတဲ့ တရားဝင်နိုင်ငံရေးပါတီတွေ တရားဝင် စည်းရုံးလှုပ်ရှား နိုင်ခွင့် မရှိပါဘူး။ စစ်အစိုးရက ကျင်းပပြုလုပ်ပေးတဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတဲ့ အပြင် ဖျက်သိမ်းပစ်ဖို့တောင် လုပ်ဆောင်နေတာပါ။

            (NLD), (SNLD)တို့လို တရားဝင်နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ပုံမှန် စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မရပါဘူး။ ပုံစံမျိုးစုံနဲ့ ဟန့်တားနှောင့်ယှက်နေတာပါ။ ဘယ်လောက်ထိအောင် စွက်ဖက်သလဲဆိုတော့ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေရဲ့ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်မယ်တဲ့၊ ဓါတ်ပုံရိုက်မယ်တဲ့၊ အစည်းအဝေးမှတ်တမ်း မိတ္တူပေးရမယ်တဲ့၊ ကမ်းကုန်နေပါပြီ။

            (NLD)ရဲ့ ပြည်နယ်၊ တိုင်းမြို့နယ်၊ ရပ်ကျေးရုံးတွေ ပိတ်ပင်ထားခံရဆဲဖြစ်ပါတယ်။ လှုပ်ရှားမှုမှန်သမျှ ကန့်သတ်တားမြစ်ခံထားရဆဲဖြစ်ပါတယ်။

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အစရှိတဲ့  ခေါင်းဆောင်တွေကို  ပုဒ်မ ၁၀(က)နဲ့ ဆက်လက်သက်တမ်းတိုးပြီး ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ဒေါက်တာသန်းငြိမ်းကို ပြန်လွှတ်ပေးတော့မယ်လို့ပြောပြီး နောက်တစ်ရက်မှာ အဆိုပါ ပုဒ်မ ၁၀(က)နဲ့ပဲ ထပ်မံပြီး သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေအောင် တမင်ညစ်ပတ် တာ၊ (Mental torture)လုပ်တာဖြစ်တယ်။ ဦးဝင်းတင်ကိုလည်း  အလားတူလုပ်ရပ်မျိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့ဖူးပါတယ်။

            (SNLD)က ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ (SSA)နာယကကြီး ဦ်းဆေထင်၊ မျိုးဆက်သစ် (ရှမ်းပြည်)က ကိုမြင့်သန်းတို့ကို မတရားအမှုဆင် စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။ ဒါ့အပြင် မိသားစုများနဲ့ဝေးတဲ့ ဒေသများရှိ ထောင်များသို့လည်း တမင်တကာ  ရွှေ့ပြောင်းချုပ်နှောင်ထားပါတယ်။ မိမိနှစ်သက်ရာ ရှေ့နေငှား၍ ခုခံချေပခွင့်ကိုပင် မပေးခဲ့ပါ ဘူး။ နောက်ဆုံးမှာတော့ ကိုမြင့်သန်း (မျိုးဆက်သစ် - ရှမ်းပြည်)ဟာ သံတွဲအကျဉ်းထောင် အတွင်းမှာ ညှင်းပမ်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့ရပါတယ်။ ကိုသက်ဝင်းအောင်လည်း မန္တလေးအကျဉ်းထောင်ထဲမှာ မသေသင့်ပဲ သေဆုံးခဲ့ရပါတယ်။ ဒါတွေဟာ (နအဖ)စစ်အစိုးရရဲ့ အာဃာတတွေ၊ ယုတ်မာမှုတွေပဲဖြစ်ပါတယ်။

            ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကို ဖော်ထုတ်ဖွင့်ချပေးခဲ့တဲ့ မစုစုနွေးကိုလည်း အလားထူအငြှိုးအတေးနဲ့ ထောင်ချ ခဲ့တာဖြစ်ပြီး (အိုင်အယ်လ်အို)ရဲ့ ဖိအားကြောင့် မတတ်သာလို့ ပြန်လွှတ်ပေးရတာဖြစ်ပါတယ်။

ရွှေတိဂုံဘုရားရင်ပြင် အင်္ဂါထောင့်မှာ အင်္ဂါနေ့တိုင်း ဆုတောင်းဝတ်ပြုကြသူများကို လည်း ဂေါပကအဖွဲ့ကိုအသုံးချ၊ လူရမ်းကားလက်ကိုင်တုတ်တွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ မီးသတ်တွေ နဲ့ ၀ိုင်းပြီး ရန်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလို အဓမ္မမှုတွေအတွက် ဘယ်ဥပဒေ၊ ဘယ်အုပ်ချုပ်ရေးကမှ ခုခံကာကွယ်ပေးတာ မရှိခဲ့ပါဘူး။ အမှုဖွင့်တဲ့ကိစ္စမှာကိုပဲ ဈေးဆစ်ကန့်သတ်နေတာတွေကို  မီဒီယာတွေက ကြားသိနေရတာပါ။

            တစ်ဖက်က ဒီလိုဖိနှိပ်ချုပ်ချယ်တာတွေလုပ်နေသလို အခြားတစ်ဖက်မှာတော့ (နအဖ) စစ်အစိုးရက ကြံ့ဖွံ့တွေ၊ မီးသတ်တွေ၊ စွမ်းအားရှင်ဆိုသူတွေ၊ ကလောင်နာမည်အမျိုးမျိုး ခံထား တဲ့ လူရမ်းကားတွေကို ခွင့်ပြုချက်တွေပေးပြီး ဆန္ဒပြခွင့်၊ သတင်းစာဂျာနယ်များမှာ ဆောင်းပါး ရေးသားခွင့်တွေ ပေးထားပါတယ်။ ဒီမိုကရေစီရေးဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှန်သမျှကို စွပ်စွဲပုတ်ခတ်ဆဲရေးခွင့်တွေ ပေးထားပါတယ်။

            လူ(၅)ယောက်ထက် ပိုမစုရဘူးလို့ ပြဌာန်းထား၊ အမိန့်ထုတ်ထားပေမယ့် ကြံ့ဖွံ့ အစည်းအဝေးတွေကိုတော့ လူတွေကို အတင်းအဓမ္မဆင့်ခေါ်ပြီး စုဝေးခဲ့တာကို (နအဖ) စစ်အစိုးရကိုယ်တိုင်ပဲ စတင်ပြုလုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေမှာ ကြံ့ဖွံ့ လူရမ်းကားတွေက ဆိုင်းဘုတ်ကိုင်ပြီး ဆန့်ကျင်အော်ဟစ်တဲ့ လုပ်ရပ်တွေကိုလည်း (နအဖ) စစ်အစိုးရက တစ်ဖက်လှည့်နဲ့ သွေးထိုးမြှောက်ပင့် ဖန်တီးစေခိုင်းခဲ့တာဖြစ်ပါတယ်။  အခုဆိုရင် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေရှေ့မှာပါ ဆန္ဒပြပွဲတွေကို ပြုလုပ်တဲ့အထိ ခြေလှမ်းသွက်လာခဲ့တာ ကို အထင်အရှားတွေ့မြင်ရမှာပါ။ အဲဒီလို ဆန္ဒပြကြတဲ့ လူရမ်းကားလူအုပ်ထဲမှာ အေးလွင်တို့ အုပ်စုထဲက ဇော်အောင်ဆိုသူကို တွေ့လိုက်ရတယ်လို့ မီဒီယာသတင်းများက အခိုင်အမာ သတင်းဖော်ပြကြပါတယ်။

            အေးလွင်ကိုယ်တိုင်ကလည်း အင်တာဗျူးတစ်ခုမှာ အခုလို ပြောဆိုဖူးတာရှိပါတယ်။ “.... လုပ်တဲ့နေရာမှာ တစ်ခုတော့ရှိတာပေါ့နော်၊ တိုင်းပြည်ရဲ့ ပကတိတည်ရှိနေတဲ့ စည်းမျဉ်း စည်းကမ်း၊ ဥပဒေဘောင်ထဲကနေ ကျနော်တို့ သေသေ၀ပ်ဝပ် သပ်သပ်ရပ်ရပ်လေး ကျနော်တို့ လုပ်သွားမှာပါ” တဲ့။

            သူတို့ပြောတာနဲ့ သူတို့လုပ်တာ ရှင်းပါတယ်။

ဒါ့အပြင် အကောက်ခွန်ဝန်ထမ်းတွေကိုလည်း ဖမ်းချင်သလိုဖမ်းပြီး လွှတ်ချသလို လွှတ်ပေးနေပါတယ်။ တိုင်းပြည်ရဲ့ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာ၊ ခိုးဝှက်နေသူတွေကို ကိုယ်ကျိုး စီးပွားသက်သက်အတွက် ခိုးဝှက်နေတာတွေကို တရားဥပဒေအရ အရေးယူကြရာမှာပဲ ဖြစ်ပါ တယ်။

            ဒီလိုအရေးယူတဲ့နေရာမှာ ပြည်သူတွေသိရှိနိုင်ဖို့၊ ပြည်သူတွေကိုယ်တိုင်က ပါဝင် ကြီးကြပ်နိုင်ဖို့ လိုပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေရဲ့ အခွင့်အရေးတည်ရှိမှုနဲ့ အဲဒီ အခွင့်အရေးတွေနဲ့ ခုခံကာကွယ်ဖို့ ပြဌာန်းထားတာပဲမဟုတ်ပါလား။ တရားဥပဒေဟာ ပြည်သူ လူထုအကျိုးစီးပွားကို ကာကွယ်ပေးခြင်းလည်း မပြုလုပ်နိုင်ဘူး၊ ပြည်သူလူထုဟာ အဲဒီ တရား ဥပဒေတွေကို ကိုင်စွဲပြီး ခုခံကာကွယ်နိုင်ခွင့်လည်း မရှိဘူးဆိုရင် အဲဒီလိုမျိုးတရားဥပဒေကို တရားဥပဒေလို့ ခေါ်ဆိုနိုင်စရာအကြောင်း မရှိတော့ပါဘူး။

            ဒီပဲယင်းလို အကြမ်းဖက်သတ်ဖြတ်တဲ့ ရာဇ၀တ်မှုမျိုးကို (နအဖ)စစ်အစိုးရရဲ့ တည်ဆဲ တရားဥပဒေများက ခုခံကာကွယ်ခွင့်မပေးပါဘူး။ ခုခံကာကွယ်ခြင်းမပြုနိုင်တဲ့အပြင် ဒီပဲယင်း အကြမ်းဖက်သတ်ဖြတ်မှုဆိုတဲ့ ရာဇ၀တ်မှုကြီးမှာ နစ်နာခဲ့ရတဲ့သူတွေကိုပဲ (နအဖ)စစ်အစိုးရက  ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသေးတယ်။

ဒီပဲယင်းအကြမ်းဖက်မှုက (နအဖ)စစ်အစိုးရရဲ့ တရားဥပဒေဆိုတာရဲ့ အနှစ်သာရကို အရှင်းလင်ဆုံး ဖော်ပြနေတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါ။

အကျင့်ပျက်လာဘ်စားမှုဆိုတာ (နအဖ)စစ်အစိုးရခေတ်ရဲ့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ၊ ထမင်း စားရေသောက်ကိစ္စမျှသာ ဖြစ်ပါတယ်။ (နအဖ)စစ်အစိုးရ “ရဲသုံးရဲစိတ်ဓါတ်”နဲ့ ရဲရဲရစ်၊ ရဲရဲတောင်း၊ ရဲရဲယူ”နေကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် (နအဖ)ရဲ့ တရားဥပဒေဘောင်ဆိုတာအတွင်းမှာ ပြည်သူတွေအတွက်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေအတွက် ဥပဒေဆိုင်ရာ ဘယ်လိုခုခံကာကွယ်ခွင့်မျှ မရှိတော့ပါဘူး။ (နအဖ)စစ်အစိုးရရဲ့ တရားဥပဒေဆိုတာ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံလှုပ်ရှားသူတွေအတွက် စနစ်တကျ ဖိနှိပ်ရေးယန္တရားတစ်ခုသာ ဖြစ်ပါတယ်။

နိုင်ငံရေးသဘောပါတဲ့ ပြက်လုံးတစ်ခု၊ အရေးအသားတစ်၊ လှုပ်ရှားမှုတစ်ခု၊ ဖေါ်ပြမှု တစ်ခု ပါလာရင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်အရေးယူပါတယ်၊

ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားနေရတာနဲ့ပတ်သက်ပြီး အမျိုးသားရေး ဦးဝင်းနိုင်က အခုလို ရင်ဖွင့်ပါတယ်။ “အတိုင်းအတာလေးတစ်ခုလေးပဲ ကျွန်တော်တို့က ပြောနိုင်ဆိုနိုင် လှုပ်ရှားနိုင်တာပါ။ ပြည်တွင်းမှာ လှုပ်ရှားနေရတဲ့ နိုင်ငံရေးသမားတွေဟာ ကျွန်တော်တို့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလို ကျွန်တော်တို့ လုပ်နေရတာပါ၊ ကျွန်တော်တို့ တစ်ချက် အမှားမခံပါဘူး။ တစ်ချက်မှားတာနဲ့ ကျွန်တော်တို့ ထောင်ထဲ တန်းရောက်သွားပါလိမ့်မယ်”။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ (နအဖ)စစ်အစိုးရကို ဆန့်ကျင်ဝေဖန်တဲ့ ဦးတည်ချက်ပါရမယ်။ ထို့အတူ (နအဖ)စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ ရလိမ့်မယ်။ ဒီနှစ်ချက်မပါတဲ့ လှုပ်ရှားမှုတွေဆိုရင်တော့ (နအဖ)စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ရတဲ့၊ (နအဖ)စစ်အစိုးရမွေးထားတဲ့ အုပ်စုတွေ၊ ဂိုဏ်းတွေရဲ့ လုပ်ကြံဖန်တီးမှုတွေသာ ဖြစ်လိမ့်မယ်၊

စစ်အာဏာရှင်စနစ်ကို ဝေဖန်ဆန့်ကျင်ရမယ်။

(နအဖ)စစ်အစိုးရကို ဝေဖန်ဆန့်ကျင်ရမယ်။

စစ်ဗျူရိုကရေစီယန္တရားကိုလည်း ဝေဖန်ဆန့်ကျင်ရမယ်။

မတရားတဲ့ အမိန့်အာဏာမှန်သမျှကိုလည်း ဖီဆန်ရမယ်။ 

ဒီအချက်တွေမပါရင် လူထုလှုပ်ရှားမှုလို့ ခေါ်လို့မရဘူး။ ဒီလိုအချက်တွေမပါရင် (နအဖ)စစ်အစိုးရကလည်း အရေးယူမှာမဟုတ်ဘူး။

ဒါကြောင့် လူထုလှုပ်ရှားမှု ဟုတ်မဟုတ်ဆိုတာကို (နအဖ)စစ်အစိုးရရဲ့ အရေးယူမှု ရှိသလား၊ မရှိဘူးလားဆိုတာနဲ့တောင် တိုင်းတာလို့ရတယ်။ အဓိပ္ပါယ်ဖွင့်လို့ရတယ်။

x x x x x

ရိုးမမောင်
၂၀၀၇ ခုနှစ်၊ မတ်လ ၃ ရက်။  

 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org