|
အာဏာအတွက် အာဃာတမုန်တိုင်း
ကေတီဦး
မြန်မာပြည်ရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ
၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန်
တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးကို တော့ တကမ္ဘာလုံးက သိခဲ့ကြပါတယ်။
လူပေါင်းတသိန်းခွဲလောက် သေကျေပျက်စီးခဲ့ပြီး လူ သန်းနဲ့ချီ
အိုးမဲ့အိမ်မဲ့ဖြစ်၊ ဒဏ်ရာအနာတရဖြစ်၊ စီးပွားဥစ္စာပစ္စည်းတွေ
ဆုံးရှုံးမှုဖြစ်ခဲ့ကြရတာမို့ မြန်မာပြည်သူပြည်သားတွေအားလုံး
အထိတ်တလန့်ဖြစ်ပြီး စိတ်နှလုံး
ညှိုးနွမ်းခဲ့ကြရပါတယ်၊။
ဒါကို ကမ္ဘာကသိကြလို့လဲ ဝိုင်းဝန်းကူညီခဲ့ကြတယ်။ ဖေးမခဲ့ကြတယ်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ
ကိုယ်ချင်းစာစိတ်တွေနဲ့ ပါဝင်ခဲ့ကြ တယ်။
အဲဒီ နာဂစ်မုန်တိုင်းလိုပဲ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို
အထိတ်တလန့် ဖြစ်စေပြီး ကြေကွဲဝမ်းနည်းစေခဲ့တဲ့ နောက်ထပ် မုန်တိုင်းတခု
မြန်မာပြည်ထဲမှာ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထဲမှာ တိုက်ခတ်ခဲ့သေးတယ်ဆိုတာကိုတော့ ကမ္ဘာကြီးက
ဘယ်လောက်သိနိုင်ခဲ့ သလဲဆိုတာ မပြောနိုင်ပါဘူး။ အဲဒီမုန်တိုင်းကတော့
မြန်မာပြည်အလယ်ပိုင်း ကြပ်ပြေးနေပြည် တော်မှ စစ်ဗိုလ်ချုပ်ကြီးတွေဆီက
ဒီမိုကရေစီ လိုလားသူ၊ နိုင်ငံရေး တက်ကြွနိုးကြားသူတွေ အပေါ် အငြှိုးတကြီး
တိုက်ခတ်ခဲ့တဲ့ အာဃာတမုန်တိုင်းကြီးပါပဲ။
နိုဝင်ဘာလ တလလုံးလိုလိုပါပဲ။ အစောပိုင်းမှာ တနှစ်ကျော်ကြာ အကြောင်းမဲ့
ဖမ်းဆီး ထားခဲ့တဲ့ ဒီမိုကရေစီလိုလားသူ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ
ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ အမှုတွေကို လိုက်ပါ
ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးဆောင်ရှေ့နေတွေကို အပြစ်မရှိ အပြစ်ရှာ
ထောင်ချခဲ့ကြတယ်။ ယခင့်ယခင်တုန်းက တရားခံဖြစ်သွားသော ရှေ့နေဆိုတာ
ကြားသာကြားဖူးခဲ့ပြီး မကြုံဖူးခဲ့ဘူး။ မြန်မာစစ်အစိုးရလက်ထက်မှာတော့
ဒါဟာ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ ရှေ့နေတွေကို
ဖမ်းဆီးထောင်ချတာဟာ စစ်အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ်
စီမံကိန်းချ ဖိနှိပ်မှုရဲ့ အစပါ။
ရှေ့နေတွေကို အရင်ဆုံး ဖြုတ်ထုတ် ထောင်ချပြီးမှ ၈၈ မျိုးဆက်
ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို တရားရုံးကို
မထီမဲ့မြင်ပြုတယ်လို့
မတရားစွပ်စွဲပြီး ထောင် ၆ လ ချကာ မအူပင်ထောင်ကို ရုတ်တရက်ကြီး
ပြောင်းရွှေပစ်ခဲ့တယ်။
ပြီးတော့ အများပြည်သူရဲ့ မျက်ကွယ်၊ မိသားစုတွေရဲ့ မျက်ကွယ်၊
တ၇ားရုံးမှာမဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမျတ်ခဲ့တယ်။
ချမျတ်လိုက်တဲ့ ပြစ်ဒဏ်ကလဲ တရားလက်လွတ်၊ လူသားချင်းမစာမနာ၊ အကြင်
နာတရား ဆိတ်သုဉ်း၊ အမုန်းတရားကို ရှေ့တန်းတင်၊ သေချင်သလိုသာ သေကြစေ
ဆိုတဲ့ သဘောထားမျိုးနဲ့ တယောက်တယောက်ကို ချလိုက်တဲ့ ထောင်ဒဏ်က ၆၅
နှစ်စီတဲ့။
တကယ်ပဲ အပြစ်ရှိကြတယ် ဆိုကြပါဦးတော့၊ ဖြစ်သင့်တာက
အများဆုံးပြစ်ဒဏ်ထဲမှာ အနည်းငယ်သော ပြစ်ဒဏ်တွေ အကျိုးဝင်ပြီး
တပေါင်းတစီးထဲသာ ကျခံစေရမှာပါ။ အခုတော့ ပြစ်ဒဏ်တိုင်း အတွက်
တသီးတခြားစီ ကျခံစေခဲ့တယ်။ အမှုတွေကလဲ ကြံဖန်လုပ်ကြံလီဆယ်ထားတဲ့
အမှု တွေ။ ဒါတင်မကပါ။ ၈၈ အုပ်စုတခုလုံးကို ရန်ကုန်၊
အင်းစိန်ထောင်မှာမထားတော့ဘဲ မိဘ ဆွေမျိုးများနဲ့
ဝေးကွာလှတဲ့ မြန်မာပြည် အစွန်အဖျားက အကျဉ်းထောင်တွေဆီ လူစုခွဲ
ပို့ပစ်ခဲ့ ပြန်တယ်။
ထို့နည်းအတူပါပဲ၊ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တဲ့ ဆရာတော်
အရှင် ဂမ္ဘီရနဲ့ သူ့ရဲ့ နောက်လိုက်သံဃာတော်တွေကိုလဲ ကိုယ်စီ ကိုယ်စီ
နှစ်ရှည်ထောင်ဒဏ်တွေ ချ
မှတ်ခဲ့ပြန်တယ်။
အရှင်ဂမ္ဘီရကိုချမှတ်တဲ့ ထောင်ဒဏ်က ၆၈ နှစ်တဲ့။ ဒါဟာ အများပြည်သူအကျိုး
အတွက် မေတ္တာပို့ခဲ့တဲ့ သံဃာတော်တပါးအပေါ်
ရက်စက်စွာ
ချမှတ်ခဲ့တဲ့ လုပ်ရပ်ပါပဲ။ အခြား သော ထိပ်တန်း
နိုင်ငံရေးတက်ကြွနိုးကြားသူ ရာဂဏန်းလောက်ကိုလဲ နှစ်ရှည်ထောင်ဒဏ်
အသီးသီးနဲ့အတူ တိုင်းပြည်ရဲ့ အစွန်အဖျားဒေသတွေဆီကိုပို့တဲ့
ပြစ်ဒဏ်ကိုပါ နောက်ဆက်တွဲ ချမှတ်တဲ့ လုပ်ရပ်တွေကို
ဆက်တိုက် ကျူးလွန်ပြန်ပါတယ်။ အဲဒီလိုပို့တဲ့အခါမှာလဲ မိသားစု
ဆွေမျိုးသားချင်းတွေကို လုံးဝ အကြောင်းကြားသိရှိစေခြင်း မရှိ။ သူတို့ပို့ချင်သလို
ပို့မယ်၊ စီမံ ချင်သလို စီမံမယ်၊ တို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့
ဥပဒေလက်လွတ်၊ တိုင်းသူပြည်သားများကို မထီမဲ့မြင်ပြု၊
ထင်ရာစိုင်းပြီး ရိုင်းချင်တိုင်းရိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့
လုပ်ရပ်ဟာဖြင့် သမရိုး ကျ သဘောမျိုးကို မဆောင်တော့ဘဲ အငြှိုးအတေး
အာဃာတကို အခြေခံနေတဲ့ သဘောမျိုး သာဖြစ်လို့ ဒီလုပ်ရပ်ကို
အာဃာတမုန်တိုင်းလို့ပဲ
ခေါ်ဆိုပါရစေ။
အမှန်တကယ်တော့ မြန်မာပြည်က ဒီမိုကရေစီလိုလားသူတွေဟာ ဘာအပြစ်မှ လုပ်ခဲ့
ကြတာ မဟုတ်ပါဘူး။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ အုပ်စုက
လောင်စာဆီဈေးတက်လို့ အများ ပြည်သူတွေရဲ့ သွားလာ သယ်ယူ
ပို့ဆောင်စရိတ်စကတွေ တက်သွားတဲ့အခါ ဘတ်စ်ကားခ ကြီးမြင့်မှုကြောင့်
လမ်းလျှောက်နေရတဲ့ ပြည်သူကို ကိုယ်စားပြုပြီး လမ်းမပေါ်ထွက် လမ်း
လျှောက်ရုံမျှသာ ဖြစ်ပါတယ်။
အရှင်ဂမ္ဘီရနဲ့ သံဃာတော်တွေကလဲ စားဝတ်နေရေးပြေလည်ရေး၊ အမျိုးသားပြန်လည်
သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးအတွက် မေတ္တာပို့
ဆုတောင်းခဲ့ကြရုံမျှ သာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုလုပ်ပြီး
ဤမျှကြီးလေးလှတဲ့ နှစ်ပေါင်းများလှစွာသော ထောင် ဒဏ်တွေကို
ပေးအပ်ခဲ့တယ်ဆိုတာ စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်ရပါတယ်။ ပြည်သူလူထု
အားလုံးက မြန်မာစစ်အစိုးရရဲ့ ဒီလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ် ကြေကွဲဝမ်းနည်းခဲ့ကြရ
ပါတယ်။
ဒီဖြစ်ရပ်တွေရဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့
လူတွေရဲ့ အခြေခံ အခွင့်အရေးအတွက် ပါးစပ်နဲ့ တောင်းဆိုခဲ့ကြရုံမျှပါပဲ။
ဒါပေမဲ့ ပါးစပ်ပဲပါတဲ့ လူကို သေနတ်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက
ငါတို့ရဲ့ အာဏာကို မထိပါးနဲ့၊ ထိပါးလာရင် ဒီလို ခံရမယ်လို့ တမင်သက်သက်
အာဏာပြ ထင်တိုင်းကျဲပြီး ခြိမ်းခြောက်နေတာပါပဲ။ ဒီလို အငြှိုး
အတေးတွေနဲ့ နိုင်ငံရေးတက်ကြွသူတွေအပေါ် အာဃာတမုန်တိုင်းဆင်နေတဲ့
နအဖစစ်အစိုးရက ၂၀၁၀ ခု ရွေးကောက်ပွဲကို တရားမျှတစွာ လုပ်မယ်ဆိုတာကို
ဘယ်လိုလုပ်ပြီး ယုံကြည်ကြရမှာ လဲ။ သူတို့ရဲ့
လမ်းပြမြေပုံ (၇) ချက်ဆိုတာလဲ မြန်မာနဲ့ ကမ္ဘာကို လိမ်လည်ဖို့
ကြိုးစားမှု အစီအစဉ်ကြီးတရပ်သာ ဖြစ်တယ်ဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေပြီ
ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့
နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေအပေါ် အင်အားပြင်းပြင်း၊ ကြမ်းကြမ်းတမ်းတမ်း
တိုက်ခတ်ခဲ့တဲ့ ဖိနှိပ်မှုမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရေးသမား
မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်နေကြရတယ်ဆိုတာ ရန်ကုန်မြို့က
နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန်တောရ
ထောင်ဘူးဝကို လာကြည့်ရင် သိမြင်နိုင်မှာဖြစ်ပါတယ်။ အာဃာတမုန်တိုင်းရဲ့
ဗဟိုချက်မဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ထောင်ချခံရပြီးနောက်
ဘယ်အရပ် ဘယ်
ဒေသသို့
အပို့ခံရမှန်းမသိလို့ သားပျောက်ရှာနေတဲ့ အသက် ၈၀ ဝန်းကျင် အမေတွေ၊ သမီး
ပျောက်ရှာနေတဲ့ အဖေတွေ၊ အဖေပျောက်ရှာနေတဲ့ သားသမီးတွေ၊
အစ်ကိုပျောက်ရှာနေတဲ့ နှမလေးတွေ၊ ခင်ပွန်းပျောက်ရှာနေတဲ့ ဇနီးသည်တွေကို
တွေ့မြင်နိုင်ပါတယ်။
တချို့ဇနီးသည်တွေဆိုရင် ကိုယ်ဝန်အရင့်အမာနဲ့။ တချို့လဲ
ရင်ခွင်ပိုက်ကလေးငယ်ကို လက်ဆွဲလို့။ သူတို့အားလုံးဟာ မုန်တိုင်းနဲ့အတူ
လွင့်ပါပြီး ဘယ်ကိုပို့လို့ ဘယ်ကိုရောက်သွားမှန်း မသိရတဲ့ သူတို့ရဲ့
မိသားစုဝင်တွေကို နံနက်မိုးလင်းက မိုးချုပ်တဲ့အထိ
သတင်းကြားရနိုးနိုးနဲ့ စောင့်စားရင်း အချိန်ကုန်နေကြရတယ်။ ကိုယ့်သား၊
ကိုယ့်သမီး၊ ကိုယ့်အစ်ကို၊ ကိုယ့်မောင်၊
ကိုယ့်ခင်ပွန်းကို မြင်တွေ့ရနိုးနိုး စောင့်စားရင်းနဲ့
ထောင်ဘူးဝရှေ့မှာ ထမင်းထုပ်ကလေး ဆွဲသူ လဲ ဆွဲလို့။
သောက်ရေသန့်ဗူးလေးကိုင်ရင်း ဟိုအရိပ် ခိုရတော့မလို၊
ဒီအရိပ်မှာ နားရတော့မလို။ ပြီးတော့ ဟိုသတင်းက အမှန်လား။ ဒီသတင်းက
အတည်လား။ ဘာမှ ရေရေရာရာမရှိလှတဲ့ အခြေအနေကြားမှာ သိပ်ကို
ပင်ပန်းနွမ်းနယ်နေကြပါပြီ။
ဒီအခြေအနေအမှန်ကို ကမ္ဘာတဝှမ်းက ဘယ်အတိုင်းအတာအထိ သိနိုင်ကြားနိုင်သလဲ
တော့ မသိနိုင်ပါ။ မြန်မာပြည် ရန်ကုန်မြို့က အင်းစိန်တောရမှာတော့ နအဖစစ်အစိုးရရဲ့
အာဃာတမုန်တိုင်းကြီးဟာ ကြမ်းကြမ်းတမ်းတမ်း၊
ရိုင်းရိုင်းစိုင်းစိုင်း ဆက်လက်တိုက်ခတ်နေ
ဆဲပါ။
◊◊◊◊◊ |