|
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေများကတော့
မုန်းတိုင်းထန်တဲ့နေ့တလှည့်၊ တပိုင်းတစ တိမ်လာများဖုံးအုပ်နေတဲ့
နေ့တလှည့်ဆိုတဲ့ အခြေအနေမျိုးပါ။ မိုးသားကင်းစင်တဲ့ ကောင်းကင်ပြာမှာ
ထွက်ပေါ်လာမဲ့၊ အရှေ့ကရောင်နီကိုတော့ တွေ့မြင်နိုင်မဲ့ အနေအထား
မရှိသေးပါဘူး။ မျှော်လင့်နေရတုန်းပါ။
အဲဒီလိုအခြေအနေမျိုးအောက်မှာပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ပြန်လည်အထိန်းအသိမ်းခံလိုက်ရခြင်း၊ ၈၈ မျိုးဆက်များရဲ့ Signature
Campaign၊ အဖြူရောင် ဖေါ်ပြမှု၊ ရင်ဖွင့်လွှာလှုပ်ရှားမှု စတဲ့
လှုပ်ရှားမှုများ၊ UNSC က မြန်မာနိုင်ငံအတွက် Resolutions နဲ့ တရုတ်၊
ရုရှားတို့ရဲ့ ဗီတို၊ ၈၈ မျိုးဆက်ခေါင်းဆောင်များအား
ပြန်လည်လွှတ်ပေးခြင်း၊ KNU တပ်မဟာ (၇) က ကွဲအက်မှုများ၊
ငြိမ်ချက်သားကောင်းနေတဲ့ (တစည)က ဗိုလ်ခင်မောင်ကြီးရဲ့ Interview စတဲ့
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရပြီး ဒီအကျိုးဆက်ရဲ့ အသက်
တွေလဲ ထားခဲ့ရပါတယ်။
ဒီနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုမှာ အကျိုးဖြစ်ထွန်းတဲ့
အဖြစ်အပျက်တွေရှိခဲ့သလို အကျိုးနဲခဲ့ရတဲ့ အပြစ်တွေလဲ ပါခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ တပ်ဦးဖြစ်နေတဲ့ ၈၈
မျိုးဆက်ရဲ့ ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခြင်းကတော့
အင်အားဖြစ်စေတဲ့ ကောင်းသော ဖြစ်ပေါ်မှုပါ။ သို့သော်လည်း ၈၈
မျိုးဆက်များရဲ့ လှုပ်ရှားမှု များကိုတော့ တိုက်ရိုက်ရော၊
သွယ်ဝိုက်သောနည်းဖြင့်ရော ကန့်သတ်ထားပါတယ်။ စစ်အစိုးရရဲ့
မီဒီယာများကလည်း စဉ်ဆက်မပြတ် တိုက်ခိုက်နေဆဲပါ။ ဒီအခြေအနေတွေလဲ
ပြည်သူလူထု ကြားထဲမှာ အထူးသဖြင့်ေ၀၀ါးနေတဲ့ လူငယ်မျိုးဆက်သစ်တွေ၊
စားဝတ်နေရေးကြောင့် လက်ရှိ နိုင်ငံရေးအခြေအနေများကို မျက်ခြေပြတ်နေတဲ့
သာမန် လက်လုပ်လက်စားပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်
ကိုအေးလွင်တို့၊ Dr စိုးလင်းတို့ကို အသုံးချပြီး သပ်လျှိုခွဲနေတာ ကလဲ
ရှိနေပါတယ်။ ဒီလိုကိစ္စတွေကို နအဖက ဦးတည်ချက်ရှိရှိနဲ့ လုပ်နေတာပါ။
နအဖမှာ “သူတို့ကို မကြိုက်ရင် မထောက်ခံရင် နေပါစေ။
ဒီမိုကရေစီအင်အားစုများနဲ့ သာမန်ပြည်သူတို့ ရင်ချင်းမအပ်သွားဖို့
အရေးကြီးတယ်”ဆိုတဲ့ သဘောထားရှိပါတယ်။
တကယ်တော့ ပြည်သူလူထုက ဒီမိုကရေစီအင်အားစုများအပေါ် အားကိုးမှု လျှော့နည်း
လာအောင်၊ အထင်သေးေ၀၀ါးလာအောင် အလုပ်တခုအနေနဲ့ နအဖက တစိုက်မတ်မတ်
လုပ်ဆောင်လာတာပါ။ ဒါကိုလည်း ကိုယ့်ဖက်က တော်လှန်ရေးသတိရှိရှိနဲ့
အမြဲတမ်း တွန်းလှန် နေနိုင်ရပါမယ်။ နအဖရဲ့ ပြည်သူအပေါ်ဖိနှိပ်မှုဟာ
အင်မတန်မှ ပြင်းထန်ပါတယ်။ ဒီလို အခြေအနေမှာ ဒီမိုကရေစီအင်အားစုများကို
ပြတ်ပြတ်သားသား ထောက်ခံတဲ့ ပြည်သူတွေ ရှိသလို နှစ်ဖက်စလုံးကို
ဂရုမပြုနိုင်လောက်အောင် ပြင်းထန်တဲ့ ဖိနှိပ်မှုအောက်မှာ မွန်းကြပ်စွာ
ရုန်းကန်နေရပြီးေ၀၀ါးနေတဲ့ ပြည်သူတွေရှိတယ်ဆိုတာကိုလည်း
သတိပြုရပါလိမ့်မယ်။ တကယ်တော့ လူတိုင်းဟာ ဆင်းရဲငတ်မွတ်ခြင်းမှ
လွတ်မြောက်ချင်ကြတာ ဓမ္မတာပါ။ ဒါကြောင့်လည်း 'Hunger is a weapon'
ဆိုတဲ့ သဘောတရားကို အခြေခံပြီး နအဖဟာ သူတို့ရဲ့ အကျိုးစီးပွားမှာ
အသုံးချလို့ရပြီိဆိုရင် အရိုးအရင်းကို ချကျွေးဖို့ မနှမြောပါဘူး။
ဒီသဘောတရား အခြေခံပေါ်မှာပဲ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့ကို
တည်ဆောက်ထားတာပါ။ နောက် သတိပြုသင့်တဲ့ အချက်တခုက ပြည်တွင်းက
ပြည်သူအများစု(အထူးသဖြင့် မြို့ကြီးများမှာနေထိုင်တဲ့ လက်လုပ်လက်စား
အခြေခံလူတန်းစား)များဟာ DVB, BBC, RFA တို့ကို
နားထောင်နေကြတာမဟုတ်ပါဘူး။ နိုင်ငံရေးအသိစိတ်ဓာတ်ရှိသူများနဲ့
နိုင်ငံရေး အသိုင်းအ၀န်းနဲ့ နီးစပ်သူများသာ နားထောင်ဖြစ်ကြတာပါ။
အများစုက သတင်းတချို့ကိုသာ တဆင့်စကား တဆင့်ကြားကြတာပါ။ တကယ်တော့
သူတို့ဟာ နအဖ သတင်းစာလဲ ဖတ်ကြတာ မဟုတ်ပါဘူး။ ဒါတွေဟာ တကယ်ဖြစ်ပျက်နေတဲ့
Reality ပါ။ ဒါကြောင့် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
နအဖဟာ မြန်မာပြည်ကို ၁၈ နှစ်ကြာအောင် အုပ်ချုပ်လာတဲ့ အစိုးရတခုပါ။ ဒီ
၁၈ နှစ်တလျှောက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနဲ့
စဉ်ဆက်မပြတ် တွေ့ကြုံ နေရပါတယ်။ သို့သော်လည်း နိုင်ငံတခုကို
လည်ပတ်နိုင်တဲ့ Infrastructure တွေကို ပိုင်ဆိုင်
ချုပ်ကိုင်ထားနိုင်သေးလို့ သူတို့ဟာ အသက်ဆက်လည်ပတ်နိုင်နေသေးပါတယ်။
ဦးတည်ရန်သူ ဖြစ်တဲ့ ဒီမိုကရေစီအင်အားစုများကို
အနိုင်ယူချေမှုန်းရေးအတွက် နေ့စဉ် အလုပ်တခုအနေနဲ့
လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ၀န်ကြီးတွေ၊ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေရဲ့
နောက်မှာ နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို သုံးသပ်ဖို့
ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ 'think tank' တွေ ရှိတယ်ဆိုတာ
မေ့နေလို့မဖြစ်ပါဘူး။ နအဖဟာ ရန်-ငါ စည်းပြတ်ပါတယ်။ စစ်ဗိုလ်ချုပ်
တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အစိုးရဖြစ်တဲ့အတွက် ရန်သူရှိရင်
ချေမှုန်းရမယ်ဆိုတဲ့ အတွေးအခေါ် နဲ့ အလုပ်လုပ်ပါတယ်။ တပ်မတော်မှာ
သေနင်္ဂဗျူဟာတခုရှိပါတယ်။ အင်အားတခုရှိပြီး နယ်မြေ အခြေခံဒေသတခုကို
ချုပ်ကိုင်ထားတဲ့ ရန်သူကို ချေမှုန်းတဲ့နည်းပါ။ “မိမိအင်အားကို
ထိန်းသိမ်း၊ ဖြတ်လေးဖြတ်နဲ့ ရန်သူကိုဖြတ်၊ လုံးပါးပါးပြီး
ကိုယ့်ရဲ့ဂွင်ထဲဝင်လာတဲ့ ရန်သူကို အပိုင်ချေမှုန်း ရေး ဖြစ်ပါတယ်။
ဒီအချက်အကြောင်းအရာတွေ ရန်သူကို အထင်ကြီးစေချင်လို့ ရေးနေတာ
မဟုတ်ပါဘူး။ “ရန်သူကို အထင်မသေးရသလို ရန်သူကိုအထင်လည်း မကြီးရ”ပါဘူး။
သို့ပေမဲ့ ရန်သူရဲ့ သဘောသဘာဝကို နားလည်ထားရမယ်။ ရန်သူရဲ့ခြေ
ဘယ်လိုလှမ်းနိုင်မလဲဆိုတာ ခန့်မှန်းနိုင်ရမယ်။ ရန်သူ
ဘယ်လိုတွေးတတ်သလဲဆိုတာကိုလည်း လေ့လာရမယ်။ ရန်သူ အလုပ်လုပ်သလိုလည်း
ကျွန်တော်တို့ အလုပ်လုပ်ရပါလိမ့်မယ်။ သူတို့က တနေ့ (၁၀)နာရီ လုပ်ရင်
ကျွန်တော်တို့ တနေ့ (၁၂)နာရီ လုပ်ရမယ်။ သူတို့က တနေ့ (၁၂)နာရီလုပ်ရင်
ကျွန်တော်တို့ (၁၄-၁၅ )နာရီ လုပ်ရပါမယ်။ ကျွန်တော်တို့ လေ့လာရမယ်။
ဆွေးနွေးရမယ်။ တွေးတောရမယ်။ ရေးသားကြရမယ်။ အဲဒီလို အလုပ်လုပ်ဖို့
လိုအပ်နေတဲ့ အချိန်ရောက်နေပါပြီ။ နအဖစစ်အစိုးရ မကောင်းတာ၊ ဖိနှိပ်တာ
ပြည်သူတိုင်းသိပါတယ်။ ခံစားနေရပါတယ်။ ဒါကို တဆင့်ကျော်ပြီး
ဒီစစ်အာဏာရှင်စနစ်ကို ဘယ်လိုဖြိုဖျက်မယ်၊ ပြည်သူ့ဒီမိုကရေစီစနစ်ကို
ဘယ်လိုထူထောင်မယ်ဆိုတာကို အလုပ်လုပ်လို့ရမဲ့နည်းလမ်းတွေ ရှာရပါမယ်။ ဟို
way မှ ဒီ way မှ မဟုတ်ပါဘူး။ လုပ်လို့ရနိုင်သမျှ way တွေ နည်းလမ်းတွေ
အကုန်လုံးနဲ့ ဒီထုကြီးကို ဖြိုဖျက်ပစ်ရမှာပါ။ အတွင်းကလုပ်မှာလား၊
အပြင်ကလုပ်မှာလားဆိုပြီး စောင့်နေရမဲ့ အချိန် မဟုတ်တော့ပါဘူး။
အတွင်းအပြင် အပြန်အလှန်ကူညီလုပ်ဆောင်သွားရမဲ့ အချိန်ဖြစ်နေပါပြီ။
ဒီလိုအခြေအနေမှာ တတိယနိုင်ငံက အင်အားစုတွေကို အပြုသဘောအကြံပြု
တင်ပြချင်တာတခု ရှိပါတယ်။ မကြာခင်မှာဆိုရင်
ဒီမိုကရေစီတော်လှန်ရေးအထိမ်းအမှတ် နေ့များ အခမ်းအနားရာသီ
ရောက်လို့လာပါတော့မယ်။ မတ်လ ၁၃ ရက်နဲ့ ၁၆ ရက်၊ မေ ၂၇ ရက်၊ ဇွန် ၆၊ ၁၉
နဲ့ ၂၁ ရက်၊ ၇ ဇူလိုင်နဲ့ ၁၉ ဇူလိုင်၊ သြဂုတ် ၈ ရက်နဲ့ စက်တင်ဘာ ၁၈။
တကယ်တော့ ဒီနေ့ရက်များဟာ ခေတ်အဆက်ဆက် ဒီစစ်အာဏာရှင်ကို အန်တုစိန်ခေါ်
တော်လှန်ခဲ့တဲ့ ပြယုဂ်များဖြစ်သလို သူရဲကောင်းအာဇာနည်များစွာတို့
သွေးမြေကျခဲ့ရတဲ့ နေ့စွဲများလဲဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လဲ တတိယနိုင်ငံက ဒီမိုကရေစီအင်အားစုများဟာ အခမ်းအနားတွေ
ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြမှာပါ။
ဒီနေရာမှာ ကျွန်တော်တို့ တကယ်ကြုံတွေ့နေရတဲ့ အဖြစ်မှန်အခြေအနေကို
ပြန်လည် သုံးသပ်စေချင်ပါတယ်။ ဒီအခမ်းအနားတွေ၊ ဆန္ဒပြပွဲတွေကို
အင်အားဘယ်လောက် တက်ရောက်ပြီး၊ ဘယ်သူတွေ တက်ရောက်ကြတာလဲဆိုတာကိုပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် တချိန်တုန်းကတော့ ဒီလိုအခမ်းအနားတွေကို
အတိုင်းအတာတခုအထိ အင်နဲ့အားနဲ့ ပြုလုပ်နိုင် ခဲ့ကြပါတယ်။
ယခုလက်ရှိအခြေအနေမှာတော့ ဒီလို တတိယနိုင်ငံကြီးတွေမှာနေထိုင်တဲ့ မြန်မာ
နိုင်ငံသားဦးရေဟာ ပိုမိုများပြား တိုးလာပေမဲ့ အခုလိုအခမ်းအနားတွေကို
တက်ရောက်နေတဲ့ အင်အားကတော့ ကျဆင်းလို့လာပါတယ်။
တချို့အခမ်းအနားတွေမှာဆိုရင် လူ ၂၀ လောက် အင်အားရနိုင်ဖို့ကို
မနည်းစုစည်းနေရတာပါ။ အဲဒီမှာ ဖိတ်ထားတဲ့ နိုင်ငံခြားသား နိုင်ငံရေးသမား
၃၊ ၄ ယောက်လောက်ကလည်း ပါနိုင်သေးတယ်။ အဲဒီမြို့မှာ နေထိုင်နေတဲ့
မြန်မာနိုင်ငံသား ဦးရေကတော့ ၂ သောင်း၊ ၃ သောင်းလောက် ရှိပါတယ်။
ဒါတွေဟာ တနေရာတမြို့ထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေမဟုတ်ပါ။
မြန်မာအများစု အခြေချ နေထိုင်နေကြတဲ့ မြို့ကြီး တွေမှာ ဖြစ်နေတဲ့
reality ပါ။ အထိမ်းအမှတ်ပွဲတခုကို ကွဲနေကြတဲ့ အဖွဲ့အစည်းများစွာက
နေရာတွေခွဲပြီး ကိုယ့်အစီအစဉ်နဲ့ အပြိုင်အဆိုင်သဘောမျိုး ကျင်းပနေတာကလဲ
အင်အားကို ပြိုကွဲစေတဲ့ အကြောင်းအရာတခုပါ။ နောက်လူတွေမလာတာကိုလည်း
အပြစ်မပြော အပြစ် မတင်ပါနဲ့။ လူတွေလာအောင် မစည်းရုံးနိုင်တာ၊
မစည်းရုံးကြတာကသာ ကျွန်တော်တို့အတွက် ပြဿနာပါ။ အဲဒီလို အခမ်းအနားတွေကို
မျိုးဆက်သစ်လူငယ် ဘယ်နှယောက်များ လာခဲ့သလဲ။ ဒီလိုအကြောင်းတရားတွေကို
ကိုယ့်ကိုကိုယ်မညှာတမ်း ပြန်လည်စစ်ဆေးသင့်နေပါပြီ။
အခုဆိုရင် နိုင်ငံကြီးတွေမှာ အခြေချနေထိုင်နေကြတဲ့
မြန်မာနိုင်ငံသားများဟာ သိန်းချီ ရှိနေပါပြီ။ US, Canada, Australia,
Europe နဲ့ Singapore တို့မှာ မြန်မာနိုင်ငံသားတွေ အများကြီးပါ။
မြန်မာနိုင်ငံသား သိန်းဝန်းကျင်နေထိုင်ကြတဲ့ မြို့ကြီးတွေလည်း
ရှိပါတယ်။ တကယ်တော့ ဒါတွေဟာ အင်အားတွေပါ။ ဒီအင်အားတွေကို
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြည်တွင်းကို စီးဆင်းသွားစေနိုင်ပါတယ်။
သူတို့မှာလည်း ပြည်တွင်းမှာ မိသားစုတွေ၊ မိတ်ဆွေတွေ ရှိနေပါ သေးတယ်။
နောက် သူတို့ဟာ ဒီတတိယနိုင်ငံက နိုင်ငံရေးလှုပ်ရှားမှု
စည်းဝိုင်းထဲကသူများလို မဟုတ်ဘဲ ပြည်တွင်းကို အချိန်မရွေး
ဝင်ထွက်သွားလာနိုင်သူတွေပါ။ နောက် တတိယနိုင်ငံ များမှာရှိနေတဲ့ အဓိက
နိုင်ငံရေးလှုပ်ရှားမှုပုံသဏ္ဍာန်ကို ကြည့်မယ်ဆိုရင် Lobby လမ်းကြောင်း ဟာ
အဓိက ပုံသဏ္ဍာန်ဖြစ်နေပါတယ်။ Lobby လမ်းကြောင်းအပြင် တခြားသော ပုံသဏ္ဍာန်
ဖြစ်သော လှုပ်ရှားမှုများ၊ လမ်းကြောင်းများ၊ တတိယနိုင်ငံတွေမှာ
မရှိနိုင်၊ ပုံမပေါ်နိုင်ဘူးလား ဆိုတာကို စဉ်းစားစေချင်၊
သုံးသပ်စေချင်ပါတယ်။ တတိယနိုင်ငံက ခေါင်းဆောင်ကြီးများရဲ့
မိန့်ခွန်းများကို အခန်းတွေမှာ လာရောက်ပြီး နားထောင်ခိုင်းစေခြင်းထက်
မျိုးဆက်သစ်များ၊ တိုင်းပြည်အရေးကို တကယ်တမ်း စိတ်ပါဝင်စားသူများကို
သူတို့ကိုယ်တိုင် ပါဝင်အလုပ်လုပ်နိုင်၊ ဆွေးနွေးနိုင်တဲ့
လမ်းကြောင်းများကို ပုံဖော်ပေးခြင်းဖြင့် တတိယနိုင်ငံတွေမှာရှိတဲ့
ပြည်သူတွေ ရဲ့ ပိုမိုမြင့်တက်ပြီး အင်အားအဖြစ် စုစည်းလာစေနိုင်ပါတယ်။
ဒီ စုစည်းမှုများ၊ အင်အားများဟာ သူတို့ရဲ့ ပြည်တွင်းက မိသားစုများ၊
မိတ်ဆွေများမှတဆင့်ဖြစ်စေ၊ တခြားသော အမျိုးမျိုးသော
ပုံသဏ္ဍာန်များဖြင့်ဖြစ်စေ ပြည်တွင်းကို စီးဆင်းသွားစေနိုင်ပါတယ်။
နအဖစစ်အာဏာရှင်စနစ်ကို သူတို့နှင့် အကျိုးစီးပွား
အလွန်ဆက်နွယ်နေသူများမှလွဲ၍ မည်သည့်နိုင်ငံသားတိုင်းမှ မကြိုက်ပါ၊
မလိုလားကြပါ။ သို့သော်လည်း သာမန်မကြိုက်မလိုလား ရုံမျှမဟုတ်ဘဲ
ဒီစစ်အာဏာရှင်စနစ်ကြီး ချုပ်ငြိမ်းသွားပြီး ပြည်သူ့ဒီမိုကရေစီခေတ်
ထွန်းကား လာအောင် မြန်မာနိုင်ငံသားအားလုံးက တော်လှန်ရေးအသိ၊
တော်လှန်ရေးသတိရှိစွာ ‘အုတ်တချပ် သဲတပွင့်’ အနေဖြင့်ပါဝင်ပြီး
စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရမဲ့အချိန် ရောက်နေ ပါပြီ။ ဒါကြောင့်လည်း
ယခုလိုအခြေအနေ အချိန်အခါမျိုးမှာ တတိယနိုင်ငံတွေမှာရှိကြတဲ့
မြန်မာပြည်သူများရဲ့ အင်အားကိုလည်း မမေ့သင့်ပါကြောင်း ..။
x x x x x
ဏီသစ်
(၁၉.၂. ၀၇)
|