Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ရွှေပြည်သာက ကျော်မင်းလူ ဖတ်ဖို့

ရိုးမမောင်
(၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်)

‘နှစ်ဘက်မျှမှ အဖြေလှမည်’ တဲ့။

            လေပြေထိုးနေပါလား။  ဘီလူးထွက် ထွက်တော့မယ်ထင်တယ်။

            ‘ဘယ်သူနိဂုံးမလှဖြစ်မယ်ဆိုတာ အားလုံးအသိပါ’ တဲ့။

            ‘၁၅-၈-၀၇ ရက်နေ့ကစပြီး သက်ဆိုင်ရာက ဒီဇယ်၊ ဓါတ်ဆီဈေးနှုန်းတွေ မလွှဲမရှောင် သာ မြှင့်လိုက်ရပါတယ်’ တဲ့။ ‘မလွှဲမရှောင်သာ’ အာဏာသိမ်းလိုက်ရပါတယ်ဆိုတာကနေ ‘မလွှဲမရှောင်သာ’ လောင်စာဆီဈေးနှုန်းတွေ မြှင့်လိုက်ရပြန်ပြီ။ (နအဖ)စစ်အစိုးရအတွက် မလွှဲမရှောင်သာ အခြေအနေတွေက များလှပါကလား။

            ‘ဘာအကြောင်းတွေရှိနေတယ်ဆိုတာ ထည့်တွက်ရဦးမယ်’ လို့လည်း ဆိုထားပါလား။ ဘာအကြောင်းတွေ ရှိနေပါသလဲ။

            ‘မလွှဲမရှောင်သာတဲ့ အကြောင်းရင်းခံတွေ ရှိနေလို့သာ ဒီလိုတွေဖြစ်လာရတာပါ’ တဲ့။

            ‘တကယ်တော့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ တရားကိုယ်သဘောကိုက ဈေးကွက်နဲ့ ဈေးနှုန်းကို ထိန်းချုပ်လို့ရတဲ့ သဘောမရှိပါဘူး။ အရာရာမှာ စီးပွားရေးဆန်ဆန် စဉ်းစားတွေးခေါ် ပြီး အမြတ်အစွန်း ရှေ့ရှုကြရတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ပါ။ ကြိုက်တဲ့ဈေးနဲ့ ရောင်း၊ ၀ယ်နိုင်ရင်ဝယ်၊ မ၀ယ်နိုင်ရင် မ၀ယ်နဲ့’ တဲ့။

            ဒါဆိုရင် (နအဖ)စစ်အစိုးရ နေ့စဉ် ဂါထာရွတ်သလို၊ ဆီးမန်းမန်းသလို ရွတ်ဖတ်နေတဲ့ စီးပွားရေးဦးတည်ချက် (၄)ရပ်ထဲက ‘ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး’ ဆိုတာ အခုလို ဈေးကွက်နဲ့ ဈေးနှုန်းကို ထိန်းချုပ်လို့မရနိုင်တာမျိုးကို ဆိုလိုတာလား။

            သိပ်ပီပြင်တယ်ဗျာ။

             ဒါဆိုရင် ‘နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး’ ဆိုတာ ဗလာသက်သက်စကား ဖြစ်နေတာ သေချာပြီပေါ့။ ဘယ်မှာ ဖန်တီးနိုင်တဲ့စွမ်းအား ရှိနေလို့လဲ။

            ထစ်ခနဲရှိ ဈေးတက်ဖို့ပဲ စဉ်းစားနေတဲ့ ၀ိသမလောဘသမား၊ စီးပွားရေးသမားတွေ လက်မှာ ရှိနေတာ သေချာနေပြီပေါ့။ (ကိုင်း! ခေတ်သစ်နိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားကြီးတွေ ရှင်းကြစမ်းပါဦး)

            ဒီနေရာမှာ ထစ်ခနဲရှိ ဈေးတက်ဖို့စဉ်းစားနေတဲ့ ၀ိသမလောဘသမား၊ စီးပွားရေးသမား ဆိုတာတွေဟာ (နအဖ)စစ်အစိုးရကို သိန်းရာထောင်ချီ လှူဒါန်းပြီး (နအဖ)စစ်အစိုးရက ခေတ်ပျက်သူဌေး ဘွဲ့ထူးဂုဏ်ထူးတွေ ပေးပြီး၊ ချီးမြှင့်မြှောက်စားထားတဲ့ သားပေးသမီးယူ ခမည်းခမက် တော်စပ်နေသူတွေပဲ မဟုတ်ဘူးလား။ နိုင်ငံတော်တာဝန်ကို ဦးထမ်းပဲ့ထမ်း ထမ်းဆောင်နေကြတဲ့ အမျိုးသားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ မဟုတ်ဘူးလား။ စီးပွားရေး အသက်သွေးကြောမှန်သမျှကို ဖန်တီးနိုင်တဲ့ စွမ်းအားသည် ထိုသူများ လက်ဝယ်မှာရှိနေတာပဲ မဟုတ်ပါလား။

ဈေးကွက်စီးပွားရေးခေတ်မှာ ၀ိသမလောဘသမားတွေ ရှိနေတုန်းပါလား။ (မဆလ)ခေတ်က ရှိတာကိုတော့ ထားပါတော့။

            (နအဖ)စစ်အစိုးရအနေနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေပါပြီ။

            ဈေးကွက်နဲ့ ဈေးနှုန်း၊ ရောင်းလိုအားနဲ့ ၀ယ်လိုအားကို ၀ိသမလောဘသမားတွေကပဲ ထိန်းချုပ်နေတာမဟုတ်ပါလား။  ‘ပြည်သူ့ဆန္ဒနဲ့အညီ ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နေချိန် မှာ ကျွန်တော်တို့ ဈေးနှုန်းဆိုတာကို ဝေဖန်နေဖို့ အကြောင်းမရှိဘူး’ တဲ့။

            ဒါဆို ပြည်သူ့ဆန္ဒနဲ့အညီ ကုန်ဈေးနှုန်းတွေ တက်နေရတာပေါ့။ ဟုတ်လား။

            စဉ်းစဉ်းစားစား ပြောစေချင်တယ်ဗျာ။

ခေတ်သစ်ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားကြီးဆီ သွားပြီး တိုးတိုး တိတ်တိတ် ကျိတ်ပြီး မေးကြည့်ပါဦးဗျာ။        

သူများနိုင်ငံတွေမှာ စီးပွားရေး တံခါးဖွင့်တယ်ဆိုတာက သူတို့ပြည်သူတွေ ချောင်လည် လာဖို့၊ ပြည်သူတွေ ချမ်းသာလာဖို့ အဓိကပဲလေ။ မြန်မာပြည်မှာကတော့ ပြည်သူအများစုက ဖွတ်သထက် ညစ်လာခဲ့ပြီး၊ ပိုမို ဆင်းရဲမွဲပြာကျလာနေရပါတယ်။

            ‘မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်’ ခဲ့ကြတုန်းကလည်း ပြည်သူတွေ မချမ်းသာခဲ့ပါ ဘူး။

            ‘မြန်မာ့နည်း မြန်မာ့ဟန် ဈေးကွက်စီးပွားရေးခေတ်’ မှာလည်း ပြည်သူတွေရဲ့ဘဝက ဒုံရင်းဒုံရင်းပါပဲ။

            စိန်စီသော မင်္ဂလာဆောင်ကို ကျင်းပနိုင်သူဟာ ဗိုလ်ချုပ်မှူးကြီးတို့မိသားစုပဲ ရှိပါတယ်။

            ‘တည်ဆောက်ရေးလုပ်ငန်းတွေရော၊ ပြည်သူ့အတွက် စိုက်ထုတ် အရှုံးခံပေးနေတာတွေ ရော ပေါင်းကြည့်ရင် ၀န်ထုတ်ဝန်ပိုး သိပ်ကို ကြီးလွန်းနေပါပြီ၊ မနိုင်ဝန်ကို ဆက်ထမ်းရင် တချိန်ချိန်မှာ အန္တရာယ်ရှိလာတော့မှာပါ’ တဲ့။

            ဒီစကားကတော့ (နအဖ)စစ်အစိုးရအဖို့ တကယ့်အဖြစ်မှန်ကို မရှက်မကြောက် ဗြောင် ဝန်ခံလိုက်ရတဲ့ စကားပါပဲ။

            ဘယ်ခေတ်အခါကနဲ့မှ မတူတဲ့ အခွင့်အခါကောင်းတွေ၊ အမွေခံကောင်းတွေ ဖြစ်ထွန်း ရရှိနေပြီဆို။

            နေစမ်းပါအုံး။

            ‘ပြည်သူ့အတွက် စိုက်ထုတ် အရှုံးခံပေးနေတယ်’ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ပိုင်ဓနဥစ္စာတွေ စိုက်ထုတ်ပြီး အရှုံးခံနေရတာမို့ ပြောနေတာလား။

            နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအဆောက်အအုံ (Infrastructure) တွေ လက်ညှိုးထိုးမလွဲ တည်ဆောက်ပေးခဲ့တာ အမှန်ပါပဲ။ မြစ်ကူးချောင်းကူးတံတားတွေ၊ လမ်းတွေ၊ ကျောင်းတွေ၊ ဆည်မြောင်းတာတမံတွေ၊ ဆေးရုံတွေ အများကြီးပါ။ ဒါပေမယ့် ပြည်သူတွေ ချောင်လည်မလာပါဘူး။ ချမ်းသာမလာခဲ့ပါဘူး။

            ဆန်စပါး စိုက်ဧကတွေ၊ ပဲ၊ ပြောင်း၊ နှမ်း စိုက်ဧကတွေ တိုးတက်များပြားလာပါတယ်။

ကုန်ဈေးနှုန်းတွေ ကျဆင်းမသွားခဲ့ပါဘူး။ မြင့်တက်မြဲ မြင့်တက်ဆဲပဲ မဟုတ်ပါလား။ ဒါတွေဟာ ခင်ဗျားတို့ စေတနာအကျိုးပေးတာပါပဲ။ တကယ်တော့ ခင်ဗျားတို့စေတနာနဲ့ ပြည်သူ လူထုဘဝ လက်တွေ့ကတော့ ပြဒါးတလမ်း၊ သံတလမ်းပဲ။ ခင်ဗျားတို့ စေတနာထားတယ်လို့ ပြောနေလေလေ၊ ပြည်သူလူထုမှာ ပိုမိုဆင်းရဲကြပ်တည်းလေလေပါပဲ။

            အခုမှ အပြေးအဖြန်း လောင်စာဆီဈေးနှုန်းတက်ရတာကို စီးပွားရေးပိတ်ဆို့မှု၊ ဒေါ်အောင်ဆန်းစုကြည်၊ (NLD)တို့ကို လက်ညှိုးထိုး တရားခံရှာမနေပါနဲ့။

            ကမ္ဘာ့ပြဿနာတို့၊ တရုတ်ပြည်မှာ လောင်စာဆီဈေနှုန်း တိုးမြှင့်ခဲ့တာ (၁၂) ကြိမ်ရှိပြီတို့၊ ဆော်ဒီတို့၊ အိုပက်တို့၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံတို့က လောင်စာဆီဈေနှုန်း ဘယ်လောက်ရှိ နေပြီဆိုတာတွေနဲ့ တန်းလိုက်ညှိမနေစမ်းပါနဲ့။ သူတို့ရင်ဆိုင်ရတဲ့ သူတို့ပြဿနာကို သူတို့ ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိနေပါတယ်။ မရှိရင် သူတို့ပြည်သူလူထုက သက်ဆိုင်ရာ သူတို့အစိုးရတွေကို အရေးဆိုကြမှာပဲ ဖြစ်ပါတယ်။ သူတို့ပြည်သူတွေမှာ မတရားတာ၊ မမျှတတွေနဲ့ ပတ်သက်လို့ အရေးဆိုခွင့်တွေ၊ ဆန္ဒပြတောင်းဆိုပိုင်ခွင့်တွေ ရှိနေပါတယ်။

            (နအဖ)စစ်အစိုးရမှာက စီမံခန့်ခွဲနိုင်စွမ်းလည်း မရှိပါဘူး။ တိုင်းပြည်ကထွက်သမျှ သဘာဝဓါတ်ငွေ့ကို နိုင်ငံခြား အကုန်ထုတ်ရောင်းစားပြီး ကြက်ဆူပင်စိုက်ခိုင်းနေတဲ့ အမြော်အမြင်နဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ပြည်တွင်းပြည်ပကရော၊ နိုင်ငံတကာကပါ ကောင်းကောင်းကြီး နားလည်ပါတယ်။

             ဒီကြားထဲမှာ အကျင့်ပျက်လာဘ်စားမှုတွေကလည်း ရှိနေပါတယ်။

            တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကိုလည်း ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်းမရှိပါဘူး။

            ဒီတော့ ‘မနိုင်ဝန်ကိုဆက်ထမ်းရင် တချိန်ချိန်မှာ အန္တရာယ်ရှိလာတော့မှာပါ’ ဆိုတာ သိပ်ကိုမှန်ပါတယ်။ အခု အန္တရာယ်ခေါင်းလောင်း မြည်နေပါပြီ။

            ပြီးတော့ အုပ်စိုးသူနဲ့ အုပ်စိုးခံ ပြဿနာဆိုတာ မိဘနဲ့သားသမီးကြားက ပြဿနာမျိုး မဟုတ်ဘူး။

             အုပ်စိုးသူအစိုးရဆိုတာ ရန်သူမျိုးငါးပါးထဲမှာ စာရင်းပါတယ်ဆိုတာ မြန်မာနိုင်ငံသား တိုင်း သိပါတယ်။

            ဖိနှိပ်လာရင်၊ ကြပ်တည်းလာရင် ထကြွတော်လှန်ရမှာပဲ။

x x x x x 

 
 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org