Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ငါး မင်းဆွေ’ ကနေ ‘ဖား မင်းဆွေ’ ဖြစ်လာပြီ

 

တူမောင်ညို
(၂၀၀၇ ခုနှစ်၊ မတ်လ ၉ ရက်)

 
 

အရင်က ‘ဖားတစ်ပိုင်း ငါးတစ်ပိုင်း မင်းဆွေ’ ပဲ။ 

အခု ဖော်လံဖားတဲ့ စာတွေရေးလာတော့ ‘ဖား မင်းဆွေ’ ဖြစ်လာပြီ။

ကြော်ငြာနဲ့ဈေးဝယ် မဂ္ဂဇင်း (အမှတ် ၁၃၈၊ ဇန်န၀ါရီလ)ထဲမှာ အခုလို ဘုံမြှောက် ရေးထားတာ ဖတ်လိုက်ရပါတယ်။ “ထို့ကြောင့် Living Color မဂ္ဂဇင်းအနေဖြင့် ၂၀၀၆ ခုနှစ် အတွင်း ထွက်ရှိခဲ့သော နိုင်ငံပိုင်သတင်းစာ ဆောင်းပါးများအနက် ဂုဏ်သိက္ခာရှိသော ဆောင်းပါးတစ်ပုဒ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်”။ ယင်းဆောင်းပါးမှာ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာရှိတဲ့ “၇၅ မင်းဆွေမှ ၈၈ မင်းကိုနိုင် သို့”ဆိုတဲ့ ဆောင်းပါးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကြည့်ရတာ အနူတောကလူချော ဆိုတာ မျိုးပဲ ထင်တယ်။ တဖက်ကလှည့်တွေးပြန်ရင်တော့ ၂၀၀၆ ခုနှစ်အတွင်း နိုင်ငံပိုင် သတင်းစာ ဆောင်းပါးတွေဟာ ဂုဏ်သိက္ခာမရှိဘူးလို့ ယူဆမယ်ဆိုရင်လည်း ရတာပေါ့။ ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက် လုပ်နေတာတွေလို့ပဲ သဘောထားပါတယ်။

‘ငါး မင်းဆွေ’က ဖော်လံဖားပြီး မတ်လ ၉ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ “ကုန်ဈေးနှုန်းကျချင်သလား လျှပ်စစ်မီးမှန်ချင်သလား”ဆိုတဲ့ ဆောင်းပါး ရေးလာပြန်ပါတယ်။

‘ငါး မင်းဆွေ’က သူ့ဆောင်းပါးထဲမှာ ကုန်ဈေးနှုန်းတွေတက်နေတာ၊ လျှပ်စစ်မီးတွေ မှန်မှန်မလာတာတွေကို ၀န်ခံထားတယ်။ သူလည်း ကုန်ဈေးနှုန်းတွေ ကျဆင်းစေချင်တဲ့အထဲ ပါဝင်ပါသတဲ့။ ဒါပေမယ့် သိမ်ကြီးဈေးရှေ့ မဟာဗန္ဓုလလမ်းပေါ် ဆန္ဒပြကြသူတွေလိုတော့ သတ္တိမရှိပါဘူး။

အခုလို ဆန္ဒပြမှုကလေးတွေကနေ လူထုအုံကြွမှုကြီးအထိ ကျယ်ပြန့်သွားမှာကိုလည်း ထိတ်လန့်စိုးရိမ်နေကြောင်း ဖော်ပြထားပါတယ်။ လူထုအုံကြွမှုကြီးဖြစ်လာရင် အခြေခံ လူတန်းစားတွေ အငတ်ဘေးကြီး ဆိုက်သွားမယ်လို့လည်း ခြိမ်းခြောက်လိုက်ပါသေးတယ်။ ထမင်းငတ်တဲ့ဗိုက်က ကျည်ဆန်မကြောက်ဘူးလို့ အဖြေပေးပြီးသားပါ။

တိုင်းပြည်မှာ အခြေခံလူတန်းစားတွေ အများစုဖြစ်တဲ့ လယ်သမား၊ အလုပ်သမား၊ မြို့နေဆင်းရဲသားတွေ၊ ၀န်ထမ်းတွေ ဘာကြောင့် အခုလို ဆင်းရဲနေကြရတာလဲ။ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေကို အထက်တန်းစားတွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ သူတို့ရဲ့ ဆွေမျိုးအသိုင်း အဝိုင်းတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး စီးပွားဖြစ်နေကြတဲ့ စစ်ဗျူရိုကရက်လူတန်းစားတွေက လုယက်အပိုင်စီးထားကြလို့ပဲ ဖြစ်ပါတယ်။ ဒီအရင်းခံအကြောင်းတရားကို ‘ငါး မင်းဆွေ’ မဖော်ထုတ်ဝံ့ဘူး။

ပြီးတော့ သူက စစ်အစိုးရရဲ့ ညောင်နှစ်ပင်ညီလာခံရလဒ်ကို ရှင်ပြုတော့မည့် သားငယ် ဘ၀ ရောက်နေတယ်လို့ဆိုတယ်။ အဓိပ္ပါယ်ကတော့ ပြည်သူလူထု လူတန်းစား လူ့အလွှာပေါင်းစုံ က ၀ိုင်းဝန်းဆန့်ကျင်နေကြတယ်လို့ ပြောချင်တာလို့ ထင်ပါတယ်။

‘ငါး မင်းဆွေ’ က ဆန်နဲ့ အထွေထွေကုန်ဈေးနှုန်းတွေ ကျဆင်းဖို့ စီးပွားရေးအမြော် အမြင် ကြီးမားစွာနဲ့ မြေလွတ်မြေရိုင်း ပလပ်မြေများတွင် စပါးတိုးချဲ့စိုက်ပျိုးပါလို့ စေတနာ ဗလာပွနဲ့ အကြံတွေပေးထားပါသေးတယ်။

ဟုတ်ကဲ့။

ဆန်စပါးစိုက်ဧကတွေနဲ့ စပါးထွက်တွေ တိုးပွားလာသလောက် ကုန်ဈေးနှုန်းတွေ ကျဆင်းသွားပါရဲ့လား။

တိုးများလာတယ်လို့ဆိုတဲ့ စိုက်ဧကနဲ့ စပါးအထွက်နှုန်းတွေကလည်း စာရွက်ပေါ်က လိမ်ညာဖေါ်ပြထားတဲ့ ကိန်းဂဏန်းတွေပဲလား။

မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတွေရဲ့ အမြှီးအမောက်မတည့်တဲ့ ဖော်ပြချက် တွေကို မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးဆိုတာတွေနဲ့ပဲ နှိုင်းယှဉ်ကြည့်ကြ ပါစို့။

၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ‘ဦးဇော်’ ဆိုသူ ဆောင်းပါးရှင်က “နိုင်ငံတော်၏ တိုင်းပြုပြည်ပြု သမိုင်းမှတ်တိုင်များ(၂)” ဆောင်းပါးမှာ အခုလို ဖော်ပြထားပါတယ်။

 

ခုနှစ်

၁၉၈၇
၁၉၉၁
၁၉၉၃
၁၉၉၅
၂၀၀၁ 

စိုက်ဧက

၁၁ ဒသမ ၅
၁၁ ဒသမ ၉
၁၄ ဒသမ ဝ
၁၅ ဒသမ ၂
၁၅ ဒသမ ၇

စပါးအထွက် (တင်းသန်းပေါင်း)

၆၅၃
၃၃
၈၀၃
၈၆၀
၁၀၅၂

 

စပါးအထွက်နှုန်းတိုးရေးအတွက် ဆောင်ရွက်ခဲ့ရာမှာလည်း ပထမဆုံးအကြိမ် (၁)နှစ် စပါးတင်းသန်းပေါင်း ၈၀၀ ထွက်ရှိရေး ရည်မှန်းချက် ချမှတ်ဆောင်ရွက်ခဲ့ပါသတဲ့။ ၁၉၉၃-၉၄ ခုနှစ်ကစပြီး နှစ်စဉ်ပုံမှန် စပါးတင်းသန်းပေါင်း ၈၀၀ ထုတ်လုပ်လာနိုင်ခဲ့ပြီး၊ ၂၀၀၀-၂၀၀၁ ခုနှစ်မှာ စပါးတင်းပေါင်း သန်း ၁,၀၀၀ ကျော် ထုတ်လုပ်လာနိုင်ခဲ့ကာ၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စပါးတင်းသန်းပေါင်း ၁,၂၀၀ ကျော် ထုတ်လုပ်လာနိုင်ခဲ့ပါသတဲ့။ ဆက်ပြီးလည်း စပါးတင်း သန်းပေါင်း ၁,၅၀၀ ထွက်ရှိရေးစီမံချက် ချမှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ဆောင်းပါးရှင်က အရှိန်မထိန်းနိုင်ဘဲ အူမြူးပြီး အခုလို ရေးသားထားပြန်ပါတယ်။

“ယခင်အစိုးရ ခေတ်အဆက်ဆက်၌ စပါးအများဆုံး ထုတ်လုပ်နိုင်သည့်နှစ်၌ပင် တင်းသန်း ၆၈၀ ခန့်သာ ထွက်ရှိသည့်အတွက် ယခုဆိုလျှင် တင်းသန်း ၅၂၀ ကျော် ပိုမို ထုတ်လုပ်လာနိုင်ပြီဖြစ်ရာ နောင် သားသမီးမြေးမြစ်အထိပင် စားနပ်ရိက္ခာနှင့် စပ်လျဉ်းပြီး ပူပင်သောကဖြစ်စရာ မလိုတော့အောင် အခြေခံအုတ်မြစ်ကောင်း ချမှတ်ထားနိုင်ပြီဖြစ်သည်”တဲ့။

တကယ်ပဲ ပူပင်သောကဖြစ်စရာ မလိုတော့ဘူးလား။

ဆောင်းပါးပါ ရေးသားချက်တွေကို လက်တွေ့ဖြစ်ရပ်တွေက ခေါင်းခါပြီး မဟုတ်မှန် ကြောင်း အဖြေပေးခဲ့ပါတယ်။ ဒါကို အချက်အလက် ၂ ခု တင်ပြပြီး သက်သေပြပါမယ်။

ကြောငြာနဲ့ ဈေးဝယ်လမ်းညွန်မဂ္ဂဇင်း အမှတ် (၁၃၅)၊ အောက်တိုဘာ ၂၀၀၆၊ စာမျက်နှာ ၄၇ မှ ၅၂ အထိ ဖော်ပြထားတဲ့ ‘ထင်အောင်ကျော်’ရဲ့ “၀င်ရောက်ထိန်းညှိပေးလာ ရသော မြန်မာနိုင်ငံဈေးကွက်”ဆိုတဲ့ ဆောင်းပါးထဲက အချက်အလက်များပဲ ဖြစ်ပါတယ်။ မူရင်းအတိုင်း ရေးသားကူးယူဖော်ပြလိုက်ပါတယ်။

ပထမဆုံး ဆောင်းပါးခေါင်းစဉ်ကိုပဲ သတိပြု ဖတ်ကြည့်လိုက်ပါ။ ရှေ့မှာ ‘အစိုးရ’ ဆိုတာကို ထည့်ရေးလို့မဖြစ်လို့ ချန်လှပ်ထားခဲ့ရတာကို သတိပြုမိပါလိမ့်မယ်။

(နအဖ)စစ်အစိုးရက လေတလုံး မိုးတလုံးနဲ့ လယ်သမားကြီးများ ဆန်စပါးကို လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် သယ်ဆောင်ရောင်းချနိုင်ပြီဆိုတဲ့ ဆန်စပါးရောင်းဝယ်ရေး မူဝါဒသစ်ကို ၂၀၀၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ အဆိုပါပြဌာန်းချက်ကို ယခု လက်တွေ့ဖြစ်ရပ်က လှောင်ပြောင်သရော်သလို ဖြစ်နေပါတယ်။ ဆန်စပါးရောင်းဝယ်ရေးမှာ (နအဖ)စစ်အစိုးရက “ကုန်းဈေးနှုန်းထိန်းသိမ်းရေး ကော်မတီ” အမည်ခံပြီး ၀င်ရောက်ခြယ်လှယ် နေတယ် မဟုတ်ပါလား။ ဘယ်မှာလဲ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ခွင့်၊ ဘယ်မှာ လဲ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်။

စစ်အစိုးရက ၀င်ရောက်ထိန်းသိမ်းတယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း လေ့လာကြည့် ပါဦး။

ကုန်ဈေးနှုန်း ဘာကြောင့် မြင့်တက်ရသလဲဆိုတဲ့ အကြောင်းအရင်းဇစ်မြစ်ကို မရှာဖွေ ဘဲ ဆန်ကုန်သည်ကြီးများကို ခေါ်ယူခြိမ်းခြောက်ခြင်း၊ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားသူများ ကို လက်ညှိုးထိုး အပြစ်ပုံချခြင်း၊ ဆန်ကုန်သည်များကို အနိုင်ကျင့်ဖိအားပေး၍ သတ်မှတ် ဈေးနှုန်းဖြင့် အထူးနှုန်းဆန်ဆိုင်တွေ ဖွင့်လှစ်ရောင်းချစေခြင်း၊ နယ်စပ်သို့်ဆန်တင်ပို့ရောင်းချ ခြင်းကို တားမြစ်ပိတ်ပင်ခြင်းဆိုတဲ့ ဆေးမြှီးတိုကိုပဲ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆက်အဖြစ် ရန်ကုန်မြို့ဆင်ခြေဖုံးက အခြေခံလူတန်းစားအများစု နေထိုင်ရာ မြို့နယ် ၂၅ မြို့နယ်မှာ ဇွန်လအတွင်းကစပြီး အထူးနှုန်းဆန်ဆိုင် ၁၀၀ ကျော် ဖွင့်လှစ်ကာ ကုစားခဲ့ရပါတယ်။ မန္တလေးမြို့မှာလည်း အလားတူ အထူးနှုန်းဆန်ဆိုင်တွေကို ဖွင့်လှစ်ပေးပြီး ဖြေရှင်းပေးခဲ့ရပါတယ်။

ဒီလိုဖြေရှင်းပေးလိုက်လို့ ပြေလည်သွားသလားဆိုတော့ ယာယီအားဖြင့်၊ ခဏတာ အားဖြင့် အိုးထဲက ဆူပွက်နေတဲ့ရေကို ခပ်ပြီး ဆူပွက်နေတဲ့ရေထဲ ပြန်လောင်းထည့်လိုက်သလို တော့ ရှိပါတယ်။ ဒါပေမယ့် ရေကတော့ ဆူပွက်မြဲ ဆူပွက်နေဆဲပါ။ မကြာခင်ကပဲ သိမ်ကြီးဈေး ရှေ့ မဟာဗန္ဓုလလမ်းပေါ်မှာ ကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် ဆန္ဒပြပွဲ ဖြစ်ခဲ့တယ် မဟုတ်ပါလား။

ဘာ့ကြောင့် ဆန်ဈေးနှုန်းတွေ တက်လာရတာလဲ။ 

မက်ခရိုဘောဂဗေဒပညာရှင်တွေက သုံးသပ်ပြရာမှာ ပြဿနာဖန်တီးလိုသောကြောင့် ဆန်ဈေးတက်ခြင်းဟူ၍ ၂ မျိုးရှိကြောင်း သုံးသပ်ပြောဆိုကြပါတယ်။ ပြဿနာကြောင့် ဆန်ဈေး တက်ရတဲ့အထဲမှာ ထုတ်လုပ်မှုပြဿနာနဲ့ မူဝါဒပြဿနာ ၂ မျိုးရှိပါတယ်။ မူဝါဒပြဿနာဆိုတာ ကတော့ သက်ဆိုင်ရာ အစိုးရကိစ္စဖြစ်ပါတယ်။ ထုတ်လုပ်မှုပြဿနာဆိုတာကတော့ ထုတ်လုပ်မှု စရိတ် မြင့်တက်ခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်မြေသြဇာဈေးနှုန်း၊ လုပ်အားခ၊ စက်နဲ့ စက်ဆီစရိတ်၊ ထွန်ခ၊ ထယ်ခ၊ သယ်ယူပို့ဆောင်စရိတ် စသည်ဖြင့် သွင်းအားစုတွေ ဈေးတက်သလောက် ဆန်ဈေးတက်မှာပါပဲ။

ဆန်ဈေးတက်လာပုံကတော့ ထူးခြားဆန်းကြယ်ပါတယ်။ ဒါကလည်း စစ်အစိုးရရဲ့ လုပ်ရပ်နဲ့ ပြည်သူလူထု လက်တွေ့ဘ၀ခံစားချက်က အမြဲတမ်း ပြောင်းပြန်ဖြစ်နေတဲ့အတိုင်းပဲ ဖြစ်လာတာပါ။ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ ဆန်ဈေးနှုန်းက မူလထက် တိုးမြင့်သွားခြင်းပဲ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်၊ ဧပြီလနောက်ပိုင်း ဆန်ဈေးနှုန်းများမှာ ယင်းကာလ မတိုင်မီကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အစိုးရလစာနှုန်း တိုးမြှင့်ပေးလိုက်တိုင်း ဆန်အပါအ၀င် အထွေထွေကုန်ပစ္စည်းဈေးနှုန်းက တိုးမြင့်သွားလေ့ရှိတတ်တာကို ပြည်သူလူထုက အတွေ့အကြုံ အရ သဘောပေါက်ပြီးသားဖြစ်ပါတယ်။

(န၀တ-နအဖ) စစ်အစိုးရလက်ထက်မှာ ၀န်ထမ်းလစာ တိုးမြှင့်ပေးခဲ့တာ စုစုပေါင်း (၄)ကြိမ် ရှိပါပြီ။

  • ပထမအကြိမ်                   ၁၉၈၉ ဧပြီလ ၁ ရက်နေ့

  • ဒုတိယအကြိမ်                  ၁၉၉၃ ဧပြီလ ၁ ရက်နေ့

  • တတိယအကြိမ်                ၂၀၀၀ ဧပြီလ ၁ ရက်နေ့

  • စတုတ္ထအကြိမ်                  ၂၀၀၆ ဧပြီလ ၁ ရက်နေ့

အခုလို လစာတိုးမြှင့်ပေးလိုက်တာရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေ လစာ ၀င်ငွေ တိုးပါစေဆိုတဲ့အချက်နဲ့ ဖုံးကွယ်ထားတဲ့၊ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ပြည်သူလူထု ထကြွအုံကြွလာမှာကို လမ်းလွှဲစေချင်တာနဲ့ ယာယီ ထွက်ပေါက်ရှာတာပဲ ဖြစ်ပါ တယ်။

လက်တွေ့မှာတော့ စစ်အစိုးရက လစာတိုးမြှင့်ပေးလိုက်တိုင်း ကုန်ဈေးနှုန်းက တဆင့် ခုန်တက်မြဲဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်၊ ဧပြီနဲ့ မေလနောက်ပိုင်းမှာ ဆန်အပါအ၀င် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပါတယ်။ ‘ထင်အောင်ကျော်’ရဲ့ စကားနဲ့ဆိုရင် “လှိုင်းထခဲ့သော မြန်မာနိုင်ငံဆန်ဈေးကွက်”လို့ ဖော်ပြရမှာဖြစ်ပါတယ်။ ဒါကို သြဂုတ်လအတွင်း က သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးက ဆန်ကုန်သည်ကြီးတွေကို ခေါ်ယူပြီး စည်းရုံးရေးနည်း၊ အုပ်ချုပ်ရေးနည်းတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါ တယ်။ အနှစ်သာရကတော့ ဆန်ကုန်သည်ကြီးတွေကို ခြိမ်းခြောက်တာနဲ့ အတင်းအကြပ် ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချခိုင်းတာပဲဆိုတာကို သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းပြည်မှာ ကောလဟလတခုခု ပေါ်ပေါက်လာတိုင်း (ကောလဟလ ဆိုတာကလည်း ကောလဟလ၀တ်ရုံခြုံလာတဲ့ သတင်းမှန်တွေ ဖြစ်နေတာက များတယ်) အိမ်ရှင်မတွေရဲ့ နားလည်ပုံနဲ့ တုန့်ပြန်ဆောင်ရွက်ပုံကို ဖော်ပြပါရစေ။

“ကောလဟလသံ တခုခုကြားရင် ကျွန်မ ဆန်အမြဲဝယ်ထားတယ်။ ဒါ့အပြင် ကျွန်မက အိမ်မှာ ဆန်နဲ့ဆီရှိနေရင် လုံခြုံသလို စိတ်မှာ ခံစားနေရတယ်”တဲ့။ ဒီစကားကို အသက် (၃၅) နှစ် အရွယ်၊ ဒဂုံတက္ကသိုလ်မှ ရှုပဗေဒအဓိကနဲ့ ဘွဲ့ရရှိခဲ့သူ အိမ်ရှင်မ ဒေါ်မြတ်မြတ်စိုးရဲ့ ရင်ဖွင့် ပြောဆိုချက်ဖြစ်ပါတယ်။

အိမ်ရှင်မတွေ့ရဲ့ ရင်ဖွင့်လွှာတွေဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ စုဆောင်းနေတဲ့ “ရင်ဖွင့်စာလွှာလှုပ်ရှားမှု”မှာ ရေးသားဖော်ပြနေကြသလို ပြည်တွင်းမှာ နေ့စဉ်ထုတ်ဝေနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာလည်း ဖော်ပြထားတာကို တွေ့ရှိနိုင်ပါတယ်။

ကုန်ဈေးနှုန်း ကြီးနေတာကတော့ တကယ့်လက်တွေ့ဘ၀ပဲ။

(နအဖ)စစ်အစိုးရကလည်း ကုန်ဈေးနှုန်းကျဆင်းအောင် ဖန်တီးမပေးနိုင်ဘူး။ ဖြေရှင်း နိုင်စွမ်းလည်း မရှိပါဘူး။ တရားဥပဒေရဲ့အထက်မှာ စစ်အစိုးရရှိနေသလို စစ်အစိုးရရဲ့ အထက် မှာလည်း ကုန်ဈေးနှုန်းက ရှိနေပါတယ်။ စစ်အစိုးရ တခုခုပြုလုပ်လိုက်တိုင်း ကုန်ဈေးနှုန်းက တဆင့်မြင့်တက်ဖို့ အဆင်သင့်ရှိနေပါတယ်။ ဖြစ်နိုင်ရင် (နအဖ)စစ်အစိုးရက ကုန်ဈေးနှုန်းကို လည်း ပုဒ်မ ၁၀(က)၊ ၁၀(ခ)တွေနဲ့ ထိန်းသိမ်းအရေးယူချင်မှာပါ။ ဒါပေမယ့် ခက်နေတာက ကုန်ဈေးနှုန်းကို လက်ရမဖမ်းဆီးနိုင်တာပါပဲ။ ကုန်ဈေးနှုန်းကလည်း လစာတိုးပေးမယ်၊ ငွေစက္ကူ တွေ အသစ်ထုတ်တော့မည်၊ စစ်အုပ်စုအတွင်းက စားခွက်လုပွဲတွေ၊ ရာထူးဖြုတ်တာ ပြောင်းတာ တွေ ပေါ်ပေါက်လာတဲ့ အခါမျိုးမှ ထင်ထင်ရှားရှား ကိုယ်ထင်ပြလာတတ်လို့ပါပဲ။ ဒီအတိုင်း နေရင်တော့ တအိအိနဲ့ တက်နေတတ်မျိုး ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းကျဆင်းဖို့ဆိုရင် အရင်းခံအားဖြင့် စစ်အစိုးရကို ဖယ်ရှားပစ်ရမယ်ဆိုတဲ့ ကောက်ချက်ကို အခြေခံလူတန်းစား ပြည်သူလူထုက လက်တွေ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး သဘောပေါက်နေကြပါပြီ။

ဆန်ဆိုတာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးသီးနှံပဲ။ မြန်မာနိုင်ငံသားတွေအတွက် အဓိက အစားအစာဖြစ်ပါတယ်။ လူဦးရေအများစုက လယ်သမားတွေဖြစ်ပါတယ်။ ဆန်ဈေး မတည်ငြိမ် လှုပ်ရှားလာရင် ဆန်းစပါးစိုက်ပျိုးထုတ်လုပ်နေတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေ၊ မြို့နေ ဆင်းရဲသားတွေ၊ ၀န်ထမ်းတွေ ထကြွလှုပ်ရှားလာမှာပဲဖြစ်တယ်။ ဆန်နဲ့ အထွေထွေကုန်ပစ္စည်း ဈေးနှုန်း တက်လာတာကို စစ်အစိုးရက ကြောက်လန့်နေတယ်။

ဆန်နဲ့ အထွေထွေကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာနေပေမယ့် လယ်သမားတွေ ရဲ့ဘ၀ကတော့ ဆင်းရဲတွင်း နက်သထက်နက်နေရတယ်။ စိုက်ဧကတွေ တိုးနေတယ်။ စပါး အထွက်တွေ တိုးနေတယ်။ ဒါပေမယ့် ဆန်နဲ့ အထွေထွေကုန်ပစ္စည်းဈေးနှုန်းက ကျမသွားဘူး။ အများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘ၀က တိုးတက်မလာဘူး။ ဒီတော့ သူတို့ဘ၀ တိုးတက်ပြောင်းလဲလာရေးအတွက် သဘာဝကျစွာဘဲ လှုပ်ရှားထကြွလာရပေလိမ့်မယ်။

ဘယ်ခေတ်ဘယ်အခါနဲ့မတူတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေပါပြီဆိုတဲ့ (နအဖ) စစ်အစိုးရရဲ့ ပြောစကားတွေဟာ ဗလာစကားသက်သက်ပဲ ဖြစ်တယ်ဆိုတာကို အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက အခိုင်အမာ ချေဖျက်သက်သေထူနေပါတယ်။

လျှပ်စစ်မီးမှန်မှန်ရဖို့ဆိုရင် “ငါး မင်းဆွေအနေနဲ့ ရေများများရဖို့ မိုးများများရွာအောင် လွန်ဆွဲဖို့ဆိုတဲ့ အကြံပဲ ပေးစရာရှိပါလိမ့်မယ်။ ကြက်ဆူပင်တွေကလည်း အခုမှ စိုက်နေတုန်း။ သဘာဝဓါတ်ငွေ့ကတော့ ထိုင်းနိုင်ငံကို ထုတ်ရောင်းလိုက်လို့ ပြည်တွင်းသုံးစရာ လက်ကျန်မရှိ တော့ဘူး။ ရေအားလျှပ်စစ်စီမံကိန်းကြီး ၉ ခုကလည်း အခုမှ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။

‘ငါး မင်းဆွေ’အနေနဲ့ ရေးလို့ရတိုင်း ဖားလို့ရတိုင်း ရေးမနေပါနဲ့။

‘ငါးတစ်ပိုင်း ဖားတစ်ပိုင်း မင်းဆွေ’ ကနေ ‘ဖား မင်းဆွေ’ ဖြစ်လာနေပြီ။

 

x x x x x

 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org