Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

စေ့စပ်ဆွေးနွေးပွဲနဲ့ စကားပြောပွဲ

ရဲဘော်ဖိုးသံချောင်း

ဒီနေ့ဗမာပြည်မှာ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ ဂယက်တွေ အပြင်းအထန်ရိုက်ခတ်နေပါတယ်။ အဲဒါကတော့ နအဖစစ်အစိုးရဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ “စကားပြော” နေတဲ့အကြားက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုဖို့နဲ့ ရွေးကောက်ပွဲအစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နအဖတို့ “စကားပြော”တာရဲ့ အဖြေလား၊ နောက်ဆက်တွဲလား၊ စဉ်းစားစရာဖြစ်ပါ တယ်။ အဲဒီ“ စကားပြောပွဲ”ဟာ  ဘာဖြစ်သွားပြီလဲ၊ ဆက်ပြီး ပြောခိုင်းထားဦးမှာလား၊ မေးစရာ တွေလည်း ပေါ်လာပါတယ်။        

           တကယ်တော့ ဒီစကားပြောပွဲဟာ စံကျတဲ့ စစ်အုပ်စုပုံစံ စကားပြောပွဲတခုသာ ဖြစ်ပါ တယ်။

            ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနာချက်ကို ပြောဖို့လိုလာပါတယ်။ စေ့စပ်ဆွေးနွေးတယ်ဆိုတာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောတာဖြစ်ပါတယ်။ စကားပြောပွဲဆိုတာကတော့ ဘာဘောင်မှ ခတ်မထားတဲ့၊ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့ စကားပြောခြင်းတရပ်ဖြစ်ပါတယ်။ န၀တ-နအဖရဲ့ သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေး တယ်ဆိုတဲ့ စကားမပြောနဲ့ စားပွဲဝိုင်းမှာထိုင်တယ်ဆိုတဲ့ စကားမျိုးတောင် မသုံးဘူးဆိုတာ သတိ ပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ဆုံတာတွေမှာတောင် ဒီလိုအသုံးနှုန်းတွေ မသုံးခဲ့ ပါဘူး။

             တကယ်ကြတော့ စစ်အုပ်စုတိုင်းလိုလိုပဲ “စေ့စပ်ဆွေးနွေးရေး”ကို ယတိပြတ် ငြင်းပယ် လေ့ရှိပါတယ်။ သူတို့ဟာ “သရေပွဲ”ဆန်တဲ့ အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့ဟာ “အနိုင်”ရမှ ကြိုက်ပါတယ်။ “နိုင်”ပြီးပြီဆိုတော့မှ ဘယ်၍ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ။ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ ရှုံးသူ “စကားပြောပွဲ” လုပ်ကြမယ်လို့ ပြောလေ့ရှိ တာဟာ သူတို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာ ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင် တွေရဲ့ စဉ်းစားခြားနားချက်လို့ ပြောရင်ရမယ်ထင်ပါတယ်။

           စစ်ခေါင်းဆောင်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ (၂) ခုမှာလည်း တွေ့ခဲ့ကြရပါ တယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန် တင်းခံနေတော့  မနိုင် နိုင်တဲ့နည်းနဲ့ “အနုမြူဗုံး” ကြဲချခဲ့တာပါပဲ။

            ကိုးရီးယားစစ်ပွဲ (၁၉၅၀-၅၃ ခုနှစ်)မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကို သုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ထရူးမင်းက  မက်အာသာကို “ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီထုတ်ပြန်မှု”နဲ့ ကိုးရီးယားစစ်မြေပြင် တပ်မှူး အဖြစ်က ဖြုတ်ပစ်ခဲ့ပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာ အနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့ သူ ဖြစ်ပါတယ်။အဲဒီတုန်းက ဆိုဗီယက်မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နလန်မထူနိုင်အောင်  အနုမြူဗုံးကြဲပြလိုက်တော့  ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွားလို့ အကျိုးနှစ်ခု ရလိုက် ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က ဝင်ရပါလိမ့် မယ်။ ဆိုဗီယက်မှာက အနုမြူဗုံးရှိနေပါပြီ။ ကမ္ဘာဖျက် စစ်ပွဲကြီးဖြစ်တော့မှာ သေချာသလောက် ပါ။ ဒါကြောင့် အရမ်းပြော အရမ်းလုပ်မဲ့ စစ်ဗိုလ် မက်အာသာကို အိမ်ဖြူတော်က ဖြုတ်လိုက်ရ တာပါပဲ။ ဒီလိုနဲ့ သမ္မတ အိုဆင်ဟောင်ဝါ လက်ထက်ကျမှ နှစ်ဖက်စလုံးက “သရေပွဲ”အဖြစ် အသိအမှတ်ပြုပြီး စစ်ကို ရပ်လိုက်တာဖြစ်ပါတယ်။ ကိုးရီးယားစစ်ပွဲဟာ နိုင်ငံရေးနဲ့ရှင်းမှ ပြီးသွား တာပါ။

            ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလိုပြဿနာကြုံခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ်ထင်လို့ ပဲရစ်ဆွေးနွေးပွဲတွေကို ဟန်ဆောင်လောက် လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလို ဖြစ်ပေါ်မလာပဲ ဗြုန်းဆို အကွေ့အချိုးတခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန်ထွက်ပြေးရတာ ဖြစ်ပါတယ်။

            စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက အနိုင်ရမှ ကြိုက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ပြောပြီးမှ ပါးစပ်နဲ့ ပြောချင်ကြတာပါ။

တကယ်တော့ ဗမာပြည်အရေးနဲ့ပတ်သက်လို့ “သရေပွဲ” ထားဖို့ဆိုတဲ့ နိုင်ငံရေးနည်းနာ ဟာ  အသစ်အဆန်းလည်း မဟုတ်ပါဘူး။ သခင်ကိုယ်တော်မှိုင်းရဲ့“သူမနာ ကိုယ်မနာ သင်ပုန်း ချေရေး” နည်းဟာ “သရေပွဲ”အဖြစ် လက်ခံတဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒါကို ဖဆပလအစိုးရနဲ့ စစ်ဗိုလ်တွေဟာ “အဖို့ကြီး သူပုန်တွေအတွက် ရှေ့နေလုပ်တယ်”လို့ ပစ်ပစ်ခါခါ ပြောပြီး အပြုတ် တိုက်ရေးကို လုပ်ကြတာနဲ့ ပြည်တွင်စစ်ကြီး ဒီနေ့အထိ မပြီးပြတ်နေရတာပါပဲ။

မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ် တရုပ် သက်သက်သာ ဖြစ်ပါတယ်။ အာဏာရလိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာ ပြောခဲ့တာဟာ “စေ့စပ် ဆွေးနွေးပွဲ” ခေါ်တာမဟုတ်ပါဘူး။ “စကားပြောပွဲ” နည်းနဲ့ အချိန်ဆွဲချင်တာပါ။ ဒါကို ဘယ်သူက မှ  ၀င်မပါခဲ့ဘူးဆိုတာကို အဲဒီကာလ ဖြတ်သန်းခဲ့ဖူးသူတိုင်း မှတ်မိကြပါတယ်။ သူက အပျော့ဆွဲ ဆွဲပြီး “လူထုအုံကြွမှု”ကို ရပ်ပေးအောင် လှည့်စားတာဖြစ်ပါတယ်။ ကြောက်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦကြီးကို သူတို့ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ဆိုတာ တောင်ပါသေးတာပဲ။ ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ(ဗိုလ်)မောင်မောင်က ပြောဝံ့ပါ့မလား။

နိုင်ငံရေးမှာ ရိုးအထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ(ဗိုလ်) မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်တွေကို သတိပြုသင့်ပါတယ်။

“အသံတိတ်နေတဲ့ အများစုကြီး” ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်။

“တကသ အဆောက်အဦကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့”(ထင်ပါရဲ့) ဆိုတာရဲ့ အဓိပ္ပါယ်။

“၁၉၇၄ (မဆလ)အခြေခံဥပဒေ”ကို ပြုပြင်သင့်တာပြင်ဖို့ဆိုတဲ့ အဓိပ္ပါယ် စသည်ဖြင့် စကားတိုင်းရဲ့နောက်ကွယ်က အဓိပ္ပါယ်တွေကို တွေ့အောင် ကြည့်တက်ရပါမယ်။

အလားတူပဲ ဗိုလ်သန်းရွှေတို့က “စကားပြောတယ်” ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက် ထားတဲ့ အဓိပ္ပါယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည့်တတ်ဖို့လိုပါတယ်။ ကျွေးရင်ကျွေးတိုင်း စားတဲ့ အရွယ်တွေ မဟုတ်ကြတော့ပါဘူး။

◊◊◊◊◊

 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org