Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

မစခင်ကတည်းကယဉ်

ဝီယ
(၁၃-၇-၀၇)

“အမျိုးသားညီလာခံကို ဇူလိုင်လ (၁၈) ရက်နေ့မှာ ပြန်လည်ကျင်းပတော့မယ်”

            ဇွန်လ (၅) ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်                အစည်းအဝေးမှာ နအဖအတွင်းရေးမှူး(၁)လည်းဖြစ်၊ ယာယီဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်က ညောင်နှစ်ပင်ညီလာခံကို  ပြန်လည်ကျင်းပတော့မယ်လို့ အဲဒီလို ကြေညာခဲ့ပါတယ်။ သူက ဒီညီလာခံဟာ နောက်ဆုံး ညီလာခံလို့လည်း ပြောပါတယ်။

            ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ပြောကြားချက်ဟာ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေ အတွက် ကြီးမားတဲ့ အချက်ပေးခေါင်းလောင်းသံ ဖြစ်သွားခဲ့ပါတယ်။ ဒီအချက်ပေးသံဟာ အိပ်ငိုက်သလိုဖြစ်နေတဲ့ အဖွဲ့တွေကိုတောင် ရုတ်တရက် လန့်နိုးလာစေခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့ တွေအကြား လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲပြီးရင် လက်နက်အပ်ရမယ်လို့ ဆိုထားတာကြောင့်ပါ၊

            ဇာတ်မင်းသားဟန်နဲ့ စကားကို ဟောင်ဖွာဟောင်ဖွာ ပြောလေ့ရှိတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဖွဲ့စည်းပုံအသစ်ရေးဆွဲနေတာ ပြီးဆုံးသွားရင် အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေအနေနဲ့ သူတို့ကိုင်ထားတဲ့ လက်နက်တွေကို အပ်ရမယ်လို့ (၅/၂၀၀၆) သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ပြောဆိုထားခဲ့ပါတယ်။

            နအဖစစ်အစိုးရအတွက် ညောင်နှစ်ပင်ညီလာခံဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇)ဆင့်ရဲ့ ပထမအဆင့်ဖြစ်သလို အရေးကြီးတဲ့ အဆင့်လည်းဖြစ်ပါတယ်။ ဒီပထမအဆင့်မှာပဲ သူတို့ စိတ်တိုင်းကျ အခြေခံမူတွေချမှတ်ပြီးရင် နောက်လာမယ့်အဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအဆင့်မှာ လိုသလို ဆွဲနိုင်မှာဖြစ်ပါတယ်။

            နအဖစစ်အစိုးရက ချထားတဲ့ လမ်းပြမြေပုံ (၇)ဆင့်မှာ ဒီအဆင့်ဟာ သူတို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီပထမအဆင့်ကို ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ နည်းလမ်း ပေါင်းစုံ သုံးနေတာဖြစ်ပါတယ်။ ချော့မြူတာ၊ ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာ၊ အခွင့်အရေး ပေးတာ စတဲ့ နည်းလမ်းပေါင်းစုံ အကုန်လုံး အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

            မြန်မာစကားမှာ ‘အစကတည်းက ယဉ်သကိုး’ဆိုတဲ့ အသုံးရှိပါတယ်။ အခုတော့ နအဖ စစ်အစိုးရရဲ့ အခြေခံဥပဒေကတော့ ‘မစခင်ကတည်းက ယဉ်နေခဲ့ပါပြီ’။

နောက်ဆုံးညီလာခံ ကျင်းပတော့မယ်လို့ ပြောလိုက်ပြီး တလမပြည့်ခင်မှာပဲ အပစ်ရပ် အဖွဲ့တခုက လက်နက်ဖြုတ်တာကို လက်မခံနိုင်တဲ့အတွက် ပြန်လည်တိုက်ခိုက်တော့မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။

            အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ ရလလဖ (ခေါ်) ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးအဖွဲ့က စစ်အစိုးရကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်တော့မယ်လို့ ဆိုပါတယ်။ ဇူလိုင်လ (၂) ရက်နေ့မှာ ထုတ်ပြန်တဲ့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ နိုင်ငံရေးပြဿနာတွေကို နအဖက ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခွင့် မပေးတဲ့အပြင် သူတို့ကိုင်ထားတဲ့ လက်နက်တွေကို ဖြုတ်သိမ်း ဖို့ လုပ်ဆောင်လာတာကြောင့် အခုလိုဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

            တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အတော်များများမှာ ရည်မှန်း ချက်တွေ ရှိပါတယ်။ သူတို့ဟာ သူတို့ကိုယ်စားပြုထားတဲ့ အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ဒီမိုကရေစီရေးအတွက် နှစ် ဆယ်ပေါင်းများစွာ တိုက်ပွဲဝင်လာကြတဲ့ အဖွဲ့တွေပါ။ ဒီလိုအဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ မပြည့်ဝဘဲ လက်နက်စွန့်မယ်ဆိုရင် သူတို့ ကိုယ်စားပြုထား တယ်ဆိုတဲ့ အမျိုးသားတွေအပေါ် သစ္စာဖေါက်ရာကျမှာဖြစ်တယ်။

            ဒါ့ကြောင့် သူတို့ ရည်မှန်းချက်တွေ ပေါက်မြောက်မှု မရှိဘဲ လက်နက်စွန့်ဖို့ရန် များစွာ ခက်ခဲနေရတာ ဖြစ်ပါတယ်။ တကယ်လို့ လက်နက်တွေ စွန့်ခဲ့ရင်လည်း သူတို့အမျိုးသားတွေရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးကုန်မှာဖြစ်တဲ့အပြင် ဆန့်ကျင်မှုကိုပါ ခံရမှာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အမျိုးသားတွေရဲ့ ငြိုငြင်မှုကို ခံမှာလား၊ နအဖစစ်အစိုးရကို ရင်ဆိုင်မှာလားဆိုတဲ့ မေးခွန်းဟာ အပစ်ရပ်အဖွဲ့တွေအပေါ် အချိန်နဲ့အမျှ မေးလာနေပါတယ်။

            တန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲ ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့များအနေဖြင့် မိမိတို့လိုလားချက်များကို မရရှိဘဲ လက်နက်စွန့်သွားဖို့ ဆိုသည်မှာ ခက်ခဲလှပါတယ်။

            တန်းတူရေးနဲ့ ဒီမိုကရေစီမရှိတဲ့အတွက် ကိုင်စွဲလာခဲ့တဲ့ လက်နက်တွေကို တကယ်ပဲ စွန့်ကြမှာလားဆိုတာ မေးခွန်းထုတ်စရာပါ။

အဖွဲ့အနည်းငယ်ကလွဲပြီး မိမိအမျိုးသားများရဲ့ လူမျိုးရေးနဲ့ နိုင်ငံရေးအဆင့်နေရာ မရရှိဘဲ မိမိတို့ နှစ်ပေါင်းဆယ်နဲ့ချီ ကိုင်ဆွဲလာတဲ့ လက်နက်တွေကိုစွန့်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ စွန့်လွှတ်သွားရင်လည်း မိမိကိုယ်စားပြုထားပါတယ်ဆိုတဲ့ အမျိုးသားများနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

            အခုပဲ ရလလဖ အဖွဲ့က ဒီမေးခွန်းကို ဖြေဆိုခဲ့ပြီ ဖြစ်ပါတယ်။ ‘မပြီးဆုံးသေးသော သမိုင်းပေးတာဝန်များအတွက် လက်နက်ကိုင်တိုက်ပွဲကို အဓိကထား၍ အခြားတိုက်ပွဲသဏ္ဍာန် ပေါင်းစုံဖြင့် ပေါင်းစပ်၍ စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ ရလလဖ အလံတော်အား လွှင့်ထူကာ ၁၀-၆-၂၀၀၇ မှစတင်၍ နအဖစစ်အာဏာရှင်စနစ်အား လက်နက်ကိုင်တော်လှန်ရေး ဖြင့် ပြန်လည်စတင်လိုက်ပြီဖြစ်သည်။’လို့ သူတို့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

            အခုအခါ အပစ်ရပ်အဖွဲ့တွေအကြား ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာသလို တပ်အင်အား တိုးချဲ့မှုတွေကိုလည်း လုပ်ဆောင်လာနေပါတယ်။

            ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဟာ အင်အား (၈၀၀)နီးပါးရှိတဲ့ ဗဟိုလုံခြုံရေးတပ်ကို တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။ `၀´ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ကလည်း အနားယူ သွားပြီဖြစ်တဲ့ တပ်သားဟောင်းတွေကို ပြန်လည်စုစည်းပြီး အင်အားတထောင်နီးပါးရှိတဲ့ တပ်ရင်း တခု ဖွဲ့စည်းခဲ့ပါတယ်။ ကိုးကန့်နဲ့ SSA တပ်ဖွဲ့တွေဟာလည်း တပ်အင်အားသစ် တိုးချဲ့မှုတွေ လုပ်လာတာကို ကြားသိနေရပါတယ်။

နအဖစစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို တပ်အင်အား ထပ်မံတိုးချဲ့ခြင်းမလုပ်ဖို့ တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံသစ်ပေါ်လာပြီးရင် လက်နက်အပ်ရမယ်လို့ ပြောထားတဲ့ ကြားကနေ အခုလို တိုးချဲ့လာတာဟာ နအဖစစ်အစိုးက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံသစ်ကို ယုံကြည်မှုမရှိဘူးလို့ ဖေါ်ပြနေတာဖြစ်ပါတယ်။

            ၁၉၉၃ ခုနှစ်ကတည်းကစပြီး ၁၄ နှစ်ကြာ ကျင်းပလာခဲ့တဲ့ ကမ္ဘာ့အရှည်ကြာဆုံး ညီလာခံကြီးကို အခုအခါ အပြီးသတ်တော့မယ့်ပုံ ဖြစ်ပါတယ်။ ဒီညီလာခံအပြီးမှာ ထွက်ပေါ် လာမယ့် ဖွဲ့စည်းပုံဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေအတွက် စစ်မှန်တဲ့ အကျိုးကို ဖေါ်ဆောင်နိုင်ပါမှသာ တိုင်းပြည် ငြိမ်းချမ်းသာယာမှာ ဖြစ်ပါတယ်။

            ရလလဖ အဖွဲ့ကတော့ နအဖစစ်အစိုးရကျင်းပနေတဲ့ ညောင်နှစ်ပင်ညီလာခံဟာ အတုအယောင်ညီလာခံ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ နအဖစစ်အစိုးရ ကျင်းပနေတဲ့ ညောင်နှစ်ပင်ညီလာခံကို ကိုယ်စားလှယ်စေလွှတ်ပြီး တက်ရောက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ နအဖစစ်အစိုးရ ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ အဆင့်နေရာ အာမခံချက် မရှိဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။

            အခုအခါမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်တဲ့ နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တဖန်ပြန်လည်ပြီး အရှိန်မြင့် လာဖို့ ဦးတည်နေပါပြီ။

            ၁၉၈၉ ခု ဗမာပြည် ကွန်မြူနစ်ပါတီပြိုကွဲမှုနဲ့ စစ်အေးတိုက်ပွဲအပြီး နိုင်ငံတကာ အခြေ အနေများကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများအပြားဟာ နအဖစစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲသွားခဲ့ရပါတယ်။ ပြည်တွင်းစစ်မီး အရှိန်ဟာလည်း လျော့ကျသွားခဲ့ရပါတယ်။ ဒီအခြေအနေအောက်မှာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖြေရှင်းလိုက်ရင် ပြည်တွင်းစစ်မီး ဟာ လုံးဝ ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ဒီလိုအခြေအနေကောင်းကို တိုင်းပြည်အာဏာရယူထားတဲ့ နအဖစစ်အစိုးရက ဆုတ်ကိုင်ခြင်းမရှိခဲ့ပါဘူး။

နှစ်ပေါင်း (၆၀)နီးပါး ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကာလတလျှောက်လုံး အာဏာရ အစိုးရအဆက်ဆက်ဟာ အပြုတ်တိုက်ရေးနည်းဗျူဟာကိုသာ လက်ခံကျင့်သုံးခဲ့ပါတယ်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်မှာ စတင်အာဏာယူခဲ့တဲ့ စစ်အစိုးရတွေက ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။

            အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့စဉ်က နအဖစစ်အစိုးရက မိမိတို့ဟာ စစ်တပ် အစိုးရဖြစ်တာကြောင့် အခုအချိန်မှာ နိုင်ငံရေးစကားမပြောဘဲ နောင်အစိုးရတက်လာမှ ဆွေးနွေး ပါလို့ တိုင်းရင်းသားအဖွဲ့တွေကို ပြောဆိုထားခဲ့ပါတယ်။ အခုတော့ ဖွဲ့စည်းပုံပြီးရင် လက်နက်စွန့်ဖို့ ပြန်ပြောင်းပြောလာခဲ့ပါပြီ။

            အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်ဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးကို သာ လုပ်ဆောင်တဲ့ နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာပြည်နဲ့ မြန်မာသူတွေကို ပြည်တွင်းစစ်မီးဆီ ဆွဲခေါ်နေပြီဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံသာ အတည်ဖြစ်ခဲ့ရင် ပြည်တွင်းစစ်မီးဟာ တပြည်လုံး ဟုန်းဟုန်းတောက်တော့မယ်ဆိုတဲ့ အရိပ်လက္ခဏာတွေကို အခုကတည်းက မြင်တွေ့ နေကြရပြီ ဖြစ်ပါတယ်။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org