|
ဒါတွေ --- အရေးကြီးတယ်
တူမောင်ညို
(၂၀၀၇ ခုနှစ်၊ မေ ၂၃ ရက်)
“ကျွန်တော်တို့ ပြည်ထောင်စု
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ
တိုင်းရင်းသားညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး
ပျက်ပြားခဲ့ပါသည်။ ထိုညီညွတ် ရေးနှစ်ခု ပျက်ပြားခဲ့ခြင်းကြောင့်
ကျွန်တော်တို့တိုင်းပြည်သည် ကမ္ဘာဖွံ့ဖြိုးမှု နောက်အကျဆုံး (LDC)
နိုင်ငံအဆင့်သို့ ရောက်ခဲ့ရပါသည်။ ထိုညီညွတ်ရေးနှစ်ခု
ပျက်ပြားခဲ့ခြင်းကြောင့် ကျွန်တော်တို့တိုင်းပြည်သည် ၁၉၈၈
ခုနှစ်ကာလတွင် ဖခင်ဗိုလ်ချုပ်ပြောသလို တိုင်းပြည်မျိုး
ဖြစ်လုနီးပါးအခြေအနေ ဆိုးရွားခဲ့ရပါသည်။”
အထက်ပါစာပိုဒ်မှာ
‘ဖားမင်းဆွေ’၏ မေလ (၂၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာပါ
‘ဘာအရေးကြီးသလဲ’ ဆောင်းပါးထဲက အချက်အလက်ဖြစ်ပါသည်။
ထိုအချက်အလက် မှန်ပါသလားဟု
မေးလျှင် အပြည့်အ၀ မမှန်ဟု အဖြေပေးရပါမည်။ ဘာတွေမြှုပ်ထားသလဲ။
ဘာတွေရှုပ်ထားသလဲဆိုတာကို ရှာဖွေကြည့်ဖို့လိုပါသည်။
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားချက်ကို ‘ဖားမင်းဆွေ’က တလွဲ
ကိုးကား အသုံးချလိုက်ခြင်းသာ ဖြစ်သည်။ ‘၁၉၈၈ ခုနှစ်နောက်ပိုင်း
တပ်မတော်က တိုင်းပြည်အာဏာ ယူခဲ့သဖြင့် ထိုညီညွတ်ရေးနှစ်ခုကို
တည်ဆောက်နိုင်ခဲ့သည်။ ဘယ်ခေတ်ဘယ်အခါနဲ့မျှ မတူတဲ့ ရလဒ်ကောင်းတွေ
ရရှိနေပြီ၊ တပ်မတော်ကသာ တိုင်းပြည်အာဏာ မယူခဲ့လျှင် တိုင်းပြည်
ချောက်ထဲကျပြီ’စသော ဆင်ခြေလိမ်များကိုပေးရန် စသော အကွက်များကို
မြှုပ်ထားပါသည်။
“ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည် ၁၉၄၈
ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တိုင်းရင်းသားညီညွတ်ရေး၊ တိုင်းသူပြည်သား
လူထုညီညွတ်ရေး ပျက်ပြားခဲ့ပါသည်။ ထိုညီညွတ် ရေးနှစ်ခု
ပျက်ပြားခဲ့ခြင်းကြောင့် ကျွန်တော်တို့တိုင်းပြည်သည်
ကမ္ဘာဖွံ့ဖြိုးမှုနောက်အကျဆုံး (LDC) နိုင်ငံအဆင့်သို့
ရောက်ခဲ့ရပါသည်”ဟူသော စာပိုဒ်၌အောက်ပါ အချက်အလက်များ ဖြည့်စွက်မှသာ
တကယ့်အဖြစ်မှန်နှင့် ညီညွတ်ကိုက်ညီပါလိမ့်မည်။
ကျွန်တော်တို့ ပြည်ထောင်စု
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှ “ယနေ့ကာလ” အထိ
တိုင်းရင်းသားညီညွတ်ရေး၊ တိုင်းသူပြည်သား
လူထုညီညွတ်ရေးပျက်ပြားခဲ့ပါသည်။ ထိုညီညွတ် ရေးနှစ်ခု
ပျက်ပြားခဲ့ခြင်းကြောင့် ကျွန်တော်တို့တိုင်းပြည်သည် ကမ္ဘာဖွံ့ဖြိုးမှု
နောက်အကျဆုံး (LDC) နိုင်ငံအဆင့်သို့ ရောက်ခဲ့ရပါသည်။ “ယနေ့အထိ
ထို(LDC)နိုင်ငံအဆင့်က ရုန်းထွက်နိုင် ခြင်းမရှိသေးပါ ”ဆိုသော
အချက်များဖြစ်ပါသည်။
ထို့အပြင် အောက်ပါ အဓိကအချက်ကို ဖြည့်စွက်ရပါလိမ့်ဦးမည်။
၁၉၄၈ ခုနှစ်မှ
“ယနေ့ကာလ” အထိ ပျက်ပြားနေဆဲဖြစ်သော ထိုညီညွတ်ရေးနှစ်ခု
(တိုင်းရင်းသားညီညွတ်ရေး၊ တိုင်းသူ ပည်သား လူထုညီညွတ်ရေး)ကို ၁၉၄၈
ခုနှစ်မှ ယနေ့အထိ တိုင်းပြည်အာဏာ ရယူခဲ့ကြသော အစိုးရများက
ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ ဟူသော
အချက်ပင်ဖြစ်ပါသည်။
အဆိုပါ
ညီညွတ်ရေးနှစ်ခုဆိုသည်မှာ တိုင်းပြည်တပြည် ရပ်တည်ရေး၊ ခေတ်မှီဖွံ့ဖြိုး
တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ အရင်းစစ်လိုက်လျှင်
ထိုညီညွတ်ရေး နှစ်မျိုးဆိုသည်မှာ အမျိုးသားတန်းတူရေးနှင့် စစ်မှန်သော
ပါတီစုံဒီမိုကရေစီ အရေးပင်ဖြစ်ပါ သည်။ ထိုညီညွတ်ရေးနှစ်ခု
ပျက်ပြားခဲ့ရခြင်းဆိုသည်မှာ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီ
ပျက်ပြားခဲ့ရခြင်း/မရှိခဲ့ခြင်း ဆိုလိုရင်းပင် ဖြစ်ပါသည်။
အကျိုးဆက်ရလဒ်ကား ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
သို့အတွက် (ဖဆပလ)အစိုးရ
ကြွေးကြော်ခဲ့သော ‘ပြည်တော်သာခေတ်’ကိုလည်း မရောက်ခဲ့၊ (မဆလ)အစိုးရ
ကြွေးကြော်ခဲ့သော ‘သာယာဝပြောသော ဆိုရှယ်လစ်လူ့ဘောင်’ နှင့် လည်း
အဝေးကြီးဝေးခဲ့သည်။ ယနေ့ (န၀တ-နအဖ)စစ်အစိုးရတွင်လည်း အဆိုပါ ညီညွတ်ရေး
နှစ်ခုကို တည်ဆောက်ရန် သဘောထားနှင့် အပြုအမူကို စိုးစဉ်းမျှ
မတွေ့မြင်မိသေးပါ၊ သို့အတွက် (န၀တ-နအဖ)စစ်အစိုးရ
ကြွေးကြော်ဟန်ရေးပြနေသော ‘ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်
သစ်ကြီး’ ဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆိုသလိုသာ
ဖြစ်နေသည်။
(န၀တ-နအဖ)စစ်အစိုးရတွင်လည်း
အဆိုပါ ညီညွတ်ရေးနှစ်ခု တည်ဆောက်ရန် သဘောထားနှင့် အပြုအမူကို
စိုးစဉ်းမျှ မတွေ့မြင်မိသေးပါဟု ပြောဆိုရခြင်းမှာ အကြောင်းအချက် မဲ့
ပြောခြင်းမဟုတ်ပါ။
ညီညွတ်ရေးနှစ်ခု
ပျက်ပြားရခြင်းဆိုသည်မှာ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီ
အခွင့်အရေးများ ဆုံးရှုံးပျက်ပြားခဲ့ရခြင်းပင် ဖြစ်သည်။ လက်တွေ့ရလဒ်မှာ
ပြည်တွင်းစစ်ဖြစ်ပွားခဲ့ ရခြင်းနှင့် တိုင်းပြည်
ဆင်းရဲခေတ်နောက်ကျခဲ့ရခြင်းပင် ဖြစ်ပါသည်။
အမျိုးသားတန်းတူရေးနှင့်
ဒီမိုကရေစီရေးဆိုသည်မှာ နိုင်ငံရေးပြဿနာဖြစ်ပါသည်။ ယင်းကို
မှန်ကန်ကြည်လင်စွာ ကြည့်မြင်သဘောထားနိုင်ဖို့ လိုအပ်လှပါသည်။
သို့သော်လည်း ၁၉၄၈ မှ
ယနေ့အထိပင် အုပ်စိုးခဲ့ကြသော အုပ်စိုးသူအဆက်ဆက်သည်
ထိုနိုင်ငံရေးပြဿနာကို ပြည်တွင်းဆူပူသောင်းကျန်းမှု၊
ပြည်ပသွေးထိုးမှုပြဿနာ၊ ၀ါဒစွဲ၊ လူမျိုးစွဲ ပြဿနာအဖြစ် သဘောထားခဲ့ကြပြီး
စစ်ရေးနည်းလမ်းဖြင့်သာ သတ်ဖြတ်ခြေမှုန်းရေး၊ ချော့မြှူ သိမ်းသွင်းပြီး
လက်နက်ချအညံ့ခံရေးဟူသော ဆေးမြီးတိုဖြင့်သာ ကုစားခဲ့ကြပါသည်။
(န၀တ-နအဖ)စစ်အစိုးရကလည်း
ထိုသို့ပင် သဘောထားခဲ့ပြီး ထိုသို့သော နည်းလမ်း များဖြင့်ပင်
ဖြေရှင်းနေခဲ့ပါသည်။
တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများနှင့် ယာယီအားဖြင့် အပစ်အခတ် ရပ်စဲထား
နိုင်ခဲ့သော်လည်း၊ နိုင်ငံရေးအရ တဆင့်တက်ဖြေရှင်းရေးကို
(န၀တ-နအဖ)စစ်အစိုးရက ရှောင်လွှဲနေသည်။
အပစ်အခတ်ရပ်စဲထားသော
တိုင်းရင်းသားအဖွဲ့အစည်းများ၏ လူမျိုးရေးနှင့် တန်းတူ ရေး၊
နိုင်ငံရေးအဆင့်နေရာကိုပင် အသိအမှတ်ပြုခြင်းမရှိပါ။ ကျင်းပခဲ့သော၊
ကျင်းပနေသော အမျိုးသားညီလာခံ၌ ‘အခြားဖိတ်ကြားသင့်သူများ’ ဟူသော
အဆင့်အတန်းသာ သတ်မှတ်ပေးခဲ့ ပါသည်။
ထိုညီလာခံတွင် တိုင်းရင်းသားများလိုလားသည့် စစ်မှန်သော
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ တင်ပြနိုင်ခွင့်၊
ချမှတ်နိုင်ခွင့် မရှိခဲ့ပါ။ ထို့အပြင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင်
အရွေးချယ်ခံ နိုင်ငံရေးပါတီတခုဖြစ်သော (SNLD)ခေါင်းဆောင်များကို
တဖက်သတ် လုပ်ကြံစွပ်စွဲချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခဲ့ကြပါသည်။
အခြားသော တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ပုံစံအမျိုးမျိုးဖြင့်
သပ်လျှိုသွေးခွဲနေပါသည်။ စစ်ဆင်တိုက်ခိုက်နေပါသည်။ သို့ဖြင့်
မိခင်အဖွဲ့အစည်းများ ခွဲထွက်၊ ကွဲထွက်လာသမျှ အစိတ်အပိုင်းများကို
လက်ကိုင်တုတ်အဖြစ် အသုံးချနေပါသည်။
ယင်းဖြစ်ရပ်များသည်
(န၀တ-နအဖ)စစ်အစိုးရ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
ကြွေးကြော်သံနှင့် ဘယ်ခေတ်ဘယ်အခါကနဲ့မျှမတူသော
လက်တွေ့ဆောင်ရွက်ချက်များပင် ဖြစ်ပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင်
တန်းတူရည်တူ သဘောထားရှိရမည်။ (န၀တ-နအဖ)စစ်အစိုးရတွင် ထိုသဘောထားမျိုး
လုံးဝမရှိခဲ့ချေ။ အဆုံးစွန်စကားပြောရလျှင် ဟန်ပြရုပ်ပြ
တိုင်းရင်းသားခေါင်းဆောင်၊ ဟန်ပြရုပ်ပြ တိုင်းရင်းသား အဖွဲ့အစည်းဟူ၍ပင်
မဖော်ထုတ်ရဲပါ။
အခြားတစ်ဖက်ဖြစ်သည့်
ဒီမိုကရေစီရေးပြဿနာကို ကြည့်ကြပါဦးစို့။ ၁၉၄၈ ခုနှစ်
နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် ၁၉၉၀ ပြည့်နှစ်၊
ရွေးကောက်ပွဲပြဿနာကိုလည်း (န၀တ-နအဖ)စစ်အစိုးရက ယနေ့အထိ မှန်ကန်စွာ
သဘောထားနိုင်ခြင်း၊ ဖြေရှင်းနိုင်ခြင်းမရှိပါ။ ရွေးကောက်ပွဲရလဒ်
ဖျက်သိမ်းရေး၊ ရွေးချယ်ခံကိုယ်စားလှယ်များ ဖိအားပေးနှုတ်ထွက်ရေး၊
နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်းများကို ကန့်သတ်ပိတ်ပင်ရေး၊
နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
ဖမ်းဆီးချုပ်နှောင်ထားရေး စသော ဖိနှိပ်မှု၊ ဖြိုခွဲမှုများကို
ပုံစံမျိုးစုံဖြင့် တဆင့်တိုးလုပ်ဆောင်နေပါသည်။ ယခုအခါ သာရေးနာရေး၊
လူမှုရေး အသင်းများ၏ မှတ်ပုံတင်သက်တမ်း တိုးမြှင့်မပေးရေးအထိ
တိုးမြှင့်ဖိနှိပ်လာနေပါသည်။ (ဤဖြစ်ရပ်ကို ပြည်တွင်းပြည်ပမှ
(န၀တ-နအဖ)စစ်အစိုးရ၏ ‘ဥပဒေဘောင်’ထဲမှာ၊ ‘တစတစ ဒီမိုကရေစီဖျာခင်းရေး
စိတ်ကူးယဉ်နေသူများ’ သတိပြုကြရန် ဖြစ်ပါသည်)။
သို့အတွက် ‘ဖားမင်းဆွေ’ က
ခေါင်းစဉ်တပ်မေးထားသလို ‘ဘာအရေးကြီးသလဲ’ ဆိုတာမှာ
(န၀တ-နအဖ)စစ်အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးပြဿနာအဖြစ်
မှန်ကန်ကြည်လင်စွာ သဘောထားနိုင်ရန်၊ အသိအမှတ်ပြုနိုင်ရန်နှင့်
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်ပင်ဖြစ်ပါသည်။
လက်တွေ့ဖြစ်ရပ်များက
(န၀တ-နအဖ)စစ်အစိုးရတွင် ထိုသို့သော သဘောထားနှင့်
ဖြေရှင်းလိုခြင်းမရှိသည်ကို အထင်အရှား ဖော်ပြနေပါသည်။ သို့အတွက်
အရေးအကြီးဆုံးမှာ ပြည်သူလူထုအင်အားဖြင့် (န၀တ-နအဖ)စစ်အစိုးရကို
ဖိအားတွန်းအားတွေ ပေးကြရန်ပင် ဖြစ်ပါ သည်။ တောင်းဆိုနေ၍မရသည်ကိုလည်း
သတိပြုရန် လိုအပ်ပါသည်။
‘ဖားမင်းဆွေ’လည်း
အုတ်တစ်ချပ်သဲတစ်ပွင့်ဆိုသလို ပါဝင်သင့်သည်။ (န၀တ-နအဖ) စစ်အစိုးရ
ထိုသို့သဘောထားရှိလာစေရန်၊ ဖြေရှင်းလာစေရန် နေ့စဉ်ထုတ်သတင်းစာများတွင်
တိုင်းပြည်နှင့်ပြည်သူအကျိုး မျှော်ကိုးပြီး
ရေးသားတိုက်တွန်းသင့်ပါသည်။
ထိုသို့ သဘောမထားနိုင်၊
မဖြေရှင်းနိုင်လျှင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည် နိုင်ငံ
အဖြစ်မျိုးထက် ဆိုးလိမ့်မည်။
ယခုလက်တွေ့မှာပင်
‘စကားနာထိုးရ၊ မျက်နှာချိုသွေးနေရသည်’ မဟုတ်ပါလော။
ညီညွတ်ရေးနှစ်ခု တည်ဆောက်ရန်၊ ထိုပြဿနာနှစ်ခု(အမျိုးသားတန်းတူရေးနှင့်
ဒီမို ကရေစီရေး)ဖြေရှင်းရန်၊ ထိုသို့ဖြေရှင်းရန် တင်ပြခြင်း၊
တောင်းဆိုခြင်း၊ ဆန္ဒဖော်ထုတ်ပြသခြင်း များသည် ကိုလိုနီလက်သစ်များ၏
ဝင်ရောက်စွက်ဖက်မှုမဟုတ်၊ ပြည်ပအားကိုး ပုဆိန်ရိုးလုပ်ရပ် မဟုတ်ပါ။
ပြည်တွင်းနိုင်ငံရေးသက်သက် ဖြစ်ပါသည်။ ပြည်တွင်းပြဿနာ ပြည်တွင်းမှာ
မဖြေရှင်း လိုသည့်အတွက်ကြောင့်သာ အာစီယံသို့ရောက်၊ ကုလသမဂ္ဂသို့ရောက်၊
လုံခြုံရေးကောင်စီသို့ ရောက်ရခြင်းဖြစ်ပါသည်။
ထိုပြဿနာများကို အသိအမှတ်မပြုသူ၊ မဖြေရှင်းလိုသူ၊
အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေသူများသည်
ကိုလိုနီလက်သစ်စွက်ဖက်မှုကို ရေလာမြောင်းပေးလုပ်နေသည့်၊ လက်ယပ်ခေါ်နေသည့်
အမျိုးသားသစ္စာဖောက်များသာ ဖြစ်ပါသည်။
ဒါတွေကို သိရန်၊ မြင်ရန်၊ ကြည့်တတ်ရန် အရေးကြီးလှသည်။
ထိုအမျိုးသားသစ္စာဖောက်လုပ်ရပ်နှင့် အမျိုးသားသစ္စာဖောက်များကို
‘ဖားမင်းဆွေ’ ရှင်းလင်းကြည်လင်စွာ ရှာဖွေ့တွေ့မြင်နိုင်ပါစေသတည်း။
x x x x x |