Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ညောင်နှစ်ပင်ညီလာခံနိဂုံးကို ထင်မြင်မိသမျှ

တူမောင်ညို
(၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)

ဤပုံနှင့် ယှဉ်တွဲဖေါ်ပြပါစာ၏ စကားလုံးများကို ကြည့်ပါ။

ဘာကြောင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့ကို ရွေးပြီး အပ်နှံခိုင်းရတာလဲ။

အဲဒီအထဲကမှ ဘာကြောင့်  ဒေါက်တာမနန်တူးဂျာကို ရွေးပြီး အပ်နှံခိုင်းရတာလဲ။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေကို ချိုးနှိမ်ချင်တာသက်သက်ပဲလား။

ဒါမှမဟုတ် မကြာသေးမီက (ကေအိုင်အို)က တင်ပြခဲ့တဲ့ အချက် (၁၉) ချက်ကို ပြန်လည်တုန့်ပြန် တဲ့ သဘောလား။

            မော်ကွန်းတင် မှတ်တမ်းစာအုပ် အပ်နှံရတာတောင် လက်ခံသူနဲ့ အပ်နှံသူဟာ အဆင့်အတန်း မတူပါလား။

            အထက်နဲ့အောက် ဖြစ်နေပါလား။

            စကားလုံးသုံးနှုန်းတာမှာလဲ`အပ်နှံစဉ်’တဲ့။

            အလုပ်ရှင်က ‘အော်ဒါပေးပြီး ခိုင်းထားတာ’၊ လုပ်ပြီးသွားလို့ အလုပ်ရှင်ကို ပြန်‘အပ်’ရတဲ့ သဘောဖြစ်ပါတယ်။ နဲနဲမှ အပြုသဘောမဆောင်ဘူး။ နဲနဲမှ တန်းတူမှုမရှိဘူး။ အထက်စီး ဆန်လွန်းလှတယ်။ ‘ပေးအပ်’ဆိုတဲ့စကားလုံး ဘာကြောင့်မသုံးတာလဲဆိုတာ မပေါ်လွင်ဘူးလား။

            နောက်တစ်ခု အိမ်ပြန်သွားကြတဲ့ ညီလာခံကိုယ်စားလှယ်တွေကို ချည်နှောင်လွှတ်လိုက် တဲ့ နှောင်ကြိုးတွေကိစ္စ ပြောပါဦးမယ်။

            မှာကြားချည်နှောင်လိုက်သူကတော့ ညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ဖြစ်ပါတယ်။

‘ညီလာခံပြီးဆုံးခဲ့သော်လည်း ကိုယ်စားလှယ်ကြီးများ၏ လုပ်ငန်းတာဝန်တွေ ပြီးဆုံးခြင်း မရှိသေးပါဘူး’ တဲ့။

            ညောင်နှစ်ပင်က ချမှတ်လိုက်တဲ့ ‘အခြေခံမူများနှင့် အသေးစိတ်အခြေခံမူများ၏ အနှစ်သာရကို ပြည်သူများအကြား ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အခွင့်ကြုံတိုင်း ဝိုင်းဝန်းကြိုးပမ်းသွားကြရမည်’တဲ့။ 

            ‘မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအ၀ိုင်း၊ မိမိ မိသားစု၊ ရေနွေးကြမ်းဝိုင်းမှာအထိ မသိသေး သည့် ပြည်သူများ ပိုသိလာအောင်၊ နားမလည်သေးသည့် ပြည်သူများ ပိုပြီးနားလည်လက်ခံ လာအောင် တစ်ပိုင်တစ်နိုင် ကိုယ်စီ ထိတွေ့ချပြစည်းရုံးသွားကြပါ’တဲ့။ ဒီလို မှာကြားချည်နှောင် လိုက်တာတွေဟာ (နအဖ)စစ်အစိုးရရဲ့ လမ်းပြမြေပုံ ဒုတိယအဆင့်မှာလုပ်မယ့် လက်တွေ့ လုပ်ငန်းတွေ ဖြစ်နေပါလား (မကြုံကြုံအောင် ဂွင်ဖန်ပြီးလုပ်မှာတော့ သေချာနေပါတယ်။ ကြံ့ဖွံ့နဲ့ တွဲလုပ်ရမှာတော့ သေချာနေပါတယ်)။

            မှာကြားချည်နှောင်လိုက်တဲ့ နှောင်ကြိုးတွေကတော့ ‘နှောင်ကြိုးလေးတမျှင်’ မဟုတ်ပါ ဘူး။ အထပ်ထပ် ရစ်ပတ်တုတ်နှောင်လွှတ်လိုက်တာ ဖြစ်ပါတယ်။

            ‘ဆက်ရန် တာဝန်တွေအများကြီးရှိနေပါသေးတယ်’တဲ့။ အဲဒါတွေကတော့ -

- အသက်နဲ့ထပ်တူ တန်ဖိုးကြီးမားပြီး အလေးထားဆောင်ရွက်ကြရမည့် အမျိုးသားရေး တာဝန်ဖြစ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးတာဝန်၊

            - ယင်းအခြေခံဥပဒေအပေါ် ပြည်သူလူထု၏ ဆန္ဒခံယူ အတည်ပြုချက်ရယူရေး၊

            - ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရေး  

စသဖြင့် လမ်းစဉ် (၇)ရပ်အတိုင်း တဆင့်ပြီးတဆင့် ခရီးဆက်ရဦးမယ်တဲ့။

            ယခုလို ညီလာခံပြီးလို့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်တာကို ဤ(ညောင်နှစ်ပင်)ညီလာခံက ‘တာဝန်ပေးစေလွှတ်လိုက်ခြင်း (သို့မဟုတ်) စတင် တာလွှတ်လိုက်ခြင်း’ ဖြစ်တယ်တဲ့။

            ဒီစကားဟာ (နအဖ)စစ်အစိုးရ စိတ်ကြိုက်ရွေးချယ်ပြီး ညီလာခံမှာ တက်ရောက်စေခဲ့ ကြတဲ့ အလုပ်သမားကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များအတွက်ကတော့ ဘာမျှမဆန်းပါဘူး။ သူတို့ကို အစကတည်းက (နအဖ)စစ်အစိုးရက စိတ်ကြိုက်ရွေးချယ်ခဲ့တာ၊ တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ သူတို့မှာ ‘သူ့ဆန်စားမှ ရဲ’ ဆိုတာလို သတ်မှတ်ညွှန်ကြားလိုက်တာကို ညောင်နှစ်ပင်ညီလာခံမှာ တက်ပြီး ဖတ်ကြားတင်ပြရမှာနဲ့ သဘာပတိအဖွဲ့က ကောက်နှုတ်စုစည်း တင်ပြလာတာတွေကို တက်ကြွစွာ ထောက်ခံကြရုံမှတပါး အခြားမရှိပါဘူး။

ထွေလီကာလီတွေလည်း တင်ပြနေဖို့မလိုပါဘူး။ (နအဖ)စစ်အစိုးရအနေနဲ့ ကိုယ့်လူ ကိုယ်မှာတာ ဘာပြဿနာမှမရှိပါဘူး။

            ဒါပေမယ့် အခုမှာနေတာတွေ ‘အမျိုးသားရေးတာဝန်’ဆိုတဲ့ စကားလုံးလှလှလေးသုံးပြီး ချည်နှောင်ပေးလိုက်တာတွေက (နအဖ)စစ်အစိုးရ သူ့ကိုယ်စားလှယ်တွေကိုသာမကဘဲ ကျန်တဲ့ အနည်းစုဖြစ်တဲ့ အပစ်ရပ်အင်အားစုတွေကိုပါ တုတ်နှောင်နေတာကို ပြောချင်တာပါ။

            ဒီနှောင်ကြိုးတွေကနေ ဘယ်လိုရုန်းထွက်ကြမလဲ။

            ‘ပိုမိုကျယ်ပြန့်ပြီး၊ နိုင်ငံရေးအနှစ်သာရနဲ့ ပိုမိုပြည့်စုံတယ်ဆိုတာ ကိုယ်တိုင်တက်ရောက် ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်ကြီးများ အသိဆုံးဖြစ်ပါတယ်’ တဲ့။

            ‘ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေများ (၁၉၄၇၊ ၁၉၇၄)နဲ့ နှိုင်းယှဉ်ရင် ယခုချမှတ်ထားတဲ့ မူများဟာ တိုင်းရင်းသားအခွင့်အရေးကို မြန်မာနိုင်ငံရဲ့ပကတိအရှိတရားအပေါ်မှာ အခြေခံပြီး အထူးတလည် ပေးအပ်ထားတယ်ဆိုတာ ငြင်းချက်မရှိကြောင်း ထင်ရှားစွာ တွေ့ရမှာဖြစ်ပါတယ်’ တဲ့။

            ‘အခြေခံမူတွေကို အားမနာတမ်း ဝေဖန်ပြစ်တင်နေသူတွေဟာ ပြည်ထောင်စုပြိုကွဲ အောင် ဖန်တီးနေသူများသာဖြစ်ကြောင်း’ ပြောသွားပါတယ်။

            (နအဖ)စစ်အစိုးရက ကျွန်တော်တို့ကို စိန်ခေါ်နေပါတယ်။

             ဘယ်လိုငြင်းချက်ထုတ်ကြမလဲ။

            ဒီလို လှိမ့်လုံး၊ ညာလုံးတွေကို ဘယ်လိုတုန့်ပြန်ကြမလဲ။

            ညောင်နှစ်ပင်အဆုံးသတ်နေ့မှာ သိပ်ထူးခြားမှုကြီးတစ်ခု ရှိပါတယ်။ လူတိုင်းလည်း  သတိပြုမိလိုက်ကြမှာပါ။ အဲဒါကတော့ ပြည်တွင်းပြည်ပ သတင်းစာဆရာတွေ၊ သံရုံးမျာ၊ ကုလအေဂျင်စီများက ဌာနေကိုယ်စားလှယ်တွေကို ဖိတ်ကြားတက်ရောက်စေခြင်း မရှိတာပဲ ဖြစ်ပါတယ်။

            ဘာကြောင့် မဖိတ်ရတာလဲ ဆိုတဲ့အကြောင်းရင်း ကျွန်တော် စဉ်းစားမိတာကတော့ -

            လောင်စာဆီဈေးနှုန်း မြှင့်တင်လိုက်တဲ့ကိစ္စနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖမ်းဆီးနေတာတွေကို သတင်းစာဆရာကြီးများက မေးလာမြန်းလာတဲ့အခါ ရှောင်ရှားစေနိုင်ဖို့နဲ့ ပြီးတော့ ညီလာခံနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးလာမြန်းလာတဲ့အခါမှာ ညီလာခံ ကိုယ်စားလှယ်တချို့က ရင်ဖွင့်ကြမှာကို စိုးရိမ်တာကြောင့်ဖြစ်မယ်လို့ ထင်မြင်ယူဆမိပါကြောင်း။

            (အခမ်းအနားမှူးလုပ်နေရတဲ့အတွက် ပြန်ကြားရေးဝန်ကြီး မအားလပ်တာလည်း တကြောင်းဖြစ်မယ် ထင်ပါတယ်)

            ညောင်နှစ်ပင်ညီလာခံဟာ အတုအယောင်ညီလာခံ ဖြစ်ပါတယ်။ အတုအယောင် ညီလာခံက ချမှတ်လာသမျှဟာလည်း အတုအယောင်တွေပဲ ဖြစ်တယ်လို့သာ သဘောထား ကြောင်းဖြင့် ထင်မြင်သမျှကို နိဂုံးချုပ်လိုက်ပါတယ်။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org