|
အောင်စိတ်ကိုမွေး (သို့မဟုတ်)
တည်ကြည်ရဲရင့်စွာဖြင့် ပေးကြပါစို့ ကန့်ကွက်မဲ
တူမောင်ညို
(၂၀၀၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်)
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ရက်ကား နီးသည်ထက် နီးလာခဲ့ပြီ။
ရက်သတ္တပတ် ၂ ပတ်လောက်သာ လိုတော့သည်။
(နအဖ)စစ်အစိုးရသည် ဟန်ပင်မဆောင်နိုင်တော့ပြီ။ ညစ်နည်းပေါင်း အထောင်
အသောင်းဖြင့် ညစ်ပတ်နေသည်။ အကြမ်းဖက်ဖိနှိပ်မှုတွေ မရပ်မနား
လုပ်ဆောင်နေသည်။ တပ်မတော်သားများ၊ ၀န်ထမ်းများကို ထောက်ခံမဲပေးစေရန်
အတင်းအကျပ် ဖိအားတွေ ပေးနေ သည်။ ကြံ့ဖွံ့အဖွဲ့ဝင်များအားလုံးက
ထောက်ခံမဲသာ ပေးရမည်ဟုလည်း သွက်သွက်ကလေး ဝါဒဖြန့်နေသည်။
စစ်အစိုးရ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်ဌေးဦး၊ ဦးသောင်း၊
ဦးအောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်ဇော်မင်းတို့သည် ထောက်ခံမဲရရေး
နယ်လှည့်စည်းရုံးနေကြရသည်။ ကျေးရွာလူထုကို လက်တစ်လုံးခြား
လှည့်ဖြားလိမ်ညာနေကြသည်။ ‘နောက်ထပ် ၁၈ နှစ် စစ်အစိုးရအုပ်စိုးတာ
မခံချင်လျှင် ထောက်ခံမဲပေးကြ’ တဲ့။
ထိုသို့ လှည့်ဖြားလိမ်ညာမှုများကို ယုံမှတ်မှား၍
ထောက်ခံမဲပေးကြမည်ဆိုလျှင် စစ်အာဏာရှင်စနစ် ထာဝစဉ်
စိုးမိုးအုပ်ချုပ်တာကို ခံကြရမည်။ စစ်အာဏာရှင်စနစ် တရားဝင်
ဖြစ်သွားလိမ့်မည်။ တိုင်းပြည်၏ အာဏာအရပ်ရပ်ကို စစ်အုပ်စုက ထာဝစဉ်
လက်ဝါးကြီးအုပ် ထားပေတော့မည်။ တိုင်းပြည်၏
စီးပွားရေးအသက်သွေးကြောမှန်သမျှ၊ ဓနဥစ္စာမှန်သမျှ ထင်သလို
ခြယ်လှယ်အပိုင်စီး သိမ်းပိုက်ယူငင်ပေတော့မည်။
သို့အတွက် (နအဖ)စစ်အစိုးရ၀န်ကြီးများ လှည့်ဖြားစည်းရုံးနေသလို၊
သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ထောက်ခံမဲပေးရေးအတွက်
လိမ်ညာနေမှုများကို ယုံမှတ်ပြီး ထောက်ခံမဲပေး၍ လုံးဝမဖြစ်ပါ။
ယုံမှတ်၍ ထောက်ခံမဲပေးလိုက်လျှင် စစ်အာဏာရှင်စနစ် တရားဝင်
ဖြစ်သွားပါလိမ့် မည်။
သို့ပါ၍ ပြည်သူများအနေဖြင့် မဲရုံသွားပြီး ကြက်ခြေခတ်၍
ဆန့်ကျင်မဲပေးကြရမည်။
ယင်းသည် ယနေ့ကာလ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းတာဝန်ပင် ဖြစ်
ပါသည်။ နှစ်၂၀ နီးပါး ခံစားလာခဲ့ရသည်များကို ကြက်ခြေခတ်၍
ဆန့်ကျင်မဲပေးခြင်းဖြင့် ဖော်ထုတ်တိုက်ပွဲဝင်ကြရမည်။
အခြားနည်းလမ်းမရှိပါ။
ဘယ်သူတွေဘာပဲပြောနေပါစေ၊ ဘယ်လိုပဲ လှည့်ဖျားနေပါစေ၊
ခြိမ်းခြောက်နေပါစေ၊ အကြမ်းဖက် ဖိနှိပ်နေပါစေ၊ တည်ကြည်ရဲရင့်စွာဖြင့်
ပေးကြပါစို့ ကန့်ကွက်မဲ။
တချို့ကတော့ (နအဖ)စစ်အစိုးရ၏ လိမ့်လုံးခြောက်လုံးတွေကိုကြားပြီး
စစ်မရောက်ခင် မြားကုန်နေကြသည်။
(နအဖ)စစ်အစိုးရက အဖက်ဖက်က ပြင်ဆင်ထားသည်။ လူထုက ကန့်ကွက်မဲပေးလို့
နိုင်လျှင်တောင်မှ (နအဖ)စစ်အစိုးရက ပြောင်းလဲမှာမဟုတ်ဘူးဟု
ဆိုသူကဆိုသည်။ (နအဖ) စစ်အစိုးရက နိုင်လျှင်လည်း နိုင်ရမည်၊
ရှုံးလျှင်နိုင်ရမည်ဟု ခြိမ်းခြောက်ထားသည်။ သို့အတွက် ကန့်ကွက်မဲပေးလည်း
(နအဖ)စစ်အစိုးရက ကန့်ကွက်မဲတွေကို ထောက်ခံမဲအဖြစ် ပြောင်းပစ်
လိမ့်မည်ဟု ပြောသူကပြောကြသည်။ တချို့ကလည်း ဆန္ဒခံယူပွဲလွန်ကာလ အခြေအနေ
ဆိုသည်ကို တွက်ချက်နေကြသည်။ တချို့က အဆိုးမြင် မျှော်လင့်ချက်၊ တချို့က
အကောင်းမြင် မျှော်လင့်ချက် စသဖြင့် အရောရောအထွေးထွေး။
စဉ်းစားစရာရှိတာကိုတော့ စဉ်းစားကြရမည် သာဖြစ်သည်။ ပြင်ဆင်သင့်တာကိုလည်း
ပြင်ဆင်ကြရမည်သာ ဖြစ်သည်။
ရိုးရိုးပြောရလျှင် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးခြင်းဖြင့်
စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖယ်ရှားနိုင်လိမ့်မည်မဟုတ်ပါ။
စစ်အာဏာရှင်စနစ်သည် ကျွန်တော်တို့တိုင်းပြည် အတွက် အကြီးမားဆုံးသော
ဆူးငြောင့်ခလုတ် ဖြစ်ပါသည်။ ယင်းကို အကုန်အစင် တူးထုတ်ပစ်
ရမည်သာဖြစ်သည်။ ထိုသို့ အကုန်အစင် တူးထုတ်ပစ်နိုင်မှ
ကျွန်တော်တို့တိုင်းပြည်အတွက် အခြေအနေသစ်အရုဏ်ဦးသည်
ဖူးပွင့်ဆန်းတင့်လာနိုင်ပါလိမ့်မည်။
ယခုဆန္ဒခံယူပွဲတွင် ပြည်သူများအနေဖြင့် ကြက်ခြေခတ်ကန့်ကွက်မဲပေး၍
အနိုင်ယူ လိုက်မည်ဆိုလျှင် (နအဖ)စစ်အစိုးရ လမ်းပြမြေပုံအဆင့် (၄) ကို
ဖျက်ဆီးပစ်နိုင်ပါလိမ့်မည်။ (နအဖ)စစ်အစိုးရ၏ လမ်းပြမြေပုံ
လုံးဝပျက်စီးသွားမည်။ (နအဖ)စစ်အစိုးရ၏ နိုင်ငံရေးအာဏာ
ထာဝစဉ်ချုပ်ကိုင်ထားနိုင်ရေး စီမံကိန်းကြီး ပျက်စီးသွားပေလိမ့်မည်။
ထို့အပြင် ကျွန်တော်တို့ ပြည်သူများ၏ စစ်အာဏာရှင်စနစ်အပေါ်
ခါးသည်းရွံ့မုန်းနေမှုကို နိုင်ငံတကာကလည်း ပို၍
လေးစားအသိအမှတ်ပြုလာပါလိမ့်မည်။ ယင်းသည် ဆန္ဒခံယူပွဲတွင်
ကြက်ခြေခတ်ကန့်ကွက်မဲ ပေးခြင်းဖြင့် ကျွန်တော်တို့
ပြည်သူများရရှိလာမည့် အောင်ပွဲဖြစ်ပါသည်။ ယင်းအောင်ပွဲကို မြင်ရမည်။
ယင်းအောင်ပွဲကို ယူရဲရပါမည်။
ပြည်သူများသည် ထိုသို့ ကိုယ်တိုင်တိုက်ပွဲဝင်(ကြက်ခြေခတ်
ကန့်ကွက်မဲခြင်းဖြင့်) ခြင်းဖြင့် ရရှိလာသည့် တိုက်ပွဲဝင်စိတ်ဓါတ်၊
အောင်ပွဲခံစိတ်ဓါတ်ဖြင့် တက်ကြွရွှင်လန်းနေပေ လိမ့်မည်။
ထက်သန်နိုးကြားနေပေလိမ့်မည်။ လမ်းပြမြေပုံကို
တိုက်ဖျက်ပစ်နိုင်လိုက်ပြီဆိုတဲ့ အောင်ပွဲခံစိတ်ဓါတ်ဖြင့်
ပြည်သူများသည် မိမိကိုယ်ကို ယုံကြည်မှုဖြင့် နက်ရှိုင်းနေစေရမည်။
သို့မှသာ ရှေ့ဆက်ရမည့် စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေးကာလသစ်၊
အဆင့်သစ် တိုက်ပွဲအတွက် အခြေခံကောင်းကို ရရှိနိုင်ပါလိမ့်မည်။
ကျွန်တော်တို့သည် ထမင်းကို တစ်လုတ်ချင်းစားသလို တိုက်ပွဲကိုလည်း
တစ်ပွဲချင်း တိုက်ရပါလိမ့်မည်။ ထိုသို့ တစ်ပွဲချင်း တိုက်ပွဲဝင်ရာတွင်
အောင်စိတ်ရှိဖို့လိုသည်။ အောင်စိတ်မွေးပေးဖို့လိုသည်။ ကြိုတင်အလျော့
ပေးရေး၊ အညံ့ခံဒူးထောက်ရေးစိတ်ဓါတ် အတွေးအခေါ်များကို
ရှင်းရှင်းပြတ်ပြတ် ဖယ်ရှားပစ် နိုင်ရမည်။
သို့ပါ၍ ယခုကတည်းက ပြည်သူလူထုကို
အောင်စိတ်မွေးပေးထားနိုင်ဖို့လိုအပ်ပါသည်။ ကန့်ကွက်မဲပေးလိုက်လည်း
(နအဖ)စစ်အစိုးရက ထောက်ခံမဲတွေလုပ်လိုက်မှာပဲ၊ ကန့်ကွက်မဲ ပေးလို့
နိုင်လည်း စစ်အစိုးရရှိနေဦးမှာပဲ ဆိုသည့်
စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည်သူလူထုကို မတွေဝေစေသင့်ပါ။
တကယ်တော့ မေလ (၁၀) ရက် ဆန္ဒခံယူပွဲသည် စစ်အာဏာရှင်စနစ် အကုန်အစင်
တိုက်ဖျက်ရေး တိုက်ပွဲစဉ်ကြီးထဲက အဓိကကျသည့် ခံစစ်စခန်းကြီးတစ်ခုကို
ဖြိုချတိုက်ပွဲဝင်ရ ခြင်းပင် မဟုတ်ပါလား။ နောက်ဆုံးပိတ်တိုက်ပွဲ
မဟုတ်သေးပါဘူး။
နောက်ဆုံးပိတ်တိုက်ပွဲအတွက် ရွေးချယ်စရာနည်းလမ်းမှန်သမျှ၊
ပြင်ဆင်ထားနိုင်တာ မှန်သမျှ အသင့်ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။ |