|
ပြင်ပြင်ဆင်ဆင် စည်းစည်းလုံးလုံး
လုပ်ကြရအောင်
တူမောင်ညို
(၂၀၀၈ ခုနှစ်၊ ဇွန်လ ၅ ရက်)
သူတို့
(Mandate) စကားပြောလာကြပြီ။
မေလ (၂၉)
ရက်မတိုင်ခင်က (နဝတ-နအဖ)စစ်အစိုးရအဖို့ (Mandate) ဆိုတဲ့ အသံ ကြားရင်
တထိတ်ထိတ်နဲ့ သွေးလေခြောက်ခြားနေခဲ့ရတာပါ။ အဲဒီ (Mandate)၊ ၁၉၉၀ ပြည့်၊
မေလ (၂၇) ရက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ဆိုတဲ့ ဆူးက
(နဝတ-နအဖ) စစ်အစိုးရရဲ့ အသည်းနှလုံးကို စူးနေခဲ့တာဖြစ်ပါတယ်။
ဒီတော့ (Mandate) ဆိုရင် သူတို့အဖို့ ထိတ်လန့်နေခဲ့ရတာပါ။
ဒါကြောင့်လည်း (နဝတ-နအဖ) စစ်အစိုးရဟာ ဒီရလဒ်ကို ဖျက်ဆီးပစ်နိုင်ဖို့
အနုနည်း၊ အကြမ်းနည်း၊ နည်းလမ်း ပေါင်းစုံ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
(၁/၉၀)
ကြေညာရတာ၊ အမျိုးသားညီလာခံ ကျင်းပတာ၊ အရွေးချယ်ခံကိုယ်စားလှယ် တွေကို
နည်းလမ်းပေါင်းစုံသုံးပြီး နှုတ်ထွက်စေတာ၊ ဖမ်းဆီးပြီး
နှစ်ရှည်ထောင်ချခဲ့တာ၊ (CRPP) ဖျက်သိမ်းခိုင်းတာ၊ ဒီပဲယင်း
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့တာ၊ လမ်းပြမြေပုံ
ကြေညာခဲ့တာ၊ ယခုနောက်ဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးတာအထိ
အားလုံးဟာ ၁၉၉၀ ပြည့်၊ မေလ (၂၇) ရက် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ဆိုတဲ့ (Mandate)
ဖျက်သိမ်းပစ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ (န၀တ-နအဖ) စစ်အစိုးရဟာ တစ်ဖက်က
၁၉၉၀ ပြည့် ရလဒ် (Mandate) ကို ဖျက်သိမ်းနေပြီး တပြိုင်နက်ထဲမှာ
တစ်ဖက်က စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်လာအောင် တည်ဆောက်နေတာဖြစ်ပါတယ်။
ဒီကနေ့အထိ
ကြိုးပမ်းနေကြဆဲလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖျက်ဆီးနေပါစေ၊ အဲဒီ (Mandate)
ဟာ အတိတ်အရိပ်ပမာ ဆိုသလိုပဲ (နဝတ-နအဖ)စစ်အစိုးရကို ဒီကနေ့အထိ
ခြောက်လှန့်နေဆဲဖြစ်ပါတယ်။ ဒါကို ဒီကနေ့ထုတ်ဝေနေတဲ့
နေ့စဉ်သတင်းစာတွေထဲက ဆောင်းပါးတွေကို ဖတ်ကြည့်ရင် အထင်အရှား
သိမြင်နိုင်ပါတယ်။
အခုသူတို့က ‘၁၉၉၀ ပြည့်ရလဒ်ကို မြေမြှုပ်သင်္ဂြိုလ်လိုက်ပြီ’၊
‘အခြေခံဥပဒေသာ (Mandate) အစစ်’၊ ‘အခြေခံဥပဒေ အတည်ပြုတယ်ဆိုတာ
နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ ပိုင်ခွင့်တစ်ခုဖြစ်တဲ့
ကိုယ်ပိုင်စီရင်ပိုင်ခွင့် (Jurisdiction) တစ်ခုသာ ဖြစ်တယ်’
ဆိုပြီး ရေးသား ပြောလာနေကြပြီ။
ဒီလို
သူတို့ရေးသားဖေါ်ပြနေရတာကိုက ၁၉၉၀ ပြည့်ရလဒ် (Mandate) ရဲ့ အသက်
ပြင်းမှုနဲ့ အင်အားကို အသိအမှတ်မပြုချင်ဘဲ အသိအမှတ်ပြုနေရတာနဲ့ သူတို့
ဒီ ၁၉၉၀ ပြည့် ရလဒ် (Mandate)ကို အငြှိုးတကြီးနဲ့ ဖျက်ဆီးပစ်ဖို့
အဆက်မပြတ် ကြံစည်ကြိုးစားခဲ့တယ် ဆိုတာကို
ထုတ်ဖေါ်ဝန်ခံနေတာလည်းဖြစ်ပါတယ်။ ဒီလို ဖျက်ဆီးဖို့ကြံစည်မှုတွေအထဲမှာ
မေလ (၁၀) ရက်နဲ့ မေလ (၂၄) ရက်နေ့များက ကျင်းပခဲ့တဲ့
ဆန္ဒခဲ့ယူပွဲရလဒ်ကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ‘မီဒီယာကို
မီဒီယာနဲ့ရင်ဆိုင်’ သလို၊ ဒါဟာလည်း ‘ရလဒ်ကို ရလဒ်နဲ့ ထိပ်တိုက်
ရင်ဆိုင်’ တိုက်ဖျက်ဖို့ပဲ ဖြစ်မှာပေါ့။
ဒါပေမယ့် မေလ (၂၉) ရက်နေ့က (နအဖ)စစ်အစိုးရက အတည်ပြုကြောင်း ထုတ်ပြန်
ခဲ့တဲ့ (၉၂ ဒသမ ၈၄) ရာခိုင်နှုန်းဆိုတာဟာ မဲဆန္ဒရှင်ပြည်သူတွေကို
အဘက်ဘက်က ဖိနှိပ် ခြိမ်းခြောက်မှု နည်းလမ်းပေါင်းစုံသုံးပြီး အရယူခဲ့တဲ့
‘ထောက်ခံမှု’သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာ မကြုံဖူးခဲ့တဲ့၊
ပြင်းထန်လှတဲ့ နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို စာနာ
ထောက်ထားခြင်းမရှိဘဲ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုတဲ့ စိတ်ယုတ်မာနဲ့
အရယူ ခဲ့တဲ့ ‘ထောက်ခံမှု’ လည်း ဖြစ်ပါတယ်။
နောက်တစ်ခုက သူတို့ အခုလို အတင်းအဓမ္မလုယူခဲတဲ့ ‘ငတေမာဖို့ ထောက်ခံမှု’
ကို ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံများက အသိအမှတ်မပြုမှာကို
စိုးရိမ်လို့လည်းဖြစ်ပါတယ်။ တစ်ဖက် ကလည်း ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု
ငါတို့သဘောနဲ့ ငါတို့ရလဒ် ငါတို့စိတ်ကြိုက်လုပ် မယ်လို့
ပြောချင်တာလည်းဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ အတုအယောင်တွေ များလွန်းလှတယ်။ ‘ရွှေရည်စိမ်
လွတ်လပ်ရေး’၊ ‘ပြည်တော်သာ စီမံကိန်း’၊ ‘မြန်မာ့နည်း မြန်မာ့ဟန်
ဆိုရှယ်လစ်လမ်းစဉ်’၊ ‘ကျိုက္ကဆံညောင်နှစ်ပင် အမျိုးသားညီလာခံ’ စသဖြင့်
ဖြစ်ပါတယ်။
အခုလည်း အတုအယောင် ‘ကျိုက္ကဆံညောင်နှစ်ပင် အမျိုးသားညီလာခံ’ ကနေ
ဖွဲ့စည်း ပုံ အခြေခံဥပဒေတစ်ခုကို (နအဖ)စစ်အစိုးရစိတ်ကြိုက်
ဖန်တီးလိုက်ကြပြီ၊ အဓမ္မ ထောက်ခံ အတည်ပြုခဲ့ကြပြန်ပါပြီ။
ဒါကြောင့်
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီအရေခြုံထားတဲ့
စစ်အာဏာရှင်စနစ်သာ ဖြစ်တယ်။
စစ်အာဏာရှင်စနစ်တည်ရှိနေသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီနိဒါန်းသစ်
လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီရှိပါတယ်လို့
ပြောဆိုလာရင်လည်း လိမ်ညာပြောဆိုတာပဲဖြစ်ပြီး ဒီမိုကရေစီပါပဲလို့
ပြောလာရင်လည်း အဲဒီလိုပြောတဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအတုသာ ဖြစ်ပါ
လိမ့်မယ်။
အတုကို တိုက်ဖျက်ပြီး အစစ်နဲ့ အစားထိုးကြရမည်သာ။
ယင်းအတုကို တိုက်ဖျက်ပြီး အစစ်နဲ့ အစားထိုးကြရမည့် တိုက်ပွဲသည်
ရှည်ကြာလိမ့် မည်၊ ခက်ခဲလိမ့်မည်၊ ပြင်းထန်လိမ့်မည်။
တစ်ကိုယ်တော်၊ တစ်ပွဲထိုး၊ တစ်ဇွတ်ထိုး၊ ကမူးရှူးထိုးလုပ်၍ မရနိုင်ပါ။
ပြင်ဆင်မှုကောင်းကောင်းရှိဖို့ လိုပါတယ်။ အခါအခွင့်ကောင်းတွင်
(နအဖ)စစ်အစိုးရ၏ ချက်ကောင်းကို ထိထိမိမိ ထိုးနှက်နိုင်ဖို့ လိုပါတယ်။
အခြေခံအကျဆုံး လိုအပ်ချက်မှာ လူထု လူတန်းစား အလွှာအသီးသီးအကြားတွင်
ကောင်းစွာ ပြင်ဆင်စည်းရုံးထားရှိဖို့ပင် ဖြစ်ပါတယ်။ ယင်းသို့
ပြင်ဆင်မှုကောင်းကောင်းမရှိဘဲ လက်သီးလက်မောင်းတန်းနေကြလျှင်
ပိုးသာကုန်မည်၊ လူမှုတော်လှန်ရေးစောင်းကြိုးကို ပိုင်နိုင်ကျွမ်းကျင်စွာ
တီးခတ်နိုင်လိမ့်မည်မဟုတ်ပါ။
စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ပစ်နိုင်ဖို့ ကျွန်တော်တို့
ပြည်တွင်းပြည်ပ အင်အားစုအားလုံး ပြင်ပြင်ဆင်ဆင် စည်းစည်းလုံးလုံး
လုပ်ကြရအောင်။ ။ |