|
‘လမ်းပြကြယ်များ’ ပြည်သူလူထုကို မှန်ကန်တည့်မတ် ကြည်လင်စွာ
လမ်းပြနိုင်ပါစေ ဟူသော ဆန္ဒ ရင်မှာအပြည့်ရှိပါသည်။ ထိုသို့လည်း
မျှော်လင့်ပါသည်။
အသံလွှင့်မီဒီယာ (ရေဒီယို၊ ရုပ်မြင်သံကြား)၊ ပုံနှိပ်မီဒီယာ (သတင်းစာ၊
ဂျာနယ်၊ မဂ္ဂဇင်း)များတွင် အောက်ပါအချက်များကို မကြားချင်ပဲ ကြားနေရသည်၊
မမြင်ချင်ပဲ မြင်နေရပါ သည်။
-
ဒို့တာဝန်အရေး သုံးပါး -
ပြည်သူ့သဘောထား -
နိုင်ငံရေး ဦးတည်ချက်
(၄) ရပ် - စီးပွားရေး ဦးတည်ချက်
(၄) ရပ် - လူမှုရေး ဦးတည်ချက်
(၄) ရပ် စသဖြင့်
ဖြစ်ပါသည်။ ထိုမျှမကပါ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူ လယ်သမားနေ့၊ တပ်မတော်နေ့ စသည့် နှစ်ပတ်လည်နေ့များတွင်လည်း
သီးခြား ဖေါ်ပြသည့် ‘----- နေ့ ဦးတည်ချက်’ ဆိုသည်များ ရှိပါသေးသည်။
ဖေါ်ပြပါ ဒို့တာဝန်အရေးသုံးပါး၊ ပြည်သူ့သဘောထား၊ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ ၏ အခိုင်အမာ
အတိအလင်း ချမှတ်ထားသည့် ပေါ်လစီမူဝါဒများ၊ သဘောထား ရပ်တည်ချက် များပင်
ဖြစ်ပါသည်။
ယင်းသို့ချမှတ်ထားသော ပေါ်လစီမူဝါဒများ၊ သဘောထားရပ်တည်ချက်များနှင့်အညီ
ဝန်ကြီးဌာနအသီးသီး၊ ဦးစီးဌာနအသီးသီး၊ တိုင်းစစ်ဌာနချုပ်များ၊
ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်းသာယာရေးကောင်စီ အဆင့်ဆင့်က လက်တွေ့ လုပ်ကိုင် ဆောင်ရွက်
အကောင်အထည်ဖေါ်ကြရခြင်း ဖြစ်ပါသည်။
“ရေဗူးပေါက်တာမလိုချင် ရေပါဖို့အဓိက” ဟူသော သဘောထားနဲ့အညီ တိတိကျကျ
အချိန်နှင့်တပြေးညီ အကောင်အထည်ဖေါ်နေကြရခြင်း ဖြစ်ပါသည်။
ယင်းပေါ်လစီမူဝါဒများနှင့် သဘောထားရပ်တည်ချက်များကို
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)က
ချမှတ်ပေး ခြင်းဖြစ်ပါသည်။ တာဝန်ခန့်အပ်ခြင်း၊ အနားယူခွင့်ပြုခြင်း၊
တာဝန်မှထုတ်ပယ်ခြင်း၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ချမှတ်ခြင်း၊
ပယ်ဖျက်ခြင်း၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း စသည့်ကိစ္စများကို
အထက် (နအဖ)မှ ချမှတ်ပေးခြင်း ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်
ဌာနဆိုင်ရာတာဝန်ခံများက မိမိသဘောဆန္ဒအလျှောက် စီစဉ်လျာထားနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်း၊ ပြောနိုင်ဆိုနိုင်ခြင်း လုံးဝမရှိပါ။
သို့ဖြင့် တိုင်းမှူး၊ ၀န်ကြီး၊ ဒုဝန်ကြီး၊
ညွှန်ချုပ်၊
အုပ်ချုပ်ရေးမှူး စသည့် အဆင့်ဆင့် သော တာဝန်ခံများသည် အထက်က
ချမှတ်ပေးထားသည့်အတိုင်း တာဝန်ခံရသည်၊ အကောင် အထည် ဖေါ်ရသည်။
ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခံမပြောရ။
၂၀၀၇ ခုနှစ်၊ မတ်လ
(၂၉) ရက် နေ့စွဲဖြင့် လမ်းပြကြယ်များတင်ပြလိုက်သည့်
(ဦးအေး မြင့်နှင့် ဦးစောလူမှန်တို့က လက်မှတ်ရေးထိုးထားသည်)
“ဒီမိုကရေစီနိုင်ငံတော် အာဏာနှင့် ဘုံရန်သူ” စာတမ်းတွင်
“စစ်အုပ်ချုပ်ရေးစနစ် ဤမျှသက်တမ်းရှည်ကြာနေရသည်မှာ
မတူညီ သော အတွေးအခေါ်များအပေါ် အခြေခံကာ သံသယစိတ်များ
ခေါင်းထောင်ထနေသောကြောင့် ဖြစ်သည်”ဟု ဖေါ်ပြထားပါသည်။
စာတမ်းတင်ပြသူ လမ်းပြကြယ်များ၌ မည်ကဲ့သို့သော စိတ်ကောင်းစေတနာ ဆန္ဒ ရှိနေ ပါစေ ဤဖေါ်ပြချက်၏ လက်တွေ့အဓိပ္ပါယ်အရ တည်ရှိနေသော “
နိုင်ငံရေးပြဿနာ” ဟူသည့် အချက်ကို ပစ်ပယ်လိုက်ခြင်း ဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေး”
ဟူသည့် အချက်ကိုလည်း မှုန်ဝါးသွားစေပါသည်၊ေ၀၀ါးသွားစေပါသည်။
“စစ်အုပ်ချုပ်ရေးစနစ် ဤမျှသက်တမ်းရှည်ကြာနေရသည်”ဟူသော အချက်ကပင်
“နိုင်ငံရေးပြဿနာ” တည်ရှိနေခြင်းကို အထင်အရှား သက်သေခံနေပါသည်။
ထိုအချက် (နိုင်ငံ ရေးပြဿနာတည်ရှိနေသည်)ကို အသိအမှတ်ပြုရမည်၊
ရှင်းလင်းစွာဖေါ်ထုတ်ရမည်။ ထို့နောက် မှန်ကန်သည့်သဘောထား
(နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်)ဖြင့် ဖြေရှင်းရန်
ဆက်လက်ညွှန်ပြရမည်ဟု ခိုင်မာစွာ ယူဆပါသည်။
“ဘုံရန်သူ”ကို လမ်းပြကြယ်များက ဤသို့ရှာဖွေညွှန်ပြထားပြန်ပါသည်။
“(နအဖ)နှင့် အတိုက်အခံ နိုင်ငံရေးအုပ်စုများအကြား
မိမိနိုင်ငံသားအချင်းချင်း သံသယပွားအောင်လုပ်နေသော ဘုံရန်သူကို
ရှာဖွေကြရမည်”ဟု ဆိုပါသည်။
လမ်းပြကြယ်များ ရှာဖွေစိစစ်ပြလိုက်သော “ဘုံရန်သူ” မှာ
အကျင့်ပျက် အောက်ခြေ၀န် ထမ်း (ဗိုလ်ချုပ်အချို့နှင့်
ဝန်ထမ်းကြီးငယ်အချို့) ဟူ၍ ဖြစ်သည်။
ဤအချက်က “စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား တိုက်ဖျက် ရေး ဦးတည်ချက်”ကို လမ်းပြကြယ်များအနေဖြင့်
ကာယကံမြောက် တိတိလင်းလင်း လမ်းလွှဲ လိုက်ခြင်းဖြစ်ပါသည်။
လမ်းလွဲသွားခြင်းဖြစ်သည်။
ချုပ်လိုက်တော့ ‘အောက်ခြေကလိမ်နေတာ အထက်ကမသိဘူး’၊ ‘အထက်က ကောင်း တယ်
အောက်က ဖေါက်ဖျက်နေတာ’ ဆိုသည့် (မဆလ)ခေတ်က လက်သုံးစကားကို ထပ်မံ
ပဲ့တင်ထပ်လိုက်ခြင်းသာ ဖြစ်သည်။
‘အောက်ခြေက
လိမ်နေတာ အထက်ကမသိဘူး’ ဟူသော စကားရပ်သည်ပင်လျှင် အထက်က
ဖန်တီးလိုက်ခြင်းဖြစ်သည်။ အထက်က မသိတာမရှိပါ။ (မဆလ)ခေတ်က နံရံတိုင်း မှာ
နားရှိတယ်ဟုပင် ကြွားဝါခဲ့ကြဖူးသည်မဟုတ်ပါလော။ သူတို့သိပါသည်။
အောက်ခြေ၀န်ထမ်း အချို့ကို ထိုးကျွေးပြီး သူတို့အုပ်စိုးမှုသက်တမ်းကို
ဆန့်ထုတ်နေကြခြင်းသာလျှင် ဖြစ်ပါသည်။
‘ရွှေသမင် ဘယ်ကထွက်၊
မင်းကြီးတာကထွက်’ဆိုသော စကားအတိုင်းပင်ဖြစ်သည်။
မသန္တာရွှေသည် သူမ၏ စိန်စီသော မင်္ဂလာဆောင်ကို ၀ှဲချီးကျင်းပနိုင်ရန် မည်သို့သော
သမ္မာအာဇီဝ စီးပွားရေးလုပ်ငန်းများကို လုပ်ခဲ့ပါသနည်း။
ထို့အပြင်
အကောက်ခွန်ဝန်ထမ်းများ (အခြားဝန်ထမ်းတွေ) လာဘ်စားနေတာ အခုမှ မဟုတ်ပါ။
နှစ်ပေါင်းရှည်ကြာလှပါပြီ။ အထက်ကမသိလျှင် မည်သို့အရေးယူနိုင်မည်နည်း။
(နဝတ)စစ်အစိုးရတက်လာစက ‘လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ’ လုပ်ခဲ့ဖူးပြီ။ လူထုက
‘လာဘ်ပေး ရန်မလို’ ဟု မှန်ကန်စွာ နားလည်သဘောပေါက်ခဲ့ကြသည်။ ထိုအသံ
အခုတော့ (နဝတ)ဟူသော နာမည်နှင့်အတူ ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ။
အကျင့်ပျက်လာဘ်စားမှုသည် စာရိတ္တပြဿနာသက်သက်မျှမဟုတ်ပါ။ စားဝတ်နေရေး
ပြဿနာကို လက်တွေ့ဖြေရှင်းရာမှ စာရိတ္တတရား တတိတိနဲ့
ထိပါးပွန်းပဲ့လာရသည့် ဖြစ်စဉ် ဖြစ်သည်။
စားဝတ်နေရေးပြဿနာကို ဘာကြောင့် လုံလောက်ပြည့်စုံအောင်
မဖြေရှင်းနိုင်ရပါ သလဲ။ ယနေ့ရရှိနေသည့် လစာလုပ်ခထက် ယနေ့တည်ရှိနေသော
အထွေထွေလူနေမှုစရိတ်နှင့် အထွေထွေကုန်ဈေးနှုန်းက လိုက်၍မမီအောင်
ကြီးမြင့်နေခြင်းကြောင့်ပင် ဖြစ်သည်။
သို့ဖြင့်
‘မိုးခါးရေသောက်ကြရခြင်း’ ဖြစ်သည်။ (နအဖ)စစ်အစိုးရက
ဘယ်အစိုးရ လက်ထက်မှာမှ မရဖူးသည့် အောင်မြင်မှုကြီးတွေ ရရှိနေပြီဟု
ကြွားလုံးထုတ်နေစေကာမူ အိမ်ရှိ လူအကုန် အလုပ်လုပ်ကြတာကိုပင် မိသားစုစားဝတ်နေရေးက အနိုင်နိုင် ရုန်းကန်နေကြရသည်။ ယင်းမှာ ယနေ့ကာလ၏
သရုပ်မှန် လူမှုဘ၀ဖြစ်ပါသည်။ စစ်အစိုးရထိပ်သီးများနှင့်
ပေါင်းနိုင်သူ များသာ စီးပွားဖြစ်ပါသည်။ ချမ်းသာပါသည်။ ဘွဲ့ထူးဂုဏ်ထူးတွေ ရရှိနိုင်သည်။
တကယ်တော့
အောက်ခြေ၀န်ထမ်း (လစာနည်းဝန်ထမ်း) အများစုမှာ မြို့ပြနေ ပြည်သူလူထု၏
အဓိက အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သည်။ မြို့နေဆင်းရဲသားများ ဖြစ်သည်။
ကျောင်းသားကျောင်းသူများ၏ မိဘများပင် ဖြစ်သည်။ သူတို့သည် အကြောင်းမဲ့သက်သက် စာရိတ္တပွန်းပဲ့ကြရခြင်း၊ သီလမစောင့်နိုင်ကြခြင်း မဟုတ်ပါ။
တည်ဆဲစနစ်က ထိုဘ၀ထဲသို့ အတင်းတွန်းပို့လိုက်ခြင်းသာဖြစ်သည်။ သို့ဖြင့်
မိုးခါးရေသောက်ကြရသည့် ကြေကွဲစရာ ဇာတ်လမ်း ဖွဲ့တည်လာရသည်။ သို့အတွက်
အရင်းစစ်လိုက်လျှင် စနစ်သည် တရားခံ။
ဘာစနစ်လဲ။
စစ်အာဏာရှင်စနစ် ဖြစ်ပါသည်။
ထိုစနစ်က
ထိုသို့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့ပြီး ဖြစ်ပေါ်လာသော
အကျင့်ပျက် လာဘ်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာတွေ အဟောသိကံဖြစ်ရသည်ဟု
ပုံကြီးချဲ့ကြမည်။ ထိုနောက် ပြင်းထန်သော ပြစ်မှုပြစ်ဒဏ်များ ချမှတ်ကာ
သူတို့၏အုပ်စိုးမှုကို ဖုံးကွယ်ကြသည်။
တန်ခိုးထွားခဲ့ပါသည်ဆိုသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို
ဖြုတ်ချလိုက်သောအခါ အမိန့် မနာခံမှုနှင့် အကျင့်ပျက်လာဘ်စားမှုများနှင့်
ဆက်စပ်နေခဲ့သည်ဟု ယခုလက်ရှိ (နအဖ)ထိပ်သီး ဗိုလ်ချုပ်များက ထုတ်ဖေါ်ပြောကြားခဲ့သည်ကို ကောင်းကောင်းကြီး မှတ်မိကြပါလိမ့်ဦးမည်။
အကယ်၍သာ ---
ထပ်၍ဆိုပါဦးမည်။
အကယ်၍သာ
ဤကဲ့သို့ စစ်အုပ်စုထိပ်သီးအချင်းချင်းအကြား အာဏာစားခွက် လုကြ သော ပွဲ၌
ဗိုလ်ခင်ညွန့်ဘက်က အရေးသာခဲ့မည်ဆိုပါက
ယခုလက်ရှိ (နအဖ) ထိပ်သီးဗိုလ်ချုပ် များသည်လည်း အမိန့်မနာခံမှုနှင့်
အကျင့်ပျက်လာဘ်စားမှုများနှင့် ဆက်စပ်ပတ်သက်နေသည် ဟု ဆိုင်းဘုတ်တပ်မှာ
သေချာသည်။
သို့တည်းမဟုတ် လက်ရှိ (နအဖ) ထိပ်သီးများက အကျင့်ပျက်လာဘ်စားမှု
တိုက်ဖျက် ရေးနှင့် ပတ်သက် ပြီး ပြည်သူလူထုနှင့် ၀န်ထမ်းများကို
ပညာပေးနိုင်ရန်၊ သတိပြုဆင်ခြင်နိုင်ကြ စေရန် ဦးတည်ချက်ဖြင့်
ဗိုလ်ခင်ညွန့်အပါအ၀င် ဖြုတ်ခဲ့ထုတ်ခဲ့သူများကို
ပြည်သူများရှေ့မှောက် တွင် တရားစီရင်နိုင်လျှင်ကော။
တရားလို
တရားခံ အပြန်အလှန်စွပ်စွဲချေပကြပြီး တရားစီရင်ဆုံးဖြတ်နိုင်လျှင်
မည်သို့ ရှိမည်နည်း။
(နအဖ)စစ်အစိုးရ ထိုသို့ မလုပ်ဝံ့ပါ။ မလုပ်ရဲပါ။ သို့အတွက်
လုပ်လည်းမလုပ်ခဲ့ပါ။
ထိုသို့လုပ်လိုက်လျှင် မှောက်ထားသည့်ခွက်ကို လှန်ပြလိုက်ဘိသကဲ့သို့
(နအဖ) စစ်အစိုးရ၏ ပုတ်သိုးနေမှုများ ပွင့်ကျသွားပေလိမ့်မည်။
ပုတ်သင်ဥများ အထွေးလိုက် ပေါ်လာ လိမ့်မည်။ တနွယ်ငင် တစင်ပါ မုချဖြစ်မည်။
သို့ပါ၍
လမ်းပြကြယ်များ ဖေါ်ထုတ်နေသလို၊
ညွှန်ပြနေသလို “ဘုံရန်သူ” အစစ်အမှန် မှာ
အကျင့်ပျက်ဝန်ထမ်း စုန်းပြူးများမဟုတ်။ (နအဖ)စစ်အစိုးရကိုယ်တိုင်ပင်
ဖြစ်ပါသည်။ ‘အောက်ခြေ’ကချည်း မဟုတ်၊ ဇစ်မြစ်သည် ‘အထက်’က ဖြစ်ပါသည်။
ခေါင်မလုံ၍ မိုးယိုခြင်းသာ ဖြစ်သည်။ တံစက်မြိတ်ကို ယိုးမယ်မဖွဲ့သင့်ပါ။
ဘုံရန်သူသည်
အကျင့်ပျက်ဝန်ထမ်းစုန်းပြူးများသာ ဖြစ်သည်ဟုဆိုလျှင်
ဒီမိုကရေစီ တော်လှန်ရေးလုပ်စရာ အကြောင်းမရှိပါ။ အကျင့်ပျက်လာဘ်စားမှု
တိုက်ဖျက်ရေးလောက်သာ လုပ်ဖို့လိုမည်။ (နအဖ)စစ်အစိုးရက
လှည့်စားလုပ်ဆောင်နေသော Clean Government Campaign တွင်
ပူးပေါင်းပါဝင် လုပ်ဆောင်ရလိမ့်မည်။ နေ့စဉ်ထုတ်သတင်းစာများတွင်
ဖေါ်ပြ ထားသော တယ်လီဖုန်းနံပါတ်များကို
နှိပ်ရန်သာလိုပါလိမ့်မည်။
(နအဖ)စစ်အစိုးရသည် တရုတ်ဝန်ကြီးချုပ်ဟောင်း ကျူရုံကျီ ပြောသလို ‘ကျည်ဆံ ၉
တောင့်က အကျင့်ပျက်ဝန်ထမ်းများအတွက် ကျန်ကျည်ဆံတစ်တောင့်က ငါအတွက်’
ထားနေ လိမ့်မည်မဟုတ်ပါ။ ကျည်တစ်ဘောက်လုံး ပြည်သူတွေကိုပစ်ဖို့
ပြင်ဆင်နေတာဖြစ်ပါသည်။
‘လမ်းပြကြယ်များ’အနေဖြင့် အကျင့်ပျက်ဝန်ထမ်းစုန်းပြူးများကိုသာ
‘ဘုံရန်သူ’ လုပ်ပြီး တိုက်ပွဲဆင်နေမည်ဆိုလျှင် (နအဖ)စစ်အစိုးရဆင်ထားသည့် ထောင်ချောက်ထဲ၌ တ၀ဲ လည်လည် ဖြစ်နေပါလိမ့်မည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို မျက်ခြေမပြတ်
ဦးတည်တိုက်ပွဲဆင်နိုင်ဖို့ မှန်မှန်ကန်ကန် လမ်းပြကြပါစို့။
x x x x x |