Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

အဆင့်တိုင်းမှာ ရင်ဆိုင်ကြစို့

ဗသြ

            ဂမ်ဘာရီ တပ်ခေါက်သွားပြီ။

            နအဖ ဘာတွေစဉ်းစားပြီး လုပ်နေတယ်ဆိုတာ ပေါ်သထက်ပေါ်လွင်လာပြီလို့ ပြောနိုင် တယ်။ သူတို့အနေနဲ့ ဂမ်ဘာရီမကလို့ ဘန်ကီမွန်းလည်း ဂရုမစိုက်ဘူးလို့ ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ပြလိုက်ပြီပဲ။ နအဖဟာ ကုလသမဂ္ဂကို ဗြောင် စိမ်ခေါ်လိုက်ပြီလို့တောင် ပြောနိုင်တယ်။ ဒါဟာ သူတို့အနေနဲ့ နိုင်ငံရေးနယ်ပယ်၊ နိုင်ငံတကာနယ်ပယ်မှာ နတ်နေကိုင်းမထားတော့ဘူး၊ အပြတ်လုပ်တော့မယ်လို့ သဘောထားဖော်ပြနေတာဖြစ်တယ်။ စာပွဲဝိုင်းမှာ တွေ့ဆုံစကားပြော ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့သာမက တနိုင်ငံလုံး၊ တကမ္ဘာလုံးနဲ့ပါ ဖျက်သိမ်းလိုက်ပြီလို့ ဆိုလိုက်တာပဲ။

            ဒါတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့အရေးအခင်းမှာ ဒင်းတို့ အထိနာသွားတဲ့ အတွက် ကျားနာခဲ ခဲဖို့ပြင်နေတာလည်း ဖြစ်နိုင်တယ်။

            အသေးစိပ်၊ အတိအကျအခြအနေတွေမသိရပေမဲ့ နအဖဟာ ဒီတပွဲမှာ ပြည်တွင်း-ပြည်ပအားလုံးနဲ့ အပြတ်ရင်ဆိုင်၊ အပြတ်ရှင်းလင်းမယ်လို့ ဆုံးဖြတ်ထားဟန်တူတယ်။ သူတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် စသူတွေနဲ့ သံဃာ့ခေါင်းဆောင်တွေကို ချုပ်ထား ပြီးပြီ။ ငြိမ်းအဖွဲ့တွေကိုလည်း ဒီတပွဲမှာ ဝင်မပါအောင် လုပ်ထားပြီးပြီ။ ကျန်တဲ့အင်အားတွေကို သူတို့ ပိုင်ပိုင်နိုင်နိုင် ဖိနှိပ်နိုင်မယ်လို့ တွက်ထားဟန်တူတယ်။

လက်ရှိ ဗမာပြည်အခြေအနေမှာ နှစ်ဖက်စလုံးအနိုင်ရကြတဲ့ ‘၀င်း-၀င်း’ အဖြေထွက်ဖို့ ဆိုရင် နှစ်ဖက်စေ့စပ်ဆွေးနွေးတဲ့ နည်းပဲရှိတယ်။ အဲဒီမှာ ဗမာပြည်ရဲ့ပြဿနာကို ရိုးသား လေးနက်စွာနဲ့ ဖြေရှင်းကြရေးဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ကျော်ဆန်းပြောတဲ့ ၀င်း-၀င်း ဆိုတာ ကျတော့ နအဖဖက်က နှစ်ထပ်ကွမ်းနိုင်ရေးဖြစ်နေတယ်။ တဖက်က အကုန်အလျှော့ပေးရတဲ့ ‘ဝင်း’ ဖြစ်နေတယ်။ တချိန်တုန်းက ဗမာပြည်နိုင်ငံရေးမှာ လူပြောများခဲ့တဲ့ တည်မြဲဖဆပလရဲ့ နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးရင်လည်းနိုင်ရမယ်ဆိုတဲ့ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကြွေးကြော်သံကို သတိရစရာကောင်းတယ်။ အဲဒီတုန်းက သူတို့ဟာ ဗိုလ်နေ၀င်းနဲ့ သူ့အပေါင်းပါ ဆိုရှယ်လစ်စစ်ဗိုလ်တွေကိုင်ထားတဲ့ စစ်တပ်အားကိုးနဲ့ ပြောတာဖြစ်တယ်။

ဒါကြောင့် ဗမာပြည်ရဲ့ ဒီဖက်ခေတ်သမိုင်းမှာ အာဏာရနေတဲ့လူက လူမိုက်ကြိမ်း-ကြိမ်းတာဟာ မဆန်းတဲ့အကျင့်တခုသာဖြစ်တယ်လို့ ဆိုရမယ်။ ဒါပေမဲ့ အနှစ်လေးဆယ် အာဏာတည်မြဲရမယ့် ဖဆပလအဖွဲ့ကြီးဟာ အာဏာသက် ၉ နှစ်အရောက်မှာ ကွဲတော့တာပဲ၊ ဗိုလ်နေ၀င်းစစ်တပ်က အာဏာသိမ်းတာ ခံလိုက်ရတာပဲ။

            အထက်မှာပြောခဲ့သလိုပဲ နအဖဟာလည်း ဒီတခါဆန္ဒခံယူပွဲမှာ နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးလည်းနိုင်ရမယ်လို့ ကြိတ်ပြီးကြုံးဝါးထားမှာ သေချာတယ်။ ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ မပြောသေးဘူး။ ဒီဆန္ဒခံယူပွဲကို ဘယ်လိုကျင်းပမယ်ဆိုတာတောင် မကြေညာသေးဘူးမဟုတ် လား။ သူတို့ဝှက်ဖဲကိုတော့ နောက်ဆုံးမှာ ထုတ်ပြမယ်လို့ ယူဆရတယ်။

            ရှိစေ။ သူတို့ ဘယ်လိုပဲလုပ်လုပ်၊ ပြည်သူလူထုကလည်း ကိုယ့်နည်းနဲ့ကိုယ် ပြန်လုပ်ရ မယ်။ သူ့မှာ သူ့နည်းရှိသလို ကိုယ့်မှာလည်း ကိုယ့်နည်းရှိကြောင်း ပြကြရမယ်။

            ဒီနေရာမှာ ရှင်းနေရမယ့်ကိစ္စတခုက နအဖဟာ သူတို့ မနိုင် နိုင်အောင်လုပ်မှာမို့ ဆန္ဒ ခံယူပွဲကို အလေးမထားနဲ့၊ အားကုန်မခံနဲ့၊ ကျောခိုင်းသာထားလိုက်ဆိုတဲ့ အလျှော့ပေးစဉ်းစား နည်းမျိုးပါ။ နအဖစစ်ဗိုလ်ချုပ်တွေသာ ဒီတပွဲမှာ တဖက်က အလျှော့ပေးလိုက်လို့၊ မရင်ဆိုင်လို့ အနိုင်ရသွားတယ်ဆိုရင် ဘယ့်ကလောက် ရောင့်တက်၊ မာနတက်လိုက်မလဲဆိုတာ တွေးကြည့် နိုင်ပါတယ်။ ဒီစစ်ဗိုလ်တွေအနေနဲ့ ငါတို့ ထင်တိုင်းလုပ်လို့ရနိုင်တယ်လို့ တွက်သွားတာလောက် အန္တရာယ်ကြီးတာ ရှိနိုင်ပါအုံးမလား။

            ဒီလိုနဲ့ ဒီဖွဲ့စည်းပုံဥပဒေဆိုတာကို အတည်ပြုပြီးရင် သူတို့အဖို့ ငြိမ်းအဖွဲ့တွေကို ဖျက် သိမ်းခြင်းအပါ ကျန်ဥပဒေတွင်း ပါတီနဲ့ အတိုက်အခံပေါင်းစုံကို “ကိုင်တွယ်”လို့ ကောင်းသွားမှာ ဖြစ်တယ်။  သူတို့အာဏာကို ပိုမိုခိုင်မြဲစေမယ့် လုပ်ငန်းတွေကို “တရားဥပဒေနဲ့အညီ” ဆက်လုပ် ဖို့ အကြောင်းပြကောင်းသွားမှာပဲ။ နောက်ပြီး သူ့တပ်တွင်းနဲ့ သူ့နောက်လိုက်တွေကို သူတို့အပေါ် ပိုမိုစိတ်ချယုံကြည်အောင် လုပ်နိုင်မှာ သေချာတယ်။  အဲဒီကနေ တဆင့်တက်လို့ကတော့ သူတို့ အာဏာကို ခြိမ်းခြောက်မှုအကြီးဆုံးပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို “တရား နည်းလမ်းကျစွာ” ဖယ်ရှားပစ်မှာပဲ။ ဒီလိုအခါမှာ သခင်အားရ ကျွန်ပါးဝလုပ်လေ့ရှိတဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင် အစရှိတာတွေဟာ ဂျိုထောင်လာမှာ မလွဲဘူး။ အမိန့်မပေးမီ ပစ်ပြီး၊ ရိုက်ပြီးဖြစ်နေ တာမျိုးတွေ မကြာခဏ တွေ့လာရလိမ့်မယ်။ မြင်းချို(ဂျို)တပ်၊ ကြောင်အတောင်ပံတပ်တွေ ဖြစ် လာမှာ သေချာတယ်။

            ဒါကို ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုပြင်ဆင်ကြမလဲ။ တောမျှော်၊ တောင်မျှော် လုပ်နေ ရမယ့် အချိန်မဟုတ်တော့ပါ။ ပြည်ပကို အားကိုးနေလို့၊ ကုသသမဂ္ဂကို မျှော်ကိုးနေလို့ ဘာမှ မဖြစ်ကြောင်း သဘောပေါက်သင့်ပြီ။ ဒီနေ့လို နိုင်ငံတကာအခြေအနေမျိုးမှာ ဗမာပြည်ရဲ့ ဒီမို ကရေစီအရေးကို တခြားနိုင်ငံတခုက ကယ်တင်မယ်လို့ မျှော်လင့်တာဟာ ရိုးအတာသက်သက် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်တုန်းက နိုင်ငံကြီးတွေချင်း စစ်ဖြစ်နေကြတာမို့ သူတို့အကျိုးစီးပွား တွေအပေါ် အခြေခံပြီး တခြားနိုင်ငံက အရေးကိစ္စကို ကိုယ်ထိလက်ရောက် ကူညီခဲ့ကြတာဖြစ် တယ်။ ဗမာပြည်က လွတ်လပ်ရေးတိုက်ပွဲဝင်ခေါင်းဆောင်တွေဟာ အင်္ဂလိပ်နဲ့ ဂျပန်တို့အကြား မှာ ရှိနေတဲ့ ပဋိပက္ခကို အသုံးချပြီး ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် လုပ်ကြတာဖြစ်တယ်။

            ဒီနေရာမှာ စပ်မိလို့ ရှင်းသင့်တဲ့အချက်တချက်ရှိတယ်၊ အဲဒါကတော့ အင်္ဂလိပ် အင်ပါယာ အလိုတော်ရိတွေနဲ့ သမိုင်းကို ဘူးလုံး နားမထွင်း၊ သေချာနားမလည်သူတချို့က ဂျပန်တပ်တွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ခေါ်လာလို့ အရှေ့တောင်အာရှထဲ ကို ဖက်ဆစ်တွေ ရောက်လာတယ်လို့ ပြောတဲ့ကိစ္စပဲ။ တကယ်က ဂျပန်ဟာ အစောကြီးကတည်း က ဒီဘက်ကို စစ်ကြောင်းဖွင့်ဖို့ ပြင်နေတာ။ ဥရောပနဲ့ အာဖရိကမှာ အင်္ဂလိပ်နစ်နေပြီဆိုတာ သိကတည်းက ဂျပန်ဟာ အင်္ဂလိပ်ရဲ့ အလှမ်းဝေးတဲ့ ကိုလိုနီတွေကို လုယူဖို့ ပြင်နေတယ်။ သူတို့သွားရေအကျဆုံးဟာ ဗြိတိသျှသရဖူပေါ်က စိန်ကြီးလို့ဆိုကြတဲ့ အိန္ဒိယကိုဖြစ်တယ်။ အဲဒီ အတွက် ဒုတိယကမ္ဘာစစ်ဖြစ်ကာနီးမှာပဲ ဂျပန်သူလျှိုတွေကို ပုံစံအမျိုးမျိုးနဲ့ ဗမာပြည်ထဲလွှတ်နေ ခဲ့တယ်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်မှာ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတာဆိုတော့ သူ့ရဲ့ ဒီ လေတပ်နဲ့ ရေတပ်ကြီးကို တည်ဆောက်ရတာ (ကိုရီးယားနဲ့ တရုတ်ပြည်ကို ၀င်သိမ်းတဲ့အခါမှာ ဂျပန်ရေတပ်နဲ့ လေတပ်ရဲ့အခန်းက မပြောစလောက်ပါတာ) ဘယ်လောက်ကြာမလဲ စဉ်းစား ကြည့်ပါ။ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမတိုင်မီ အနည်းဆုံး (၂) နှစ်တော့ ပြင်ရမယ်။ ဒါဟာ ရဲဘော်သုံးကျိပ် ပြည်ပမထွက်မီ အစောကြီးကတည်းကဖြစ်တယ်။ ပုလဲဆိပ်ကမ်း ချခံရပြီဆိုတာ နဲ့ စင်္ကာပူက အင်္ဂလိပ်တပ်တွေ ကြောက်ချေးပါတော့တာပဲမဟုတ်လား။ သူတို့ရဲ့ အိပ်ခ်ျအမ် အက်စ် ရီပါ့လ်စ် (HMS Repulse) နဲ့ ပရင့်စ်အောဖ့်ဝေးလ်စ် (Prince of Wales) ဆိုတဲ့ တိုက်သင်္ဘောကြီးနှစ်စင်းလည်း ဂျပန်တော်ပီတိုတွေကြောင့် မြုပ်ရော နောက်ကျတဲ့ ဖနောင့် သစ္စာဖောက်ဆိုပြီး မိုးခိုးတန်းပြေးကြတော့တာ ကုလားပြည်ရောက်တော့မှ ရပ်တော့တာပဲ။ ဘီအိုင်အေနဲ့ ဘာမှမဆိုင်ဘူး။ ဂျပန်တပ်ဟာ မမျှော်လင့်နိုင်အောင်နည်းတဲ့ ခုခံမှုတွေကို ဖယ်ရှား ပြီး ရန်ကုန်ကို သိမ်းခဲ့တာ။ အဲဒါဟာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်မှာ ဖြစ်တယ်။ ဘီအိုင်အေဟာ ၁၉၄၂ ခုနှစ်ကျမှ ယိုးဒယားကို ရောက်သွားတာ။ ဒုတိယကမ္ဘာစစ်သမိုင်းကို ဗမာပြည်စစ်မြေပြင်လေးတခုတည်း ကြည့်ပြီးပြောတာထက် တခွင်တပြင်လုံးကြည့်ပြီးပြောမှ မှန်တယ်ဆိုတာ ဒီအဖြစ်က ပြနေတာပဲ။

            ပြန်ဆက်ရရင် အခုလို နအဖက သူတို့အဖို့ အရေးကြီးဆုံးလိုအပ်တဲ့ ဖွဲ့စည်းပုံဥပဒေ အတွက် ကုလသမဂ္ဂအပါ၊ တကမ္ဘာလုံးနဲ့ တနိုင်ငံလုံးကို စိမ်ခေါ်ဓားဆွဲထွက်လာတဲ့ အချိန်မျိုးမှာ မတိုက်ရခင်ကတည်းက အရှုံးပေးဖို့ သဘောတရားတွေအမျိုးမျိုး ထုတ်လာကြတာကို တွေ့နေရ တယ်။ ပြည်သူချင်းသွေးစည်းကြရမယ့်အချိန်မှာ သွေးကွဲစရာစကားတွေ ဖော်ထုတ်နေတယ်။ နိုးဗုတ်လား၊ ဗုတ်နိုးလားဆိုတာကို အပျော်ကစားသလို စကားရည်လုခိုင်းနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဗကပ၊ ဒီချုပ် စတာတွေကို တရားခံဖြစ်အောင် ဇာတ်လမ်းတွေဖွဲ့ တင်ပြနေကြတယ်။ ဒါဟာ နောင်အနာဂတ်နိုင်ငံရေးမှာ နအဖ၊ နအဖရဲ့လူ၊ နအဖလူဖြစ်ချင်သူ၊ နအဖပေးတဲ့ အခွင့်အရေးကို မလွတ်ချင်၊ လူအမျိုးမျိုးဟာ အမျိုးမျိုးရှုပ်ထွေးအောင် လုပ်နေကြ တယ်။ သူဒီလိုနဲ့ပဲ နအဖလုပ်မယ့် ဆန္ဒခံယူပွဲအချိန်က တဖြည်းဖြည်း ကပ်လာနေတယ်။ နအဖက တမင်ညစ်ပြီးသတ်မှတ်လိုက်တဲ့ အချိန်တိုလေးအတွင်း ပြည်သူလူထုတရပ်လုံး တသံထဲ ထွက်ဖို့၊ တမျိုးထဲလုပ်ကြဖို့အတွက် အချိန်လုစည်းရုံးလုံးပမ်းကြရပါမယ်။ နိုင်ငံရေးမှာ ပြည်သူလူထုအတွင်း ကွဲကြတယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေအတွင်း ကွဲလို့သာဖြစ်တယ် ဆိုတာ မမေ့သင့်ဘူး။ ဆိုလိုတာ ပြည်သူတွင်း စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်တွေမှာ အဓိက တာဝန်ရှိတယ်။

            စစ်အာဏာရှင်တွေဟာ ဒီတချီပြီးတာနဲ့ နောက်လုပ်ငန်းတွေကို ဆက်တိုက် ဖိလုပ် တော့မယ့် သဘောရှိတယ်။ ဒါကြောင့်မို့ ပြည်သူတွေကလည်း သူတို့ရဲ့ခြေလှမ်းတိုင်းကို ရိုက်ချိုး နိုင်ဖို့၊ ဆန့်ကျင်ပြကြဖို့ သိပ်လိုတယ်။ အဆင့်တိုင်းမှာ တသားတည်းညီညွတ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါကို အမြော်အမြင်ရှိရှိ တွေးတောပြင်ဆင်ရမယ်။ အနှစ် ၄၀ ကျော် ၅၀ နီးပါး တည်ရှိခဲ့တာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးတိုက်ပွဲဟာ တပွဲတည်းနဲ့ ပြတ်ဖို့မလွယ်ဘူး။ ကြာရှည်နိုင်တယ်ဆိုတာ သေသေချာချာ နှလုံးသွင်းထားရမယ်။

◊◊◊◊◊

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org