Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

နိုင်ငံရေးသမား ရဲဘော်တင်ရွှေ မှသည် ...

ဝီယ
(၂၁-၇-၀၇)

နိုင်ငံရေးသမားတယောက်ဟာ သူယုံကြည်တဲ့အရာကို ယုံကြည်ကြောင်း ပြောပိုင်ခွင့် ရှိသလို မယုံကြည်ရင်လည်း မယုံကြည်ကြောင်း ပြောပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူပြောတဲ့ စကား၊ သူလုပ်တဲ့အလုပ်ရဲ့ အကောင်းအဆိုးကိုတော့ ခံယူရမှာဖြစ်ပါတယ်။

            နအဖစစ်အစိုးရက စီစဉ်ထုတ်ဝေပြီး အတိုက်အခံတွေကို စိတ်တိုင်းကျ ရင့်ရင့်သီးသီး ဝေဖန်ရေးသား အပုတ်ချခွင့်ရနေတဲ့ မြန်မာ့အလင်းသတင်းစာမှာ ‘ရဲဘော်တင်ရွှေ’ ဆိုတဲ့ ဆောင်းပါးရှင်က “ကျွန်တော်နိုင်ငံရေးသမား”ဆိုတဲ့ ဆောင်းပါးတစ်စောင် ရေးသားထားပါတယ်။

            ဆောင်းပါးကို ဖတ်လိုက်တဲ့အခါ ‘ရဲဘော်တင်ရွှေ’က သူဟာ သာကူးသမားမဟုတ်ရပါ ဘူးဆိုတာကို အချက်အလက်အမျိုးမျိုးနဲ့ ဆင်ခြေတက်ရင်း ရှင်းနေရတာကိုကြည့်ကာ ဆောင်းပါး ရှင်ကို သနားလာရတယ်။ ဆောင်းပါးရှင် ‘ရဲဘော်တင်ရွှေ’က သူဟာ ဆယ့်ခြောက်နှစ်သား ကတည်းက ကိုလိုနီလက်အောက် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ဖက်ဆစ်တော်လှန် ရေးသမား၊ ဖဆပလခေတ်မှာလည်း ပုဒ်မ(၅)နဲ့ ထောင်ထဲဝင်ခဲ့သူ၊ ခေတ်အဆက်ဆက် နိုင်ငံရေး လုပ်လာသူလို့ ဆိုထားတာကြောင့် ဘ၀နေ၀င်ချိန်နီးပြီဖြစ်တဲ့ အဘိုးအရွယ် နိုင်ငံရေးသမားကြီး တယောက်ရဲ့ ကျဆုံးခန်းဟာ ကြေကွဲစရာပါ။

            ဆောင်းပါးထဲမှာ ‘ရဲဘော်တင်ရွှေ’က “NLD ခေါင်းဆောင် ဒေါ်စုကြည်က နိုင်ငံ တော်အတွက် သူရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုသာ သုံးရမယ်။ ဒီမိုကရေစီနိုင်ငံ ဆိုတာလဲ သူဦးစီးမှဖြစ်မယ်။ တပ်မတော်ကလုပ်တာ မလိုချင်ဘူးတဲ့လေ။ အဲဒါ ကိုယ်ကျိုးနဲ့ ပြည်သူ့အကျိုးယှဉ်လာရင် ပြည်သူ့အကျိုးကို ဦးစားပေးရမယ်ဆိုတဲ့ နိုင်ငံရေးသမားပီသသူရဲ့ ကျင့်စဉ်ကို လုံးဝဖေါက်ဖျက်လိုက်တာပဲ” လို့ စွပ်စွဲရေးသား ထားတာ တွေ့ရတယ်။

            ဒီစာပိုဒ်ထဲက ရေးသားစွပ်စွဲချက်တွေဟာ အမှန်တရားနဲ့ အလွန်ဝေးကွာလှပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချချင်၊ နအဖစစ်အစိုးရကို မျက်နှာလုပ်ချင်တဲ့ စိတ်တွေ လွန်ကဲ ပြီး ရေးသားထားတာဆိုတာ သိသာလွန်းပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အင်တာဗျူး မှာ၊ ဘယ်ဆုံးဖြတ်ချက်မှာ ကျမရေးထားတဲ့ ဖွဲ့စည်းပုံကိုသာ သုံးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သလားဆိုတာ အတိအကျ ထောက်ပြစေချင်တယ်။ အခုလို ငါ့စကားနွားရ ပြောတာဟာ စစ်တပ်ဝါဒဖြန့်ချိရေးသမား ဆောင်းပါးရှင်တွေနဲ့ ထပ်တူဖြစ်နေပါတော့တယ်။

            နအဖကျင်းပနေတဲ့ အတုအယောင် အမျိုးသားညီလာခံကနေ NLD ထွက်သွားတာ တခု တည်းနဲ့ ဒီလိုစွပ်စွဲရင်တော့ အကျင့်သိက္ခာမရှိတဲ့ စစ်အစိုးရလို ငါ့စကားနွားရ ပြောတာပဲဖြစ်မှာပါ။ နိုင်ငံရေးသမားဆိုတာ အကျင့်သိက္ခာရှိရပါ့မယ်။ သူတပါးကို မဟုတ်မမှန် ကိစ္စရပ်တွေနဲ့ ပုံဖေါ် စွပ်စွဲ မတိုက်ခိုက်ရဘူးဆိုတာ ‘ရဲဘော်တင်ရွှေ’ သိပြီးဖြစ်ပါလိမ့်မယ်။

            နအဖရဲ့ ညီလာခံကနေ NLD ထွက်သွားခဲ့ရတာဟာ ဆွေးနွေးမှုတွေကို ဘောင်ခတ်ထား တဲ့အပြင် ဒီမိုကရေစီနည်းလမ်းမကျတာကြောင့် ဖြစ်ပါတယ်။ နအဖညီလာခံအတွင်းမှာ ကိုယ်စား လှယ်တွေအကြား၊ အစုအဖွဲ့ တခုနဲ့တခုအကြား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်မရှိပါဘူး။ ညှိနှိုင်းခွင့်မရှိပါဘူး။ ညီလာခံအတွင်း စာရွက်စာတမ်းဝေငှတဲ့အတွက် NLD ကိုယ်စားလှယ်တဦး ဖြစ်ခဲ့တဲ့ ဒေါက်တာ အောင်ခင်ဆင့် ထောင်ကျတာကိုကြည့်ရင် အခုကျင်းပနေတဲ့ ညီလာခံရဲ့ လွတ်လပ်ခွင့်ကို သိနိုင်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြန်လည်စတင်တဲ့ နအဖရဲ့ညီလာခံကို တက်ရောက်ဖို့ NLD က ပြင်ဆင် ခဲ့ပါသေးတယ်။ ဒီလို တက်နိုင်ဖို့အတွက် အချက် (၅)ချက် ဖြည့်ဆီးပေးဖို့ နအဖစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ထဲမှာ ‘ရဲဘော်တင်ရွှေ’ပြောတဲ့ ဒီမိုကရေစီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးရမယ်ဆိုတဲ့အချက် မတွေ့ရပါဘူး။

            တောင်းဆိုချက်တွေထဲမှာ ဒီပဲယင်းအရေးအခင်းအပြီး အသက်အန္တရာယ်ကို လုပ်ကြံ မယ့်သူတွေရဲ့ရန်ကနေ ကာကွယ်ပေးထားတာပါလို့ နအဖကဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ပြန်လွှတ်ပေးဖို့၊ ချိတ်ပိတ်ခံထားရတဲ့ NLD ရုံးခန်းတွေကို ပြန်ဖွင့်ခွင့်ပေးဖို့၊ NLD ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ပေးဖို့တွေပဲ ပါဝင်တာ တွေ့ရပါတယ်။ ကျန်တဲ့ အချက် (၂)ချက်ကလည်း ညီလာခံမှာ ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးခွင့်ပေးဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

            ဖွဲ့စည်းပုံရေးဆွဲမယ့် ညီလာခံကို တက်ရောက်ပါ့မယ်လို့ ဆိုနေမှတော့ ‘ရဲဘော်တင်ရွှေ’ ပြောတဲ့ “NLD ခေါင်းဆောင် ဒေါ်စုကြည်က နိုင်ငံတော်အတွက် သူရေးဆွဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကိုသာ သုံးရမယ်။ ဒီမိုကရေစီနိုင်ငံဆိုတာလဲ သူဦးစီးမှဖြစ်မယ်။” ဆိုတာဟာ နအဖစစ်အစိုးရလုပ်နေသလို လုပ်ကြံစွပ်စွဲချက်သာ ဖြစ်တယ်ဆိုတာ သိသာနေပါ တယ်။ တကယ်က စစ်အစိုးရကသာ ဖွဲ့စည်းပုံအတွင်း တပ်မတော်ရဲ့ ဦးဆောင်မှုအခန်း ပါဝင်ရမယ်ဆိုတဲ့အချက်ကို အတင်းအဓမ္မ တောင်းဆိုနေတာပါ။ အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး ပြောတာဟာ ‘ရဲဘော်တင်ရွှေ’ ရဲ့ အဆင့်အတန်းကို ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

            ‘ရဲဘော်တင်ရွှေ’က ကိုယ့်အရေးထက် ပြည်သူ့အရေးကို ဦးစားပေးပြီး နအဖစစ်အစိုးရ ကို အခုလို ထောက်ခံတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သူ့ဆောင်းပါးမှာ ကိုယ်ရည်သွေးထား ပါတယ်။ ပထမအကြိမ်က ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီကို ထောက်ခံတာလို့ ဂုဏ်ယူ ထားခဲ့ပါသေးတယ်။

            ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်တပ်က ပြည်သူလူထုရွေးကောက်ထားတဲ့ ပထစအစိုးရကို ဖြုတ်ချပြီး ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီနာမည်နဲ့ တိုင်းပြည်အာဏာကို သိမ်းယူလိုက် ပါတယ်။ ဒီအာဏာသိမ်းစစ်ကောင်စီက အဲဒီအချိန်က ကမ္ဘာမှာ ခေတ်စားနေတဲ့ ဆိုရှယ်လစ်စနစ် ကို တည်ဆောက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာ နိုင်ငံရေးသမား အတော်များများ မျက်စေ့လည်ကုန်ပြီး စစ်အာဏာသိမ်းမှု ကို ထောက်ခံခဲ့ကြပါတယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ၀ိဓူရ သခင်ချစ်မောင်က ‘ရဲဘော်တင်ရွှေ’ တို့ကို “အခု တပ်မတော်က ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ ကြေညာလိုက်ပြီ။ အရေးကြီးတာက ဘယ်သူလုပ်လုပ် ဒို့လိုချင်တဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖို့က အဓိကပဲ။ ဒို့တတွေ ၀ိုင်းဝန်းကြိုဆို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ကြရမယ်”လို့ ရှင်းပြခဲ့ကြောင်း ဆောင်းပါးမှာ ဖေါ်ပြထား ပါတယ်။

            ဒီနေရာမှာ ‘ရဲဘော်တင်ရွှေ’တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ၀ိဓူရ သခင်ချစ်မောင်နဲ့ ပတ်သက် ပြီး သတိသံဝေဂရစရာ အကြောင်းလေး ပြောချင်ပါတယ်။ ဗိုလ်နေ၀င်းဟာ အိမ်စောင့်အစိုးရ အမည်နဲ့ အာဏာသိမ်းဖို့လုပ်ဆောင်တဲ့ ၁၉၅၈ ခုနှစ်မှာ သခင်ချစ်မောင်ဟာ အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ပါလီမန်လွှတ်တော်အတွင်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်း ပြောကြားတဲ့ မိန့်ခွန်းကို အစွဲပြုပြီး ပြည်သူတွေက ၀ိဓူရ သခင်ချစ်မောင်လို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် လေးစားတန်ဖိုးထားပြီး သူ့နာမည်ရှေ့မှာ ၀ိဓူရလို့ ထည့်သွင်းခဲ့ပါတယ်။

            ဒါပေမယ့် ၁၉၆၂ ခု စစ်အာဏာသိမ်းချိန်မှာတော့ ၀ိဓူရ သခင်ချစ်မောင်ဟာ စစ်အာဏာ သိမ်းမှုကို ထောက်ခံခဲ့ပြီး ‘ခွေးကတက်မှာပဲ နေရနေရ’လို့ ပြောခဲ့တဲ့အခါ ပြည်သူတွေက သခင် ချစ်မောင်ကို ဘာဘွဲ့ပေးလိုက်တယ်ဆိုတာ ‘ရဲဘော်တင်ရွှေ’ သိပြီးဖြစ်ပါတယ်။

            ဒီအကြောင်းပြန်ဖေါ်ရေးရတာက ခေတ်အဆက်ဆက် ပြည်သူတွေဟာ စစ်အာဏာရှင် စနစ်ကို ထောက်ခံတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ထားတဲ့အမြင်နဲ့ ထားတဲ့တန်ဖိုးကို သိစေ ချင်တဲ့ စေတနာနဲ့ပါ။

            ‘ရဲဘော်တင်ရွှေ’တို့ အားရ၀မ်းသာ ပူးပေါင်းဆောင်ရွက် ထောက်ခံခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ (၂၆)နှစ်ကြာ ‘စစ်တပ်နည်း စစ်တပ်ဟန် ဆိုရှယ်လစ်စနစ်’ တည်ဆောက်မှုရဲ့ အသီးအပွင့်အဖြစ် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့ရပါတယ်။ ‘ရဲဘော်တင်ရွှေ’ တို့ ထောက်ခံခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ မဆလစစ်အစိုးရကို ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်သူ ထောင် ပေါင်းများစွာက အသက်ပေးပြီး ဖြုတ်ချခဲ့ကြရပြီး ဖြစ်ပါတယ်။

            ကမ္ဘာမှာ ဒီမိုကရေစီခေတ်စားနေတဲ့ အချိန်ဖြစ်တဲ့အတွက် အခုလည်း စစ်တပ်က စစ်တပ်နည်း စစ်တပ်ဟန်နဲ့ သူတို့အခေါ် ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်’ ထူထောင်ဖို့ လုပ်ဆောင်နေပြန်ပါပြီ။ ဒါကိုလည်း ‘ရဲဘော်တင်ရွှေ’က နောက်တခါထပ်ပြီး အားရ၀မ်းသာ ပူးပေါင်းဆောင်ရွက် ထောက်ခံတာလည်း သိပ်ပြီး ထူးထွေတည့် အံ့ရာသော မဟုတ်ပါဘူး။

            ဒါပေမယ့် ဆောင်းပါးတစောင်လုံးကို ဖတ်ပြီးချိန်မှာတော့ ‘ရဲဘော်တင်ရွှေ’ဟာ သူ့ဆောင်းပါးခေါင်းစဉ်လို ‘ကျွန်တော်နိုင်ငံရေးသမား’ မဟုတ်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်ရင်း စစ်တပ်က မျက်နှာသာပေးမယ်လို့ မျှော်မှန်းပြီး စစ်တပ်ကို မျက်နှာလိုမျက်နှာရ လုပ်နေတဲ့ ‘စစ်တပ်ရဲ့ ကျွန်…တော်’ တယောက် ဖြစ်နေတယ် ဆိုတာကို တွေ့ရှိလိုက်ရပါတော့တယ်။

            ‘ရဲဘော်တင်ရွှေ’တယောက် စစ်တပ်ရဲ့ ကျွန်...တော်ဘ၀ကနေ ကျွန်တော်နိုင်ငံရေး သမားစစ်စစ် ပြန်ဖြစ်ပါစေ။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org