Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

သားရွှေအိုးထမ်းလာသည်ကိုမြင်လိုလျှင် အမိအဖဖြစ်သော ပြည်သူများအပေါ် သစ္စာကတိတည်ကြည်ဖို့တော့လိုသည်

တူမောင်ညို
(၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)

ဒီကနေ့ (နအဖ)စစ်အစိုးရရဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ " ပေါက်စ၊ ခြင်ကျား၊ ငါး၊ ကပ္ပိယ၊ လွိုင်လင်၊ ရွှေပြည်သာ"လို့ ဘယ်လိုပဲ နာမည်ရှေ့ကထည့်ထည့်၊ နောက်ကပဲထည့်ထည့် သို့တည်းမဟုတ် "လေ့လာရေးကျောင်းတော်သား၊ ရဲဘော်" စသဖြင့် နာမည်တွေတပ်နေပါစေ၊  သူတို့တတွေ ဘာတွေရေးပြီး၊ ဘယ်သူနဲ့ ဘယ်အဖွဲ့အစည်းကို အောက်တန်းနောက်တန်းကျကျ စွပ်စွဲပုတ်ခတ်တော့မှာပဲဆိုတာ သူတို့ရေးတယ်ဆိုတဲ့ ‘ဆောင်းပါး’ဆိုတာ ဖတ်မကြည့်ပဲနဲ့ ပြည်သူ များက သိနေပါပြီ၊ သဘောပေါက်နေပါပြီ။     

         ဒါကြောင့်ပဲ သတင်းစာဆိုရင် " နာရေးကလွဲလို့ ကျန်တာကို ပြည်သူလူထုမဖတ်ဘူးဆိုတာ ဖြစ်လာတာပါ။

           ရုပ်မြင်သံကြားကြည့်တာမှာလည်း ထိုနည်းတူပါပဲ။  

            ည (၇) နာရီနှင့် (၈) နာရီကြား အချိန်မှာတော့ လုပ်လက်စအလုပ်တွေကို ခဏတဖြုတ် ချထားကြပြီး ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ကြတယ်။ အဲဒီအချိန်အတွင်းမှာ မိတ်ဆွေ အပေါင်းအသင်းများအိမ်သို့ တယ်လီဖုန်းဆက်၍ မရတတ်ပါ။ ဆက်လာသူကိုလည်း သူတို့က သိပ်မကြည်လင်ကြပါ။ အနှောင့်အယှက်ပေးသည်ဟု ထင်ကြသည်။ တီဗွီဇာတ်လမ်းတွဲကို အာရုံ ပျက်မခံနိုင်ကြချေ။ သို့သော်လည်း ည (၈) နာရီနှင့် (၉) နာရီကြား ဆက်လျှင်တော့ သူတို့ အတွက် ဘာအနှောင့်အယှက်မှမဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်သည် တီဗွီများက သတင်းများကြေညာသည့် အချိန်ဖြစ်ပါသည်။

            ထို့အပြင် "တီဗွီသတင်းကြည့်တာဆိုလို့ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ပဲ ရှိတယ်" ဆိုပြီး ပြောခဲ့တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်ထွန်းကို မှတ်မိကြဦးမည်ထင်သည်။ သူက သူ့ကိုယ်တွေ့အဖြစ်မှန်ကို ပြောခဲ့ခြင်းသာဖြစ်သည်။ သို့သော် အနာပေါ်ဒုတ်ကျသွားသဖြင့် သူလည်း ရာထူးပြုတ်သွားရသည်။

            (နအဖ)စစ်အစိုးရအတွက် လှည့်စားခြင်း၊ လိမ်လည်ခြင်းသည် အရစ်ကုန်သွားခဲ့ပြီ။ သူတို့လှည့်စားခဲ့သမျှကို ပြည်သူများက နောကျေနေခဲ့ပြီ။ (န၀တ-နအဖ)စစ်အစိုးရမှာကလည်း လိမ်လည်လှည့်စားအချိန်ဆွဲတာနဲ့ အကြမ်းဖက် ဖိနှိပ်ချေမှုန်းတာကလွဲလို့ အခြားနည်းလမ်း မရှိ တော့ပြီ။ ဒီလိုနည်းလမ်း ၂ ခုအနက် လိမ်လည်လှည့်စားအချိန်ဆွဲတဲ့နည်းကို ပြည်သူလူထုက သူတို့အတွေ့ကြုံအရ သဘောပေါက်ခဲ့ပြီ၊ နားလည်ခဲ့ကြပြီ။ သံဃာတော်များ ဦးစီးခဲ့သည့် လှုပ်ရှား မှုတွင်လည်း စစ်အာဏာရှင်စနစ်ကို အကုန်အစင် တိုက်ဖျက်ပစ်ရမည်၊ နောက်ဆုတ်၍မရတော့ ဟူသော ဘ၀ပေးအသိနှင့် ကမ်းကုန်အောင် အကြမ်းဖက်ဖိနှိပ်လာသည့် စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ကြရာတွင် မေတ္တာာတရားတစ်ခုတည်းဖြင့်မရနိုင်၊ အခြားသော တိုက်ပွဲသဏ္ဌာန်များကို လည်း ကြိုတင်စဉ်းစား ရွေးချယ်ပြင်ဆင်ထားရလိမ့်မည်ဟူသော သင်ခန်းစာကို ရရှိခဲ့ပြီ။

ဒီအတွက်ကြောင့် (နအဖ)စစ်အစိုးရရဲ့ ကြေညာချက် (၁/၂၀၀၇) နဲ့ (၂/၂၀၀၇) ထွက် လာတော့ ဘယ်သူကမှ ပျူပျူငှာငှာ ကြိုဆိုမယ့်သူ မရှိခဲ့ခြင်းဖြစ်သည်။ အဝေးက လေ့လာသူ တချို့သာ မှုန်မှုန်ဝါးဝါး ပြောနေကြခြင်းဖြစ်ပါသည်။ 

            "ပိတ်(၄) ပိတ်"ကို စွန့်လွှတ်ကြောင်း အရင်ကြေညာရင် ဗိုလ်ချုပ်မှူးကြီးက သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်ဆိုတဲ့ အပြောကိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တုန့်ပြန်တာ သိပ်ကောင်းသည်။ အီစွပ်ပုံပြင်ထဲမှာ "မြေခွေးယုတ်က ငှက်ကျားကိုဖိတ်ပြီး လင်ပန်းထဲ အစာထည့်ကျွေးသလို ဖြစ်နေတယ်"တဲ့။

            ထိုနည်းတူပါပဲ  ‘ကိုယ်မကျူးလွန်ခဲ့တဲ့ ပြစ်မှုကို နောင် မကျူးလွန်ပါဘူးလို့ ပြောရမယ့် အနေအထား ဖြစ်နေပြီ’၊ ‘မတွေ့ရသေးခင်ကတည်းက လူသိရှင်ကြား အညံ့ခံခိုင်းနေတာ’၊ ‘စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးမဟုတ်ဘူး’၊ ‘ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အရင် လွှတ်ပေးပါ’ ဆိုတာတွေဟာ ပြည်သူများရဲ့ဆန္ဒတွေကို ထင်ဟပ်နေတာတွေပဲဖြစ်သည်။ 

            ပြည်သူတွေလိုလားတာက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တန်းတူရည်တူ စိတ်ရှည်လက်ရှည် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဖြေရှင်းနိုင်မှသာလျှင် တိုင်းပြည်နဲ့လူထု ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ပြဿနာအရပ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်သည်။  ထိုသို့မဖြေရှင်းနိုင်လျှင် ‘နိုင်ငံရေး အခြေအနေဟာ အရှိန်အဟုန်နဲ့ ရှေ့ကိုမသွားနိုင်ဘဲ အခက်အခဲဖြစ်နေတဲ့၊ တန့်နေတဲ့၊ အီနေတဲ့ အနေအထားလို’  ဖြစ်မြဲဖြစ်နေပါလိမ့်မည်။ 

            အမှန်ပါပဲ ‘နိုင်ငံရေးမှာ ဒီလိုတန့်နေ၊ အီနေတဲ့ကာလ ကြာရှည်လွန်းသွားရင် မကောင်း လှပါဘူး၊ အဲဒီနိုင်ငံရေးအခက်အခဲရဲ့ အကျိုးဆက်အဖြစ် နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာပါ အခက်အခဲတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်နေပါလိမ့်မယ်’၊ ဒီအကျိုးဆက်တွေ ကြောင့် ‘ဒီမိုကရေစီပန်းတိုင်ကိုလည်း ဖြောင့်ဖြောင့်တန်းတန်း မသွားနိုင်၊ ဈေးကွက်စီးပွားရေး ဆိုတာကိုလည်း ပီပီပြင်ပြင် မလုပ်နိုင်နဲ့ တကယ့်ကို ခွတီးခွကျနဲ့ ကိုးလိုးကန့်လန့် အနေအထား မျိုး ဖြစ်နေမှာ’ အသေအချာပါပဲ။

            ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို သဘောထားမှန်ကန်စွာနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါ သည်။ ပြည်ပဖိအား လျှော့ချနိုင်ဖို့ ဟန်ပြသက်သက်၊ လှည့်စားဖို့သက်သက် မဖြစ်သင့်တော့ပါ။

             အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုကပြုခဲ့သော လိုလားချက်များကို ဆန္ဒကို ပေးတဲ့အနေအထားနှင့် အခြေအနေအောက်တွင် အကောင်အထည် ဖေါ်နေသည်။ တွေ့ဆုံဆွေးနွေးရေးကို စဉ်ဆက်မပြတ် ကမ်းလှမ်းအဆိုပြုနေခဲ့သည်/ ပြုနေဆဲဖြစ် သည်။ တိမ်းရှောင်လွှဲဖယ်နေသူ၊ လျစ်လျူရှုနေသူမှာ (န၀တ-နအဖ)စစ်အစိုးရသာဖြစ်သည်။

            ဆက်ဆံရေးဝန်ကြီး စာရွက်ပေါ်တွင် ခန့်အပ်နေရုံမျှဖြင့် မလုံလောက်ပါ။ အပြန်အလှန် အလျော့အတင်းလုပ်ကြဖို့ဆိုရင် တန်းတူရည်တူ တွေ့ဆုံစကားပြောနိုင်မယ့် ၀န်းကျင်ကောင်း တစ်ရပ် ဖန်တီးပေးဖို့ လိုပါသည်။

             ယခုလို ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေတာ၊ ပြစ်ဒဏ်ချမှတ်နေတာများကို ရပ်တန်းကရပ်ဖို့ လိုပါသည်။ သတင်းစာများ၊ ရုပ်သံမီဒီယာများတွင် နာမည်အမျိုးမျိုးခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တစ်ဖက်သက် ပုတ်ခတ် တိုက်ခိုက်နေသည်များကို နားထားဖို့ လိုပါလိမ့်မည်။ ပြည်သူများကို မှိုးမှိုးမှောင်မှောင် ဝေလီဝေလင်းမှာ ဘောလုံးကွင်းထဲ အတင်း ပေါ်တာဆွဲစုပြီး မိုးထဲရေထဲမှာ ကြွေးကြော်သံတွေ အော်ခိုင်းနေတာတွေကိုလည်း ရပ်ထားလိုက်ပါ။ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ တို့ကို မီဒီယာတွေကနေ ပြူးပြူးပြဲပြဲ တိုက်ခိုက်နေတာကိုလည်း ခဏနားထားလိုက်ပါ။

            ‘သားရွှေအိုးထမ်းလာနိုင်သည်မှာ’ သမင်သားကို အာသာငမ်းငမ်းစားလိုသော ‘မြှားပစ် သူ ပီဠိယက္ခဘုရင်’ သစ္စာပြု၍မဟုတ်။

               သားရွှေအိုးထမ်းလာသည်ကိုမြင်လိုလျှင် အမိအဖဖြစ်သော ပြည်သူများအပေါ် သစ္စာ ကတိတည်ကြည်ဖို့တော့ လိုသည်။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org