|
ရေဒီယို (သို့မဟုတ်) တပြည်လုံး
တပြိုင်နက်ဖြန့်ကျက်နိုင်သည့် မီဒီယာ
ရိုးမမောင်
(၂၀၀၈ ခု၊ ဇန်န၀ါရီ ၂၅ ရက်)
ပြီးခဲ့သည့်
ဇန်န၀ါရီလ (၂၃) ရက်၊ ဗုဒ္ဓဟူးနေ့ည ဘီဘီစီ၏ မြန်မာ့အရေး ကမ္ဘာ့အရေး ကဏ္ဍတွင်
‘(နအဖ)စစ်အစိုးရက မီဒီယာတွေကို ပိုပြီးထိန်းချုပ်လာသလား - ဒါဟာ
အမှန်တရား ကို ရင်မဆိုင်ရဲလို့လား’ ဆိုတဲ့ ဦးချက်နဲ့
ဆွေးနွေးခန်းပြုလုပ်သွားခဲ့ပါတယ်။ ဌာနမှူး ဒေါ်တင်ထားဆွေ ဦးစီး၍
ဆွေးနွေးခန်းဖြစ်ပါသည်။ သည့်အရင် ဇန်န၀ါရီ (၉) ရက်၊ ဗုဒ္ဓဟူးနေ့ ညကလည်း
ဒေါ်တင်ထားဆွေက ဦးဆောင်ပြီး ဘီဘီစီသတင်းထောက်များနှင့် ၂၀၀၈ ခုနှစ်
မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအလားအလာများကို
ဆွေးနွေးသွားခဲ့ပါသည်။ ထိုအစီအစဉ် နှစ်ခုစလုံးကို ကြိုက်နှစ်သက်ပါသည်။
နောက်လည်း ပုံမှန်ပြုလုပ်စေချင်ပါသည်။
ယခင်က
မီဒီယာများတွင် မြန်မာ့အရေး ဆွေးနွေးကြရာတွင် မြန်မာ့အရေး လေ့လာ
သုံးသပ်သူ၊ ကျွမ်းကျင်သူအချို့၏ လက်သို့ ကန်ထရိုက်ပေးထားသလို
အစဉ်တစိုက် လွှဲအပ်ထား သည်မှာ မသင့်တော်ပါ၊ ကြာတော့
သမရိုးကျဆန်လွန်းသွားပါသည်။
ယခုကဲ့သို့
လူအများပါဝင် ဆွေးနွေးလာစေရန်၊ အသံနှင့် ရှုဒေါင့်ပေါင်းစုံ
ပိုမိုပါဝင်လာ စေရန် ပြုလုပ်ခြင်းဖြင့် ပို၍ မြိုင်ဆိုင်လာမည်ဟု
ယူဆပါသည်။ အစပထမတွင်တော့ ဆက်သွယ် ရေးအခက်အခဲ၊ ဆွေးနွေးသူများဘက်
အခက်အခဲများ ကြုံတွေ့ နိုင်ပါသည်။ ပါဝင်ဆွေးနွေးလို သူများသည်
ဆွေးနွေးနေသည့် ခေါင်းစဉ်၊ ဦးတည်ချက်ကို မျက်ခြည်ပြတ်သွားတာမျိုးတွေ
ရှိနေ တတ်ပါသည်၊ အချို့က ဆွေးနေတာ၊ မေးနေတာက တခြား၊ သူတို့ခံစားချက်၊
သူတို့ထင်မြင် ချက်များကို စွပ်၍ ပြောနေကြသည်ကိုလည်း ကြားရပါသည်။
အချို့ကဆိုလျှင် မေးခွန်းမေးသလို နှင့် သူတို့ပြောချင်တာကို
ပြောနေကြသဖြင့် တခါတရံ ဘာပြောချင်မှန်း၊ ဘာဆိုလိုမှန်း ဆုပ်ကိုင်
၍မရလိုက်တာမျိုးလည်း ကြားရပါသည်။ ကိစ္စမရှိပါ။ ကြာလျှင်
ကျင့်သားရသွားလျှင်၊ အလေ့အထဖြစ်သွားလျှင် ထိုသို့သော အဆင်အပြေဖြစ်မှုတွေ
ကျော်လွန်သွားပါလိမ့်မည်။ ယခုကဲ့သို့ လူအများ ပါဝင်ဆွေးနွေးလာစေရန်၊
အသံပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံ ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့်
ဖန်တီးပေးလာသည့် မီဒီယာများ၏စေတနာကို ကျေးဇူးတင်ရသည်။
စစ်အစိုးရက
မီဒီယာတွေကို ပိုပြီး ထိန်းချုပ်လာသလား။ ဒါဟာ အမှန်တရားကို
ရင်မဆိုင်ရဲလို့လား။
(နအဖ)စစ်အစိုးရသည် မီဒီယာများကို ပို၍ပို၍ ချုပ်ကိုင်လာပါသည်။
ရန်သူလိုပင် သဘောထားလာပါသည်။ အမှန်တရားကိုလည်း ရင်ဆိုင်ရဲခြင်းမရှိပါ။
ဖြည့်စွက်ချင်ပါသေးသည်။
မီဒီယာများဟုဆိုရာတွင် အသံလွှင့်မီဒီယာ၊ ရုပ်သံမီဒီယာ၊ စာနယ်ဇင်း
စသဖြင့် မီဒီယာ မျိုးစုံကို ပို၍တင်းကျပ်စွာ ဖိနှိပ်လာပါသည်။ ထို့အပြင်
အင်တာနက်ကဖေးများ၊ အင်တာနက် အသုံးပြုသူများ၊ ဘလော့ဂ်များ၊
ဘလော့ဂါများကိုပါ တင်းကျပ်စွာ စောင့်ကြည့်ပိတ်ဆို့ စိစစ်
ထိန်းချုပ်နေပါသည်။ အသုံးပြုသူ၊ ဖန်တီးသူများကိုလည်း ဖမ်းဆီးနေသည်။
ထိုသို့
တစ်ဖက်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်စိစစ် ပိတ်ဆို့နေသော်လည်း၊ (နအဖ)
စစ်အစိုးရသည် သူ၏မီဒီယာများကို တိုးချဲ့လာနေပါသည်။
သြဂုတ်-စက်တင်ဘာ အရေးအခင်းပြီးသည့်နောက်တွင် အထက်တွင် ဖေါ်ပြထားသည့်
မီဒီယာပေါင်းစုံကို ယခင်ကထက် ပို၍ သဲသဲမဲမဲ စိစစ်၊ ကန့်သတ်၊
ချုပ်ချယ်လာနေပါသည်။ ထိုးနှက်တိုက်ခိုက်လာနေပါသည်။
သတင်းစာ၊
ရေဒီယို၊ ရုပ်မြင်သံကြားများတွင် BBC, VOA, RFA, DVB တို့ကို စက်တင်
ဘာလကုန်ပိုင်းမှ အစပြု၍ ဗြောင် ဖေါ်ထုတ်တိုက်ခိုက်လာပါသည်။
- လေလှိုင်းပေါ်က လူသတ်သမားများ၊
- ရန်တိုက်ပေးနေသည်၊
- သွေးထိုးပေးနေသည်၊
- ဝေသာလီပုဏ္ဏားသတိထား စသဖြင့် ဖြစ်ပါသည်။
‘ဝေသာလီပုဏ္ဏား’ ဟုဆိုသဖြင့် အများက ဘာကိုဆိုလိုမှန်း မသိကြ။
‘ရှေ့ဖြစ်ဟော သလား’ စသဖြင့် ထင်ကြပုံရသည်။ သို့တွင်
ပြန်ကြားရေးဝန်ကြီးဌာနသည် ဝေသာလီပုဏ္ဏား၏ ခက်ဆစ်အဓိပ္ပါယ်ကို
ဖွင့်ဆိုရပြန်သည်။
‘ဝေသာလီပုဏ္ဏား(ကုန်းချောသွေးထိုးသူ)’ တဲ့၊
ယခု
ထိုသို့သော စွပ်စွဲပုတ်ခတ်မှုများကို သတင်းစာများ၊
တီဗွီနှင့် ရေဒီယိုများက မူပိုင် ယူထားပုံရသည်။ အခြားသော ဂျာနယ်၊ မဂ္ဂဇင်း
စာစောင်များ၏ စာမျက်နှာရှေ့တွင် ဖေါ်ပြထား ခြင်းမရှိသေးချေ။ ဘယ်တော့ ဖေါ်ပြခိုင်းမည်မသိ။
‘ဝေသာလီပုဏ္ဏား(ကုန်းချောသွေးထိုးသူ)’ ဆိုသဖြင့် မန္တလေးတက္ကသိုလ်အနီး၊ ၇၅
လမ်းနှင့် ၃၅ (အေ) လမ်းတ၀ိုက်တွင် နေထိုင်ကြသော ပုဏ္ဏားလူနည်းစုများကို
သတိရမိသည်။ ထိုပုဏ္ဏားများသည် ‘ဝေသာလီပုဏ္ဏား’ (ကုန်းချောသွေးထိုးသူ) များ
မဟုတ်ပါ။ ဝေဒပညာ၊ နက္ခတ္တပညာ၊ ဗေဒင်ပညာတို့ဖြင့် ငြိမ်းချမ်းစွာ အသက်မွေးနေကြသူများသာ ဖြစ်ပါသည်။
ယင်းသို့ (နအဖ)စစ်အစိုးရက
သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွင် BBC, VOA, RFA, DVB
တို့ကို ဗြောင်ထုတ်ဖော်တိုက်ခိုက်နေခြင်းကို
အခြားတစ်ဖက်မှကြည့်လျှင် BBC, VOA, RFA, DVB တို့၏ ထိရောက်မှုနှင့် စွမ်းအားကို
အသိအမှတ်ပြုနေရခြင်းပင် ဖြစ်ပါသည်။ ဘယ်စစ်အုပ်စိုးသူလက်ထက်တွင်မျှ
မကြုံဖူးခဲ့၊ မကြားဖူးခဲ့ကြသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည် မဟုတ်ပါလော။
မြန်မာပြည်တွင် ရုပ်မြင်သံကြားကြည့်နိုင်သူမှာ တပြည်လုံးလူဦးရေနှင့်
နှိုင်းစာလျှင် လူနည်းစုသာဖြစ်သည်။ သတင်းစာလည်း
လူတိုင်း ဝယ်ဖတ်နိုင်သည်မဟုတ်။ ဖတ်ကြသည် မဟုတ်။ တီဗွီရှိသူတိုင်း၊
သတင်းစာဝယ်သူတိုင်းကလည်း အစိုးရ၏သတင်းကို ကြည့်ကြ၊ ဖတ်ကြခြင်းမဟုတ်။ တီဗွီကြည့်သူအများစုမှာ ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်၊ ဘောလုံး
ပရိတ်သတ်က အများစုဖြစ်သည်။
အချို့က
‘ပဟေဠိနန်းတော်’ ၊ အချို့က ‘အလှရှာမယ် အလှကမ္ဘာဝယ်’၊ အချို့က
‘သရုပ်ဆောင်လွင်ပြင်’၊ အချို့က ‘ဆိုကြမယ် ပျော်ကြမယ်’ စသဖြင့်
ကိုယ့်အာသီသနှင့်ကိုယ် ကြည့်ကြခြင်းဖြစ်သည်။ အားလုံး
တူညီကြသည့်အချက်တစ်ခုမှာ ည
(၈) နာရီသတင်းလာလျှင် မည်သူမျှ
မကြည့်ကြခြင်းပင်ဖြစ်သည်။ ထိုအချိန်သည် ခေတ္တ အားလပ်ချိန်။
တီဗွီအိမ်တိုင်းမရှိသော်လည်း ရေဒီယိုကတော့ တောရောမြို့ပါ
အိမ်တိုင်းရှိကြသည်ဟု ထင်ပါသည်။ တရုတ်ရေဒီယိုလေးများကလည်း ဈေးပေါသည်၊
စီးပွားရေး မဂ္ဂဇင်းဂျာနယ်များ တွင် ထိုတရုတ်ရေဒီယိုကလေးများ
ရောင်းအားကောင်းသည့် သတင်းကို ဖတ်လိုက်ရသည်။ ယင်းဖြစ်ရပ်က လူအများသည်
သတင်းစိတ်ဝင်းစားမှု ရှိနေသည်ကို ဖော်ပြနေသည် မဟုတ်ပါ လော။
ယင်းရေဒီယိုကလေးများဖြင့် မြန်မာ့အသံကို ဖမ်းယူနားထောင်ကြရန်
မဟုတ်သည်က တော့ သေချာပါသည်။
မကြာခင်က
စလောင်းတီဗွီများ၏ လိုင်စင်ကြေးကို ယခင် ကျပ် ၆,၀၀၀ မှ ကျပ် ဆယ်သိန်းထိ
တိုးမြှင့်လိုက်သည်ဟု ကြားရသည်။ ပြည်ပမီဒီယာက ထုတ်လွှင့်နေမှုများနှင့်
နိုင်ငံခြားရုပ်သံမီဒီယာများကို ပိတ်ဆို့နိုင်ရန် ရည်ရွယ်ပုံရသည်။
(နအဖ)စစ်အစိုးရသည် သတင်း ခေတ်တွင် သတင်း၏ အလင်းတံခါးပေါက်များကို
ပိတ်ပင်နေသည်။ သတင်းအမှောင်ချဖို့ အချည်းအနှီး ကြိုးစားနေသည်။ ဂျာနယ်၊
မဂ္ဂဇင်းစာစောင်များကိုလည်း စာပေစိစစ်ရေးက ပိတ်ဆို့ဖြတ်တောက်နေသည်။
အင်တာနက်လိုင်းများကိုလည်း ပိတ်သည်။ အင်တာနက်ကဖေး များ၊ အင်တာနက်အသုံးပြုသူများကို စောင့်ကြည့်နေသည်၊ စိစစ်ကန့်သတ်နေသည်။ အင်တာ နက်အသုံးပြုသူသည် အင်တာနက်ကဖေးတွင် မှတ်ပုံတင်ကဒ်ပြား ပေးအပ်ထားရသည်။
အင်တာနက်အသုံးပြုသူစာရင်းကို ထောက်လှမ်းရေးသို့ တင်ပြရသည်။ တဖန်
တယ်လီဖုန်းလိုင်း များကိုလည်း ဖြတ်တောက်ပစ်သည်။
ကြားဖြတ်ခိုးယူနားထောင်သည်။ နိုင်ငံခြားမှခေါ်ဆိုမှုများ ကို
ပုံစံမျိုးစုံနှင့် နှောင့်ယှက်ဟန့်တားသည်။
သို့သော်လည်း ထိုသို့ ကန့်သတ်ဟန့်တား ပိတ်ဆို့မှုများကြားမှ
သတင်းအချက်အလက် များသည် စီးဆင်းနေဆဲပင်။
သြဂုတ်၊
စက်တင်ဘာလများအတွင်းက ဖြစ်စဉ်ဖြစ်ရပ်များ၊ ဓါတ်ပုံမှတ်တမ်းများသည်
အင်တာနက်များ၊ ဘလော့ဂ်များမှတဆင့် တကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
‘နစ်နေမန်း၊ ဆုံစည်းရာ၊ ကိုထိုက်’ စသော ဘလော့ဂ်များသည် လူအများ
ကြည့်ရှုနေရသော ဘလော့ဂ်များ ဖြစ်သည်။
အဆိုပါ
အင်တာနက်နှင့် ဘလော့ဂ်အသုံးပြုနိုင်သူများမှာ မြန်မာပြည်အတိုင်းအတာ အရ
လူနည်းစုပင် ဖြစ်မြဲဖြစ်နေပါသေးသည်။
သို့အတွက်
တပြည်လုံးကို တပြိုင်နက် တချိန်တည်း ဖြန့်ကျက်လွှမ်းမိုးနိုင်သည့်
မီဒီယာ မှာ အသံလွှင့်မီဒီယာ (၀ါ) ရေဒီယိုသာ ဖြစ်ပါသည်။ ရေဒီယိုကို
လူအများစုက ၀ယ်ယူနားထောင် နိုင်ပါသည်။ မိမိအိမ်ထဲ၊ လယ်ထဲ၊ ယာထဲတွင်
တိုးတိုးတိတ်တိတ် နားထောင်နိုင်ပါသည်။ ဈေးလည်းပေါပါသည်။ ထို့အပြင်
(နအဖ)စစ်အစိုးရက ယခုလို သတင်းစာ၊ တီဗွီ၊ ရေဒီယိုများမှ
နေ၍ BBC, VOA, RFA, DVB တို့ကို အခမဲ့ကြော်ငြာပေးနေသဖြင့် BBC, VOA, RFA, DVB တို့ကို ယခင်က
စိတ်မ၀င်စားသူများပင်လျှင် စိတ်ဝင်စားလာကြသည်။ ဖမ်းယူနားထောင်နေကြသည်။
(နအဖ)စစ်အစိုးရသည် တဖက်က မီဒီယာအမျိုးစုံကို ဟန့်တားပိတ်ပင်နေသလို
အခြား တစ်ဖက်က သူ၏ မီဒီယာများကို တိုးချဲ့နေသည်။ ကြံ့ဖွံ့အသင်းကပင်
သတင်းစာတစ်စောင် ထုတ်မည်ဟု ပြောနေသည်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ
အနိုင်ရပါတီသည် သတင်းစာ၊ စာစောင် ထုတ်ဝေခွင့် မရချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘အာရုဏ်သစ်’ စာစောင် ထုတ်ဝေတော့ စိစစ်ရေးက
ခေါ်ယူခြိမ်းခြောက်တားမြစ်သည်။
မနက်တွင်
‘ပိတောက်မြေ’၊ ညနေမှာ ‘နေပြည်တော် မြန်မာအသံ’
(နအဖ)စစ်အစိုးရက မြန်မာ့အသံအပြင် ‘ပိတောက်မြေ အသံလွှင့်ဌာန’နှင့်
‘နေပြည် တော် မြန်မာ့အသံ’ တို့ကို တိုးချဲ့ထုတ်လွှင့်နေသည်။
နေပြည်တော်မြန်မာ့အသံ၏ စမ်းသပ် ထုတ်လွှင့်နေမှုများကို လွန်ခဲ့သည့်
၂၀၀၇ ခုနှစ်၊ ဧပြီလလောက်ကစ၍ ဖမ်းယူနားထောင်ခဲ့ရ သည်။ မြန်မာစံတော်ချိန်
ညနေ (၆) နာရီမှ ည (၁၀) နာရီအထိ နေ့စဉ် လွှင့်နေခြင်းဖြစ်သည်။ လှိုင်းလတ်မီတာ(MW) ၅၀၅ မီတာ၊ ကီလိုဟာ့ဇ် (kHz) ၅၉၄ ကနေ ထုတ်လွှင့်နေခြင်းဖြစ်သည်။
အလားတူပင်
ပိတောက်မြေအသံလွှင့်ဌာန၏ အသံလွှင့်ချက်များကိုလည်း မြန်မာ စံတော်ချိန်
နံနက် (၅း၃၀) နာရီမှ (၈း၀၀) နာရီအထိ လှိုင်းလတ်(MW) ၅၀၅မီတာ၊
ကီလိုဟာ့ဇ် ၅၉၄ နှင့် လှိုင်းတို(SW) ၅၀ ဒသမ ၁၃ မီတာ၊ ကီလိုဟာ့ဇ် ၅၉၈၅
ကနေ ပုံမှန်ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်။ ထိုသို့ နံနက်နှင့်
ည အသံလွှင့်ချိန်များသည် BBC, VOA, RFA, DVB တို့၏ ထုတ်လွှင့်ချိန်များနှင့်
ချိန်ကိုက်ပင်ဖြစ်သည်။ အသံလွှင့်ချက်များကလည်း BBC, VOA, RFA, DVB
တို့တွင် ထုတ်လွှင့်သွားသည်များကို ပြန်လည်တိုက်ခိုက်ချေပသည့်
တုန့်ပြန်ချက်များကို အဓိက ထုတ်လွှင့်နေခြင်းဖြစ်သည်။
ပိတောက်မြေအသံလွှင့်ဌာနသည် မည်သည့်နေရာတွင် တည်ရှိနေသည်ကိုတော့ မကြေညာ၍ မသိပါ။
မည်သည့်အချိန်၊ နေ့ရက်က စတင်ထုတ်လွှင့်မှန်းလည်း မသိပါ။
မနက်နှင့် ညနေပိုင်းအချိန်သာ ကွာခြားသော်လည်း နေပြည်တော်မြန်မာ့အသံမှ
ထုတ်လွှင့်သည့် လှိုင်းလတ်(MW) မီတာကပင် တစ်ထပ်တည်း ထုတ်လွှင့်နေခြင်းပင်ဖြစ်ပါသည်။
ဟိုယခင်
(၁၉၈၈)မတိုင်မီနှင့် နောက်ပိုင်းတွင် သဇင်အသံလွှင့်ဌာနတခုလည်း
ရှိခဲ့ဖူးပါ သည်။ နားထောင်ခဲ့ဖူးပါသည်။
နေပြည်တော်မြန်မာ့အသံသည် တပ်ကုန်းမြို့နယ်မှ ၃၃ မိုင်အကွာ
မကျီးပင်ရွာအနီး တွင် တည်ရှိပြီး အိုလံပစ်ကုမ္ပဏီက
တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလကုန်တွင်
အပြီးသတ်နိုင်ရန်နှင့် ဒစ်ဂျစ်တယ်စနစ် အသုံးပြုမည်ဖြစ်ကြောင်း
Living
Color မဂ္ဂဇင်း အမှတ် (၁၃၆)၊ ၂၀၀၆၊ နိုဝင်ဘာတွင် ဖတ်လိုက်ရပါသည်။
ထိုသို့
(နအဖ)စစ်အစိုးရက အခြားမီဒီယာမျိုးစုံကို ပိတ်ဆို့ဟန့်တားပြီး သူ၏မီဒီယာ ခြေလှမ်းများကို တိုးချဲ့နေခြင်းကို လာမည့်အဆင့် (၄)
ပြည်သူ့ဆန္ဒခံယူပွဲနှင့် ဆက်စပ်စဉ်းစားရ မည်ဟု ယူဆပါသည်။ ယင်းအတွက်
ပြင်ဆင်မှုတစ်ရပ်အဖြစ်လည်း ရှုမြင်သုံးသပ်ရပါလိမ့်မည်။
အမျိုးသားညီလာခံ ကျင်းပခြင်းကို ပထမဆုံးနှင့် အရေးကြီးဆုံးအဆင့်ဟု
(နအဖ) စစ်အစိုးရက တွင်တွင်ပြောခဲ့သည်။ သို့ဆိုလျှင် အခြေခံဥပဒေမူကြမ်း
အတည်ပြုနိုင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေးသည်
(နအဖ)စစ်အစိုးရအတွက် ပို၍ အရေးအကြီးဆုံးနှင့် အဆုံးအဖြတ်ကျသောအဆင့်
ဖြစ်ပါလိမ့်မည်။ ယင်းအတွက် (နအဖ)စစ်အစိုးရသည် အဖက်ဖက် က
ပြင်ဆင်လိမ့်မည်သာ ဖြစ်သည်။ ယင်းကို သံသယရှိစရာမလိုချေ။ (နအဖ)
စစ်အစိုးရအနေ ဖြင့် ဆန္ဒခံယူပွဲကို ကြံ့ဖွံ့အသင်းနှင့် လူစုသလို
ဘောလုံးကွင်းများတွင် လူစု၍ အတည်ပြုသည့် နည်းကိုလည်း ကျင့်သုံးနိုင်သည်မဟုတ်လော။
ထိုအဆင့်
(၄) ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရေးအဆင့်သည် (နအဖ)စစ်အစိုးရအတွက် သာ
အဆုံးအဖြတ်ကျသည်မဟုတ်၊ ပြည်သူများ၊ ဒီမိုကရေစီလှုပ်ရှားသူများအတွက်ပါ
အဆုံးအဖြတ်ကျသည့် အဆင့်ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် အဆိုပါချပြလာမည့် အခြေခံဥပဒေမူကြမ်းကို ဆန့်ကျင်ပယ်ချ သွားနိုင်ရန် အရေးကြီးပါသည်။ သို့အတွက် ယခုကတည်းက
နည်းလမ်းမျိုးစုံဖြင့် စည်းရုံး လှုံ့ဆော်ပြင်ဆင်ကြရပါလိမ့်မည်။
သို့အတွက်
စည်းရုံးလှုံ့ဆော်ပြင်ဆင်ကြရာတွင် တခြားသော မီဒီယာများထက် တပြည်လုံးကို
တပြိုင်နက် လှုံ့ဆော်နိုင်သော အခွင့်အလန်းရှိသည့် မီဒီယာမှာ
အသံလွှင့်မီဒီယာ သာ
ဖြစ်ပါသည်။ ဤခြားသော မီဒီယာများ(ပုံနှိပ်၊ အင်တာနက်၊ တီဗွီ --- စသဖြင့်)ကို ပစ်ပယ် ရန်မဟုတ်ပါ။
လူအများ လက်လှမ်းမီနိုင်မှုနှင့် တပြည်လုံး တပြိုင်နက်ဖြန့်ကျက်နိုင်သည့် အချက် ကိုသာ ဖော်ထုတ်တင်ပြလိုရင်းဖြစ်ပါသည်။
◊◊◊◊◊ |