|
ညစ်ပတ်ကောက်ကျစ်မှုကို (နအဖ)စစ်အစိုးရက
သရဖူဆောင်းပေးလိမ့်မည်
ရိုးမမောင်
(၂၀၀၈ ခုနှစ်၊
မေလ ၂၁ ရက်)
(နအဖ)စစ်အစိုးရအတွက် လေဘေးဒုက္ခသည် ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
မြန်မြန်ပြီးရေးနဲ့ စိတ်ကြိုက် အကွက်ချဖန်တီးထားတဲ့ ဆန္ဒခံယူပွဲရလဒ်တွေ
မြန်မြန်ကြေညာနိုင်ဖို့က အရေးကြီးပါတယ်။ ပိုပြီးတော့လည်း
အဓိကကျတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။
(နအဖ)စစ်အစိုးရက အတည်ပြုထုတ်ပြန်တဲ့ စာရင်းဇယားကိုပဲကြည့်ပါ။ သေဆုံးသူ
ပေါင်း (၇၇၇၃၈) ဦး၊ ပျောက်ဆုံးသူပေါင်း (၅၅၉၁၇) ဦး၊ ဒဏ်ရာရှိသူပေါင်း
(၁၉၃၅၉) ဦး ရှိပါတယ်။ ပျက်စီးဆုံးရှုံးမှုစုစုပေါင်းတန်ဖိုးက
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိပြီး၊ လူပေါင်း ၂ ဒသမ ၅ သန်း
အိုးအိမ်အခြေမဲ့အနေမဲ့ ဖြစ်သွားတာပါ။
(နအဖ)စစ်အစိုးရဟာ ဒီလောက်ကြီးမားများပြားပြီး
ဒီလောက်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်တွေကို မထောက်ထားမစာနာနိုင်ဘဲ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လူ့အသိစိတ်ရှိသူတိုင်း က၊
အဖွဲ့အစည်းတိုင်းက ရက်ရွှေ့ဆိုင်းပေးဖို့ ပန်ကြားနေတဲ့ကြားက မေလ (၁၀)
ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
(နအဖ)စစ်အစိုးရဟာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို အားသွန်
ခွန်စိုက်မလုပ်ပေမယ့် မေလ (၁၀) ရက်နေ့ကကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး
မြို့နယ်ပေါင်း (၃၂၅) မြို့နယ်ရှိတဲ့အနက် (၂၇၈) မြို့နယ်ရဲ့
ဆန္ဒမဲပေးမှုအခြေအနေကို မေလ (၁၅) ရက်နေ့က ခပ်သွက်သွက်ကလေး
ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒမဲပေးမှုအခြေအနေတွေကို အခုလို ၄ ရက် ၅ ရက်ခန့်
ရက်ပိုင်းကလေးအတွင်း ထုတ်ပြန်ခဲ့တာမှာ ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အစည်းဝေးတောင် ထိုင်ခဲ့ပုံမပေါ်ပါဘူး။
ဒီလိုကြေညာချက်ထုတ်ပြီး ကြေညာခဲ့တာဟာ ‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ’
အခန်း(၉) ဆန္ဒမဲများကြေညာခြင်း၊ ပုဒ်မ (၂၃) မှာ ပြဌာန်းထားတဲ့
‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီး တဲ့အခါ ဆန္ဒမဲများကို
တစ်ပေါင်းတစ်စည်းတည်း စာရင်းချုပ်၍ ကြေညာရမည်’ ဆိုတဲ့အချက်ကို အတိအလင်း
ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထောက်ခံမဲ (၉၂ ဒသမ ၄) ရာခိုင်နှုန်းရှိတယ်လို့
ထုတ်ပြန်ကြေညာလိုက် တာဟာ ကျန်ရှိနေသေးတဲ့ (၄၇) မြို့နယ်က
ဆန္ဒမဲတွေပေးဖို့မလိုတော့ဘူး၊ ဒို့ အပြတ်အသတ် အနိုင်ရနေပြီ၊
အတည်ပြုလို့ရနေပြီလို့ ပြောချင်တဲ့ သဘောပါပဲ။ တပြိုင်နက်ထဲမှာလည်း
ဒီလိုကြေညာလိုက်ခြင်းဖြင့် မေလ (၂၄) ရက်နေ့မှာ ဆက်လက်ဆန္ဒမဲပေးရန်
ကျန်နေသေးတဲ့ ပြည်သူတွေကို ခြိမ်းခြောက်ဖိအားပေးလိုက်တာလည်း
ဖြစ်ပါတယ်။
(နအဖ)စစ်အစိုးရဟာ အရာရာကို အာဏာလက်မလွှတ်ရေးနဲ့ ထာဝရတည်မြဲရေးဆိုတဲ့
ရှုဒေါင့်ကပဲ ကြည့်ပါတယ်။ ဒီအတွက် ဘယ်လိုနည်းလမ်းမျိုးကိုမဆို
ကျင့်သုံးပါတယ်။ ပြည်တွင်း ပြည်ပက ဘယ်လိုအဆိုပြုမှုကိုမဆို
ခေါင်းမာစွာနဲ့ ပစ်ပယ်နေတာပဲဖြစ်ပါတယ်။
(နအဖ)စစ်အစိုးရဟာ သူတို့စိတ်ကြိုက် ရလဒ်ထွက်ပေါ်လာစေဖို့ ဘက်ပေါင်းစုံက
ညစ်ပတ်ကောက်ကျစ်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
ကြိုတင်မဲတွေယူခြင်း ကို အဓိကထားပြီး ခြိမ်းခြောက်ခြင်း၊
ဖိအားပေးခြင်း၊ လိမ်ညာလှည့်ဖျားခြင်း စတဲ့ နည်းလမ်း တွေနဲ့
ထောက်ခံမဲတွေ ရယူသွားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် မေလ (၁၀) ရက်နေ့၌
မဲရုံများ မှာ မဲလာပေးတဲ့အရေအတွက်နဲ့ ကြိုတင်မဲပေးရတဲ့ အရေအတွက်ကို
နှိုင်းယှဉ်တွက်ချက်ပြီး ဖော်ထုတ်ကန့်ကွက်ရမယ်လို့ ထင်ပါတယ်။ ဒါ့အပြင်
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်ရောက် တိုက်ခတ်သွားတော့
(နအဖ)စစ်အစိုးရအတွက် ထပ်ပြီး ညစ်ပတ်လိမ်ညာဖို့ အကွက်ကောင်းရ
သွားပြန်ပါတယ်။
အခုလို ဘက်ပေါင်းစုံက အတင်းအဓမ္မ ဖိနှိပ်ထားတဲ့ အခြေအနေအောက်မှာမဟုတ်ဘဲ
တစုံတရာ တရားမျှတပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက
စောင့်ကြပ်ကြည့်ရှုနိုင်တဲ့ အခြေအနေ အောက်မှာသာ ဆန္ဒခံယူပွဲကို
ကျင်းပခဲ့မယ်ဆိုရင် (နအဖ)စစ်အစိုးရ အရှုံးကြီးရှုံးပါလိမ့်မယ်။
သူတို့မျှော်လင့်တဲ့၊ အခု သူတို့ကြေညာထားတဲ့ (၉၂ ဒသမ ၄) ရာခိုင်းနှုန်း
မရနိုင်ပါဘူး။ ညစ်လို့ သာ ဒီလိုကြေညာနိုင်တာဖြစ်တယ်ဆိုတာ
ပြည်တွင်းပြည်ပ အားလုံးက သိထားပါတယ်။ ဒါကြောင့် မေလ (၁၀) ရက်နဲ့ မေလ
(၂၄) ရက်နေ့တွေမှာ ကျင်းပခဲ့တာတွေဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမဟုတ်ဘဲ
တပြည်လုံးပြည်သူတွေရဲ့ ဆန္ဒမဲတွေကို အတင်းအဓမ္မယူခဲ့တဲ့ ‘ပြည်လုံး ကျွတ်
ဆန္ဒအကြမ်းဖက်လုယူပွဲ’ သာလျှင် ဖြစ်ပါတယ်။
ဒါကြောင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ကြေညာထားတဲ့
ရလဒ် တွေကို ကျွန်တော်တို့ပြည်သူတွေက လုံးဝ
လက်ခံအသိအမှတ်မပြုနိုင်ပါဘူး။
ထို့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က
အစီရင်ခံတင်ပြလာမယ့် ဆန္ဒမဲရလဒ်တွေကို (နအဖ)စစ်အစိုးရက
လက်ခံအတည်ပြုတယ်လို့ ကြေညာတယ်ဆိုရင်လည်း (နအဖ)စစ်အစိုးရဟာ
သူတို့ကိုယ်တိုင် အကွက်ချဖန်တီးထားတဲ့ ညစ်ပတ်ကောက်ကျစ်မှု အပေါင်းကို
သူတို့ကိုယ်တိုင် သရဖူဆောင်းပေးတာကလွဲလို့ တခြားဘာမှ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ ပြည်သူတွေဘက်ကလည်း (နအဖ)စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား
နဲ့ စစ်အာဏာရှင်စနစ် အကုန်အစင်တိုက်ဖျက်ပစ်ရေး
တိုက်ပွဲနည်းလမ်းကလွဲလို့ အခြား နည်းလမ်းမရှိပါကြောင်း။ |