Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ပြည်တွင်းပဋိပက္ခနှင့် နိုင်ငံတကာ

ညီညီ
 

ဒီနေ့ကာလ ဗမာပြည်နိုင်ငံရေးကိစ္စတွေကို ပါဝင်ဆောင်ရွက်နေသူတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေ ပြောနေကြတာက စစ်အုပ်စုအပေါ် နိုင်ငံတကာ ဖိအားကို လက်ရှိထက် ပိုပေးဖို့၊ စီးပွားရေး ဆက်လက်ပိတ်ဆို့ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့၊ တချို့ဆိုရင် အမေရိကန်ကိုယ်တိုင် ဗမာပြည်အရေးကိစ္စကို ဝင်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အထိ အလွန်အကြူး ပြောဆိုနေကြပါတယ်။

            တကယ်တမ်း အဲဒီပြဿနာတွေကို စိတ်ဝင်စားတယ်ဆိုရင် ပထမဦးဆုံး စဉ်းစားရမှာက ပြည်တွင်းအတိုက်အခံအုပ်စု၊ လက်ရှိ စစ်အုပ်စုအခြေအနေတွေကို စဉ်းစားရမယ်လို့ထင်တယ်။ ပြီးမှ နိုင်ငံတကာကို ကြည့်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ လူထုတိုက်ပွဲကြီးကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာနဲ့ အကြမ်းဖက်ခဲ့တယ်။ ဒါ့အပြင် ကုလသမဂ္ဂကိုယ်စားလှယ် ရောက်ရှိနေတဲ့ ရက်တွေမှာတောင် ဖမ်းဆီးမှုတွေ၊ အကြမ်းဖက် ဝင်ရောက်စီးနင်းမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ လူထု၊ အတိုက်အခံအုပ်စုနဲ့ နိုင်ငံတကာအပေါ် သွေးတိုးစမ်းတာလား စဉ်းစားရမှာပါ။

            အဲဒီဖြစ်စဉ်တွေမှာ အတွင်းအနှစ်သာရအားဖြင့်တော့ စစ်အုပ်စုက အပြီးသတ် ချေမှုန်း ရေး လုပ်တာပါ။ ပြည်သူလူထုနဲ့ အတိုက်အခံအုပ်စုအပေါ် လက်နက်အားကိုးပြီး လက်ရှိ စစ်အာဏာ မြဲဖို့အတွက်  ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်၊ အကြမ်းဖက်ခဲ့တယ်။ အခုဖြစ်စဉ်မှမဟုတ် ပါဘူး။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ အာဏာသိမ်းပြီးကတည်းက အတိုက်အခံ အင်အားစုတွေအပေါ်  အပြီးသတ်ချေမှုန်းရေးမူ ထားရှိပြီးသားပါ။ အခွင့်အရေးရရင် အပြီးသတ် ချေမှုန်းမယ်၊ မရသေးရင် နိုင်ငံတကာအပေါ် လှည့်ပတ်ပြောဆိုမယ်၊ အချိန်ဆွဲမယ်၊ ကစားမယ် ဆိုတာ ပြီးခဲ့တဲ့ ဗမာပြည်နိုင်ငံရေးဖြစ်ရပ်တွေနဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေက သက်သေပြပြီးသားပါ။(အထူးသဖြင့် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ခြင်း)။

            အဲဒီလိုဖြစ်ရပ်တွေ၊ လုပ်ရပ်တွေ၊ အခြေအနေတွေမှာ နိုင်ငံတကာဖိအားနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ဖို့ကို အလွန်အမင်း လိုလားတောင့်တပြီး ပြောဆိုနေကြပါတယ်။ တရုတ်အစိုးရနဲ့ ရုရှအစိုးရကိုလည်း အထူးသဖြင့် တရုတ်အစိုးရကို ဗမာပြည်စစ်အုပ်စုကို အကာအကွယ်မပေးဖို့ အတွက် ဖိအားပေးတောင်းဆိုမှုတွေလုပ်ဖို့ စဉ်းစားကြတယ်၊ ကြိုးစားကြတယ်။

            (၁) နိုင်ငံတကာဖိအားနဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ဖို့ဆိုရင် စစ်အုပ်စုရဲ့ စီးပွားရေးပုံစံနဲ့ လုပ်ငန်းကုန်သွယ်မှုတွေကို ကြည့်ရပါလိမ့်မယ်။ လက်ရှိ စစ်အုပ်စုလက်ထက်မှာ နိုင်ငံစီးပွားရေး ဟာ နိုင်ငံတကာနဲ့ ကူလူးဆက်ဆံမှု သိပ်မရှိပါဘူး။ စက်မှုလုပ်ငန်းနဲ့ နည်းပညာလည်း မထွန်း ကားသေးပါဘူး။ တကယ်တော့ စစ်အုပ်စုစီးပွားရေးဟာ သဘာဝဓါတ်ငွေ့၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်မှောင်ခိုလုပ်ငန်းအပေါ်  အဓိက အခြေစိုက်ပါတယ်။

စစ်အုပ်စုစီးပွားရေးဟာ နယ်စပ်တွေမှာပါ။ ထိုင်းကုန်ပစ္စည်းတွေကို နယ်စပ်ကတဆင့် သွင်းပြီး တရုတ်နဲ့ အိန္ဒိယကို ပို့တယ်။ တရုတ်ကုန်ပစ္စည်းတွေကို နယ်စပ်ကသွင်းပြီး အိန္ဒယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပို့တယ်။ အိန္ဒိယကုန်ပစ္စည်းကို နယ်စပ်ကသွင်းပြီး တရုတ်၊ မလေးရှားနဲ့ အင်ဒို နီးရှားကို ပို့တယ်။ မလေး(ပီနန်)က ကုန်ပစ္စည်းတွေကို တရုတ်နဲ့ အိန္ဒိယကို ပို့တယ်။ အဲဒီလုပ်ငန်း တွေအပေါ်မှာ စစ်အုပ်စုက နာမည်အမျိုးမျိုး၊ ကုမ္မဏီနာမည်အမျိုးမျိုးနဲ့ လုပ်ကိုင်နေတာဖြစ် တယ်။ ဗမာပြည်ကထွက်တဲ့ သဘာဝအတွင်းထွက်ပစ္စည်း၊ ကျွန်းသစ်နဲ့ ရေထွက်ပစ္စည်းတွေကို အဓိက မှာယူနေကြတာလည်း အာဆီယံနိုင်ငံတွေ၊ တရုတ်နဲ့ အိန္ဒိယတို့ပဲ ဖြစ်တယ်။

            တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ထိုင်းတို့က သဘာဝဓါတ်ငွေ့မ၀ယ်ဖို့၊ နိုင်ငံတကာ အကူအညီနဲ့ စစ်အုပ်စုရဲ့ ဘိန်းအရောင်းအ၀ယ်လုပ်ငန်းကို ဖြတ်တောက်ဖျက်ဆီးဖို့၊ အိန္ဒိယနဲ့ တရုတ်က လက်နတ်မရောင်းဖို့၊ ဒါမှာမဟုတ်  ကြားခံလုပ်ပြီး လက်နတ်မ၀ယ်ပေးဖို့၊

            (၂) နိုင်ငံတကာဖိအားတွေကို စဉ်းစားမယ်ဆိုရင် သူတို့နိုင်ငံတွေရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီကို အဓိကထားပြီး ပြောရမယ်ထင်တယ်။ ဒီနေ့ ဗမာပြည်နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုတာတွေကို ၀င်ရောက်ပြောဆိုနေမှုဟာလည်း သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီတွေအပေါ်မှာ အခြေခံပြီး ပြောဆိုနေတာဖြစ်တယ်။ အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရ ပြောဆိုမှုမတူတာ ပြဿနာမဟုတ်ပေမယ့် အာဆီယံနိုင်ငံတွေ ကြားမှာတောင် အမြင်နဲ့ အပြောတွေ မတူတာကိုတော့ သတိထားပြီး စဉ်းစားရမယ်ထင်ပါတယ်။

            နိုင်ငံတခုရဲ့ နိုင်ငံခြားရေးပေါ်လစီတိုင်းဟာ အကျိုးစီးပွား(Interests)နဲ့ တန်ဖိုး(Value) ပေါ်မှာပဲ အခြေခံပြီး ရေးဆွဲကြပါတယ်။ မတူတာက အချို့နိုင်ငံတွေက အကျိုးစီးပွားကို ပိုအလေး ပေးသလို အချို့နိုင်ငံတွေက တန်ဖိုးဂုဏ်သိက္ခာကို ပိုဦးစားပေးပြီး ရေးဆွဲကြပါတယ်။

            အမေရိကန်နိုင်ငံအနေနဲ့ အာဖဂန်နိုင်ငံကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်တာဟာ အကြမ်းဖက်ဝါဒ ချေမှုန်းရေး၊ ဒီမိုကရေစီဘောင် သွပ်သွင်းရေးဆိုတဲ့ နိုင်ငံဂုဏ်သိက္ခာအရ ဖြစ်သလို အီရတ်နိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့တာဟာလည်း နိုင်ငံအကျိုးစီးပွားကို ပိုအလေး ပေးတဲ့ ဖြစ်ရပ်တခုပါ။ ဒါပေမယ့် ခြောက်နှစ်ကျော်ကြာတဲ့အထိ မပြီးဆုံးသေးသလို မလိုလား အပ်တဲ့ ဆိုးကျိုးတွေကို နှစ်ဖက်စလုံး ခံစားနေရပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့ ဗမာပြည်အနေအထားဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးဆိုတဲ့ နိုင်ငံရေးတန်ဖိုး၊ နိုင်ငံရေး ဂုဏ်သိက္ခာပဲ ရှိပါတယ်။ တိုက်ရိုက် ဝင်ရောက်စွက်ဖက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အာဆီယံနိုင်ငံ တွေအပေါ် နိုင်ငံရေးသြဇာအာဏာ လွှမ်းမိုးနိုင်ဖို့ ကြိုးစားရာမှာ လက်ရှိဗမာပြည်အနေထားဟာ အကောင်းဆုံး ဖြစ်နိုင်ပေမယ့် နိုင်ငံတကာဆက်ဆံရေးမှာ တရုတ်၊ အိန္ဒိတို့နဲ့ ထိပ်တိုက် တိုးလာ မှာကို မလိုလားဘူးလို့ထင်ပါတယ်။

            ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ အရေးပါပေမယ့် သူ့ရဲ့လုပ်ငန်းစဉ်နဲ့ ဥပဒေတွေဟာ အလွန်ရှုပ်ထွေးပြီး အချိန်ပေးရပါတယ်။ ဗမာပြည်ထက်ကို ပိုပြီး ဦးစားပေးရမယ့် နိုင်ငံတကာ ပြဿနာတွေကလည်း မရေမတွက်နိုင်အောင် များပြားလှပြီး ဗမာပြည်ထက်ကို ပိုဦိးစားပေးရ မယ့် ပြဿနာတွေနဲ့ နိုင်ငံကြီးတွေကြား ကုလသမဂ္ဂ ဗျာများပြီး အချိန်နဲ့အမျှ ခေါင်းကိုက်နေပါ တယ်။

နောက်ပြီး တကမ္ဘာလုံးက စစ်အုပ်စုကို မကြိုက်မနှစ်သက်ပေမယ့် အောင့်ကာနမ်းပြီး ရပ်ခံပေးနေတာက အာဆီယံနိုင်ငံ အများစုပါပဲ။ အထူးသဖြင့် ထိုင်းနိုင်ငံပါ။ ကုန်သွယ်ရေးအရ နှစ်စဉ် တဖက်သတ်ဝင်ငွေရနေသလို ဗမာပြည်ကို ဖြတ်ဖေါက်နေတဲ့ အာရှလမ်းမကြီးသာ စစ်အုပ်စုလက်ထက်မှာ ပြီးသွားခဲ့ရင် သူ့နိုင်ငံရဲ့အကျိုးစီးပွားဟာ ဒီထက်မက တိုးပွားလာမှာ ဖြစ်သလို ထိုင်းနိုင်ငံတွင်းမှာ သန်းချီပြီးရှိနေတဲ့ ဗမာပြည် အလုပ်သမားထုအပေါ် လုပ်ခခေါင်းပုံ ဖြတ်ပြီး အလုပ်စေခိုင်းမှုတွေကို စစ်အုပ်စုက မသိချင်ယောင်ဆောင်ပေးထားခြင်းဖြင့် ထိုင်း လုပ်ငန်းရှင်တွေ အကျိုးအမြတ် အများကြီးရှိနေပါတယ်။

            အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ဟာ အာဆီယံအတွင်းမှာ အထိုက်အလျောက် သြဇာ ရှိပြီး စီးပွားရေးအရ တောင့်တင်းတဲ့ နိုင်ငံတွေဖြစ်ပေမယ့် လူ့ဘောင် လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံတွေ မဟုတ်သလို ခေါင်းဆောင်ပိုင်းတွေဟာလဲ အနောက်ဆန့်ကျင်လိုစိတ်  (အထူးသဖြင့် အမေရိကန်)တွေ ရှိကြပါတယ်။ တကယ်လို့များ အမေရိကန်ဟာ သူတဦးတည်း ဖြစ်စေ၊ ကုလသမဂ္ဂနဲ့တွဲ၍ဖြစ်စေ၊ ဗမာပြည်တွင်းအရေးကို ဝင်ရောက်ရင်းကနေ ဗမာပြည်မှာ အခြေစိုက်စရာ ရသွားပြီး သူတို့ရဲ့အာဏာကို ခြိမ်းခြောက်မှာကို စိုးရိမ်ပုံရပါတယ်၊ အဲဒီအတွက် လည်း စစ်အုပ်စုကို တတ်နိုင်သလောက် ကာကွယ်ပေးနေအုံးမှာပါ။

            တရုတ်ပြည်အနေနဲ့က အမေရိကန် ဝင်ရောက်စွက်ဖက်လာရင် တတ်နိုင်သလောက် တော့ ဆန့်ကျင်မှာပါ။ ထိပ်တိုက်တိုးလောက်တဲ့ အဆင့်အထိတော့ စစ်အုပ်စုကို ကာကွယ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိ တရုတ်ဈေးကွက် ကြီးမားကျယ်ပြန့်လာမှု၊ နိုင်ငံ တကာ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးထဲ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေမှု၊ တရုတ် ခေါင်းဆောင်ပိုင်းတွေမှာ မျိုးဆက်သစ်တွေ အစားထိုးနေတဲ့ကာလဖြစ်နေတော့ သူ့ပြည်တွင်း ဟန်ချက်ညီဖို့ကို ပိုအရေးပေးလုပ်ဆောင်မှာပါ။ ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ ဗမာပြည်အရေးကို ဝင်ရောက်ကိုင်တွယ်မယ်ဆိုရင်တော့ စစ်အုပ်စုကို နည်းလမ်းပေါင်းစုံသုံးပြီး ကာကွယ်မှာပါ။ စစ်အုပ်စုကို ကြိုက်လို့ ကာကွယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်တာပါ။ ဗမာပြည် အရေးကို ကုလသမဂ္ဂက ၀င်ရောက်ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ကုလသမဂ္ဂက ၀င်ရောက်စွက်ဖက်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆ ထင်ကျန်ခဲ့မှာကို ဘယ်လိုမှ လိုလားမယ်မထင်ပါဘူး။ ၁၉၈၉ တိန်အန်မင်းရင်ပြင်အရေးအခင်းဟာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အဖုအထုံးလေးအဖြစ် ရှိနေဆဲပါ။

            အိန္ဒိယအနေနဲ့ကတော့ မှန်းရခက်ပါတယ်။ ပြည်တွင်းလိုအပ်ချက်အရ စစ်အုပ်စုဆီက သဘာဝဓါတ်ငွေ့ကို ဒေါ်လာသန်း ရာထောင်ချီပြီးတော့ ဝယ်နေပါတယ်။ စစ်အုပ်စုကို လက်နက် ရောင်းသလို၊ သဘာဝဓါတ်ငွေ့နဲ့လည်း လဲလှယ်ပါတယ်။ နယ်စပ် မှောင်ခိုကုန်သွယ်ရေးကိုလည်း တရားဝင် ဖြစ်စေချင်တယ်။ နယ်စပ်ပိုင်း လမ်းမတွေကို သူတို့ငွေနဲ့သူတို့ အကုန်အကျခံ ဖေါက် လုပ်ပေးနေပါတယ်။ တဖက်မှာလည်း ပါကစ္စတန်နဲ့ နယ်စပ်ပြဿနာ ရင်ဆိုင်နေရသလို ဗမာ နယ်စပ်မှာလည်း နယ်စပ်လုံခြုံရေးတည်ငြိမ်ဖို့ စစ်အုပ်စုနဲ့ အပေးအယူတွေ လုပ်ပါတယ်။ စစ်အုပ်စုနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြည်တွင်းရေးကိုလည်း ဝင်ရောက်ပြောဆိုမှုတွေ သိပ်မရှိလှပါဘူး။ ဂိုဒေါင်ထဲက လက်နက်အဟောင်းတွေအတွက် စစ်အုပ်စုဟာ ဈေးကွက်အကြီးစားဖြစ်နိုင်တယ်လို့ ထင်ပုံရပါတယ်။ နိုင်ငံတကာ ကိစ္စတွေမှာ လည်း အေးတိအေးစက်ပါပဲ။ ဒါပေမယ့် လက်ရှိ အိန္ဒိယအစိုးရရဲ့ အတိုက်အခံအင်အားစုများ ကတော့ ဗမာပြည်အရေးကို စိတ်ဝင်စားပြီး တက်တက်ကြွကြွနဲ့ ကူညီနေတာကို တွေ့ရတယ်။ အတိုက်အခံတွေ အာဏာရရင်လည်း တိမ်တောင်သဖွယ် မင်းရေးကြွယ်ပါပဲ။

            နောက်ဆုံးအနေနဲ့ကတော့ နိုင်ငံတကာဟာ ဗမာပြည်ပဋိပက္ခမှာ သူတို့နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ၊ နိုင်ငံတကာဆက်ဆံရေး ဆိုတာတွေနဲ့ ဝင်ရောက်ပြောဆို ဆွေးနွေးမှုတွေ ရှိနေမှာပါ။ ဒါပေမယ့် စကားလုံးတွေနောက် မလိုက်မိကြဖို့ လိုပါတယ်။ ဗမာပြည်ပဋိပက္ခကို ဖြေရှင်းဖို့ရာမှာ ပြည်တွင်းစစ်မီး ထပ်မလောင်စေဖို့၊ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းဖို့ အတွက် ကျနော်တို့ အတိုက်အခံအင်အားစုများနဲ့ ပြည်သူလူထုကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်သလို မကုန်မခမ်းနိုင်တဲ့ စွမ်းအားတွေရှိတဲ့ နိုင်ငံအပြောင်းအလဲရဲ့ ရေသောက်မြစ်တွေသာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဗမာပြည်တွင်းမှာ ပြည်သူလူထုကို အာရုံစိုက်ပြီး ဦးဆောင်နိုင်ဖို့ လူထုတိုက်ပွဲတွေ ဖေါ်ဆောင်ဖို့၊ ပိုမိုအင်အားကြီးထွားလာဖို့၊ ပြည်သူတွေရဲ့အာဏာ ပြည်သူ တွေဆီ ပြန်ရောက်ဖို့အတွက်ကို နိုင်ငံတကာထက် ပြည်သူလူထုနဲ့ ပူးပေါင်းဖို့ကို ပိုမို လိုအပ်နေတဲ့ အချိန်ကာလ ဖြစ်ကြောင်းပါ။

x x x x x 

ညီညီ
၇-၁၀-၂၀၀၇

 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org