Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ဇွန်လ (၁၉) ရက်၊ BBC တွေ့ဆုံမေးမြန်းခန်းအပေါ် သဘောထားအမြင်

ကျော်ငြိမ်းမိုး           

ဒီဆောင်းပါးဟာ ကနေ့ မြန်မာနိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး၊ မဏ္ဍိုင်ပြုပြီး စဉ်းစားဆောင်ရွက်ချက်တွေဟာ ဘယ်လောက်မှန်ကန်မှု  ရှိ၊ မရှိဆိုတာနဲ့ ပတ်သက် ပြီး BBC ဆွေးနွေးခန်းမှာ တင်ပြသွားတဲ့ အမြင် (၂)ရပ်အပေါ် တုန့်ပြန်ရေးသားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဦးဆုံးအချက်ရဲ့ အယူအဆမှာ၊ နိုင်ငံတနိုင်ရဲ့ အဆောက်အအုံတခု၊ စံနစ်တခုကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ လူတဦးတယောက်ကို မဏ္ဍိုင်ပြုပြီး ဆောင်ရွက်တာဟာ မဖြစ်သင့် ဘူးဆိုတာဖြစ်ပြီး၊ ဒုတိယအချက်ကတော့ နိုင်င်ငံရေးကို ရှုထောင့်တခုထဲက မကြည့်ဘဲ အခြား ရှုထောင့်တွေဘက်က ပြောင်းကြည့်ဖို့ပါ။  ဆိုလိုတာက မြန်မာနိုင်ငံမှာ လက်ရှိတည်ဆဲဖြစ်နေတဲ့ အဆောက်အုံတွေကနေ လူမှုရေး၊ ပညာရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေ လုပ်ဖို့ဆိုတဲ့ အယူအဆပါ။ တကယ်တော့ ဒီအဆို (၂)ရပ်ကို ၀ိုင်းဝန်းသဘောတူသူတွေ မြန်မာ့နိုင်ငံရေးမှာ မနည်းလှဘူးဆိုတာလည်း မြင်ကြည့်နိုင်ပါတယ်။ 

ပထမအချက်ဖြစ်တဲ့ လူကို မဏ္ဍိုင်ပြုပြီး နိုင်ငံတခုကို ပြပြင်ပြောင်းလဲတာဟာ မဖြစ်သင့် ဘူးဆိုတဲ့ အယူအဆဟာ တကယ်တော့ ဘာမှငြင်းပယ်စရာအကြောင်းမရှိတဲ့ သဘောတရား တရပ်ပါ။ ကျောင်းသားတပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့  ရဲဘော်လက်စွဲကို တခေါက်လောက် ဖတ်ကြည့်မယ်ဆိုရင်ပဲ ကျနော်တို့ဟာ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ တနယ်စား၊ တပိုင်စားဝါဒတွေနဲ့ လုပ်ဟန် တွေကို ဆန့်ကျင်တိုက်ဖျက်ထားတာ တွေ့ရပါလိမ့်မယ်။ ဒီလို လူပုဂ္ဂိုလ်တဦးတယောက်ကို အမှီပြု တဲ့ သူရဲကောင်းဝါဒမျိုးဟာ မြန်မာနိုင်ငံရေးမှာ မရှိသင့်တော့တဲ့ မှားယွင်းသော အယူစွဲလန်းမှု တခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ 

သို့သော် ဒီသဘောတရားကို  ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေးကို ယှဉ်ပြီး ပြောလာမယ်ဆိုရင်တော့ မမှန်ပါဘူး။ မြန်မာပြည်သူတွေ ဒေါ်စုကိုဝိုင်းပြီး ရပ်တည်ပေးနေတာဟာ “အောင်ဆန်းစုကြည်” ဆိုတဲ့ နာမ်ပုဒ်ကြောင့်တော့ မဟုတ်ပါ။ သူမရဲ့ အတွေးအခေါ်ဖြောင့်မတ်မှု၊ ရပ်တည်ချက် မှန်ကန်မှုနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကိုပါ။  ဒေါ်စုရဲ့အသံကို နားထောင် ကြည့်ပါ။ ပြည်သူရဲ့ ခံစားချက်နဲ့ ဆန္ဒ၊ ပြည်သူရဲ့ လက်ရှိပကတိ တွေ့ကြုံဖြတ်သန်းနေရတဲ့ အခက်အခဲ၊ ပြည်သူရဲ့သဘောထားအမြင်တွေကို ရှင်းရှင်းလေး ထင်ဟပ်နေတာ မြင်ရ၊ ကြားရပါ လိမ့်မယ်။ မတရားတာကို မတရားကြောင်းပြောရမယ်၊ မတရားသဖြင့်ခိုင်းစေတာကို ငြင်းဆန်ဖို့ မကြောက်ရဘူး၊ တရားသဖြင့် နေထိုင်ပြုမူဆက်ဆံရမယ်လို့ ပြည်သူကို အကြံပြုတဲ့ ဒေါ်စုဟာ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ ကြီးကျယ်ခန့်ညားတဲ့ သတ္တိပါ။ ဒီသတ္တိနဲ့  ပြည်သူဟာ အင်အား ရှိပါတယ်။ ဒီအင်အားနဲ့ပဲ ပြည်သူဟာ ဖောက်ပြန်ဆိုးညစ်တဲ့ ခေတ်၊ စံနစ်တခုနဲ့ လူမှုအဆောက် အအုံတခုကို ပြောင်းလဲဖို့ ဒေါ်စုနဲ့ အတူရပ်ခဲ့ကြတာပါ။ ဒီလို ဒေါ်စုနဲ့ပြည်သူ၊ ပြည်သူနဲ့ဒေါ်စု ခွဲခြားမရအောင် ချစ်ခင်ရင်နှီးမှု၊ အပြန်အလှန် အမှီသဟဲပြုမှု၊ ကြာလာတဲ့အခါ တချို့က မြန်မာ့ နိုင်ငံရေးဟာ ဒေါ်စုကို ဗဟိုပြုပြီးလုပ်နေတာ၊ ဒေါ်စုမပါရင်မပြီးဘူးဆိုတဲ့ အမြင်မျိုးတွေ ဝင်ရောက်လာတဲ့ အထိပါ။ ကနေ့မြန်မာနိုင်ငံရေးပြဿနာကို မြန်မာတနိုင်ငံလုံးနဲ့ စစ်အာဏာရှင် စံနစ်ကြား ဖြစ်နေတဲ့ ပြဿနာအဖြစ် မမြင်တော့ဘဲ ဒေါ်စုနဲ့ ဗိုလ်သန်းရွှေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖကြားဖြစ်နေတဲ့ ပြဿနာအဖြစ် ပြောင်းမြင်သွားတဲ့ အဆင့်ထိပါ။ 

ဒီတော့ ကျနော်တို့အနေနဲ့ မေးခွန်းထုတ်စရာရှိလာတာက ပြည်သူနဲ့ဒေါ်စုကို စစ်ထုတ်ဖို့ ပါ။ ဆိုလိုတာက ပြည်သူက ဒေါ်စုကို တကယ်ပဲ ပုဂ္ဂိုလ်စွဲထားနေသလား၊ သူရဲကောင်းအဖြစ် ကိုးကွယ်နေတာလားဆိုတာပါ။ ဆိုပါစို့၊ ကနေ့ ဒေါ်စုဟာ မတရားမှုတွေကို မျက်ကွယ်ပြုပြီး၊ ပြည်သူရဲ့သဘောထား ခံစားချက်နဲ့ မညီညွတ်တဲ့ အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုတွေ ပြုလုပ်လာမယ်ဆိုရင် ဒေါ်စုရဲ့အခန်းကဏ္ဍာဟာ မြန်မာ့နိုင်ငံရေးမှာ ဘာဖြစ်သွားမလဲ။ ရှင်းနေ တာပဲ။ ဒေါ်စုကို ပြည်သူထောက်ခံမှု ရှိမှာမဟုတ်တာကတော့ သေချာပါတယ်။ မြင်သာအောင် ပုံဖော်ရရင် ကနေ့ မြန်မာနိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်ရတာဟာ တော်လှန်မှုတွေ၊ ဆန့် ကျင်မှုတွေရှိနေလို့၊ အဲ့တော့ တော်လှန်ဆန့်ကျင်မှုတွေမရှိတော့ရင်၊ ဖိနှိပ်ချုပ်ချယ်မှုတွေလည်း မရှိတော့ဘူးဆိုတဲ့ ဒီနေ့လို ယဉ်ကျေးတိုးတက်တဲ့ လူ့ဘောင်အဖွဲ့အစည်းတခုဆီရောက်အောင် ပြုပြင်ပြောင်းလဲလာခဲ့ကြသူများကိုပဲ မှားနေသလို၊ မတရားနေသလို ဒေါ်စုကပြောလာမယ်ဆိုရင် သေချာပါတယ်၊ ဒေါ်စုကို လူလက်ခံဖို့ ဖြစ်နိုင်မယ်မထင်ပါဘူး။ 

မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ စစ်အာဏာရှင်စံနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှု တွေ၊ မတရားမှုဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုများဟာ ဒေါ်စု မြန်မာပြည်မှာမရှိစဉ်ကတည်း က ရှိနေခဲ့တယ်ဆိုတာကိုတော့ နအဖရော၊ နအဖလက်ဝေခံတွေပါ မမေ့သင့်ပါဘူး။ ဒါကိုပဲ ထိုပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည် ကျဆုံးသွားရင်၊ NLD ကျဆုံးသွားရင် လက်ရှိတည်ရှိ နေတဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ခေတ်စံနစ်ကို ပြုပြင်ပြောင်းလဲတဲ့ လှုပ်ရှားမှုတွေပါ သူတို့နဲ့ အတူတပါတည်း ကျဆုံးသွားပြီလို့  ယူဆလိုက်မယ်ဆိုရင်တော့ လူ့ရာဇ၀င်မှာ အကြီးကျယ်ဆုံး သော မှားယွင်းမှုတခုကို ကျူးလွန်လိုက်တာပဲလို့ မှတ်တမ်းတင်ရမှာပဲ။ သေချာတာတခုက ဒေါ်အောင်ဆန်းစုကြည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျနော်တို့တိုင်းပြည်မှာ စစ်တပ်အုပ်ချုပ်နေသမျှ၊ စစ်တပ်ကို ဗဟိုပြု၊ မဏ္ဍိုင်ပြုပြီးဆောင်ရွက်နေသမျှ ကျနော်တို့ မြန်မာပြည်သူတွေ တရားသဖြင့် ရသင့်ရထိုက်တဲ့ ဝေစုကို တရားသဖြင့် မရရှိသရွေ့ကတော့ ပြဿနာဆိုတာ တက်နေမှာပဲ။ အခုလည်းတက်မယ်၊ နောင်လည်းတက်မယ်ဆိုတာ နအဖရော၊ နအဖလက်ဝေခံတွေပါ သဘောပေါက်ပါ။ 

နှစ် ၆၀ ဆိုတာ လူ့ရာဇ၀င်သမိုင်းကို ကျောက်နံရံများနဲ့ ကျောက်ဂူများမှာ ထွင်းထု မှတ်တမ်းတင်တဲ့ အချိန်ကစလို့ ကနေ့အချိန်ထိ ဆုံးရှုံးနေတဲ့ အခွင့်အရေးများကို တောင်းဆို တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးများရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် နှစ် ၆၀ ဆိုတာ နှစ်ပေါင်း ၃၀၀ ကျော်ကြာအောင် အခုထိလည်း ဆက်လက်တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့၊ အမေရိကန်နိုင်ငံက လူမဲတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကာလနဲ့ ယှဉ်လိုက်ရင် ဘာမှ ပြောပလောက်စရာ အကြောင်းတော့မရှိပါဘူး။ ကျနော်တို့ လေ့လာထားရမှာက ဒီမိုကရေစီ ဆိုတာ လူသားမျိုးနွယ်ဆက်လိုက် ရုန်းကန်ကြိုးပမ်းရတဲ့ ဖြစ်စဉ်တခုဆိုတာပါပဲ။ စစ်အာဏာရှင် ကြီးစိုးတဲ့နိုင်ငံမှာဖြစ်စေ၊ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံမှာဖြစ်စေ၊ ပြည်သူတွေဟာ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရးများကို စဉ်ဆက်မပြတ် နည်းမျိုးစုံနဲ့ တောင်းဆိုတိုက်ပွဲဝင် ယူနေရတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ 

ချုပ်ပြီးဆိုရရင် ကနေ့မြန်မာနိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ဗဟိုပြုပြီး ဆောင်ရွက်နေတာထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြောင့်မတ်တဲ့ အတွေးအခါ်၊ တည်ကြည်တဲ့ သဘောထား၊ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု အပေါ် မဏ္ဍိုင်ပြုပြီး ဆောင်ရွက်နေတာဆိုရင် သေချာပေါက် မှန်ကန်မှုရှိပါလိမ့်မယ်။ သူမရဲ့အဖေ ဦးအောင်ဆန်းလို အင်္ဂလိပ်ထံက လွတ်လပ်ရေးကို စကားပြောယူလို့ရတဲ့ အခြေအနေရှိရင် စကားပြောယူမယ်။ ဒါမှမဟုတ် တိုက်ယူမှရမယ်ဆိုရင်လည်း တိုက်ပြီးယူမယ်ဆိုတဲ့ ရပ်တည်ချက် မျိုးကို လွန်ပြီးခေတ်မြန်မာပြည်သူများ ထောက်ခံခဲ့သလိုပါ။

ဒုတိယအချက်မှာတော့ နိုင်ငံရေးကို ရှုထောင့်တခုတည်းက မကြည့်ဘဲ အခြားရှုထောင့် များကလည်း ကြည့်ဖို့လိုတယ်ဆိုတဲ့ အယူအဆပါဝင်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးစကား မပြောဘဲ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လက်ရှိ စစ်အာဏာရှင် စံနစ်အောက်မှာ တည်ဆဲဖြစ်တဲ့ အဆောက်အအုံတွေကနေ ဆောင်ရွက်သွားဖို့ပါ။ 

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဖူးတဲ့ စကားတခွန်းကို မှတ်သားဖူးပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူရော၊ မူပါ (၂) မျိုးစလုံး အရေးကြီးတယ်ဆိုတဲ့ အချက် ပါ။ အဲတော့ ကျနော်တို့နိုင်ငံမှာ အခုလိုလုပ်ငန်းမျိုးတွေလုပ်ဖို့အတွက် မူကောင်းသလားလို့ ကြည့်ရအောင်။ မူက စစ်အာဏာရှင်စံနစ်။ စစ်အာဏာရှင်စံနစ်ဆိုတာ စစ်တပ်ကိုဗဟိုပြုပြီး စစ်တပ်ကြီးထွားအောင်၊ စစ်ဗိုလ်ချုပ်တွေ ရေရှည်အာဏာတည်မြဲပြီး သူတို့ပဲ ချမ်းသာအောင် လုပ်တဲ့ စံနစ်။ သူတို့ရဲ့ အာဏာတည်မြဲမှုနဲ့ ကိုယ်ကျိုးစီးပွားအတွက် ကျန်သူများရဲ့လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ဖိနှိပ်ချုပ်ချယ်ကန့်သတ်ထားတဲ့ စံနစ်။ လူတွေအားလုံးကို အထက်ကအစ အောက်ခြေ အဆုံး ခိုးပြီးမှစားရအောင်၊ ခိုးတတ်အောင်၊ အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးထားတဲ့ မူနဲ့ စံနစ်ဆိုတော့ မူမကောင်းဘူး။ 

မူမကောင်းလို့ လူနဲ့ ပြင်မယ် (ဥပမာ- တရုတ်တို့၊ ဗီယက်နမ်တို့လိုပေါ့ဗျာ)။ လူကောင်း သလားလို့ ကြည့်ပြန်တော့ လူလည်း မကောင်းပြန်ဘူး။ ငါ့အာဏာတည်မြဲရေး၊ ငါချမ်းသာရေး၊ ငါ ရှင်သန်တည်မြဲရေးဆိုတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသတွေနဲ့ လွှမ်းမိုးနေတဲ့ စစ်ဗိုလ်ချုပ်တွေပဲ နအဖရဲ့ ထိပ်ဆုံးကုလားထိုင်များမှာ နေရာယူထားတာ တွေ့ရပါလိမ်မယ်။ တကယ် တိုင်းပြည်ကို ချစ်ပြီး ဖြောင့်မတ်တည်ကြည်တဲ့ သဘောထားနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံလိုတဲ့ စစ်သားများ၊ ကနေ့မြန်မာစစ်တပ်မှာ နေရာမရနိုင်ဘူးဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ 

ဆိုတော့ အဲသလို လူရောမူပါမကောင်းတဲ့ နိုင်ငံမှာရှိတဲ့ တည်ဆဲအဆောက်အအုံတွေ ဆိုတာ ဘယ်လိုအဆောက်အအုံမျိုးဖြစ်မလဲ။ ဖောက်ပြန်တဲ့ အဆောက်အအုံတွေပဲဖြစ်မှာပါ။ ဖောက်ပြန်တဲ့ အဆောက်အအုံတွေကို အခြေပြုပြီးဆောင်ရွက်တဲ့ လူမှုရေး၊ ပညာရေး၊ စီပွားရေး ပြုပြင်ပြောင်းလဲမှုတွေက ထွက်ပေါ်လာမဲ့ ရလဒ်တွေကလည်း ဖောက်ပြန်ပုတ်သိုးပြီး အသုံးပြု မရတဲ့၊ ပိုပြီးဆိုးမှာက ပြည်သူကို အဆိပ်ဖြစ်စေတဲ့ ရလဒ်မျိုးပဲ ဖြစ်မှာပါ။ 

အဲတော့ ကျနော်တို့က တကယ်ပဲ တိုင်းပြည်ကို တိုးတတ်ဖွံ့ဖြိုးစေချင်တယ်၊ နိုင်ငံရဲ့ ထောင့်အသီးသီး၊ နေရာအသီးသီးမှာရှိတဲ့ နိုင်ငံ့အဆောက်အအုံတွေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင်တော့ နိုင်ငံရေးစကား မပြောလို့ မရပါဘူး။ "Politics is civilization activities – Politics is necessary to resolve the conflicts in three areas which are scarcity, individual beliefs and values, and society goals လို့လည်း လေ့လာဘူးပါတယ်။ ဆိုတော့ ကျနော်တို့က စစ်တပ်ကို စားပွဲဝိုင်းမှာ ခေါ်ထိုင်ခိုင်းပြီး ရှင်းရှင်းလေး အသိပေးရပါမယ်။ စစ်တပ် ဖယ်ပေးပါ။ ဒီတိုင်းပြည်မှာ စစ်တပ်အာဏာ မဖယ်ပေးသရွေ့ ပြဿနာတွေတက်နေမယ်။ ပြဿနာတွေ တက်နေတယ်ဆိုတာ မြန်မာပြည်ကြီး ပြုတ်ပြုတ်ပြုန်းအောင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာနဲ့ အတူတူပဲဆိုတာ အရှိကိုအရှိအတိုင်း စစ်တပ်ကို ရှင်းရှင်းလေး အသိပေး ရပါမယ်။ ဒီလို စားပွဲဝိုင်းမှာထိုင်ပြီး စစ်တပ်ကို အသိပေးဖို့ဆိုတာကလည်း စစ်တပ်က ကိုယ့်ကို လေးစားလောက်ရတဲ့ အနေအထားရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့  ဆောင်ရွက်မှုတွေကို ဗဟိုပြုပြီး၊ ပြည်သူတွေ အင်အားရှိလာအောင် ၀န်းဝိုင်းကူညီပံ့ပိုးဖို့ကလွဲပြီး ကျနော်တို့မှာ အခြားရွေးချယ်စရာ၊ တနည်းပြောရရင် ပြောင်းကြည့်စရာ ရှုထောင့် မြန်မာ့နိုင်ငံရေး မှာ မရှိကြောင်းပါ။

                                    ။                       ။                       ။

အနိမ့်ဆုံးအဆင့်ဗျာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ လူတန်တဲ့ လူတယောက် ဖြစ်တယ်ဆိုတာလောက်တော့ ခေါင်းညိတ်နိုင်မယ်လို့  ယုံကြည်တယ်။

x x x x x 

မှတ်ချက်။      ။ဒီဆောင်းပါးမှာ အခြေခံတဲ့ အဆို ၂ ရပ် ဆိုတာ ဒေါက်တာဇာနည်ရဲ့အဆိုဖြစ်ပါတယ်။

ကျော်ငြိမ်းမိုး

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org