Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

ရှေ့ခြေလှမ်းကိုသာ စဉ်းစားကြစို့

ဗသြ
 

ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ မျက်နှာဖုံးတွေချွတ်၊ သံချပ်အင်္ကျီတွေဝတ်လို့ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီဖြစ်ပါတယ်။

နင်တန်-နင်တန် ပန်းကန်ကွဲဆိုသူတွေ၊ နအဖပေးသလောက်ကို အရင်ယူထားပါ ဆိုသူ တွေ၊ ညောင်နှစ်ပင်ကို အောင့်ကာနမ်းထားပါဆိုသူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန် ကြပြီ။ တကယ့်မင်းသားနဲ့ တကယ့်ဘီလူးတို့ ချကြတော့မှာမို့ လူပြက်တွေ ကားလိပ်ကြားထဲ ရောက်ကုန်ကြတာဖြစ်တယ်။ အခုဟာက နတ်ဓားတွေ၊ ဇာတ်ဓားတွေနဲ့ ခုတ်တာမျိုးမဟုတ်ဘူး။ တကယ့်ဓား တကယ့်လှံတွေနဲ့ ချကြတော့မှာ။

            ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေတောင်မှ ကာလတခုအားဖြင့်တော့ ၀ပ်သွား၊ အမြီးကုတ် သွားပြီ။

            တလျှောက်လုံးသူကချည်း တဖက်သတ် ထိုးစစ်ဆင်ခဲ့တဲ့ နအဖဟာ ခံစစ်ဘဝ ရောက် စပြုနေပြီ။ အနည်းဆုံး နိုင်ငံရေးအရတော့ ခံစစ်လုံးလုံးဖြစ်သွားပြီ။ ဒါကြောင့် နအဖဟာ လက်နက်ကုန်ထုတ်သုံးဖို့ ပြင်လာတယ်။ သူ စုဆောင်းလို့ရသမျှ အင်အားတွေအားလုံး ဆွဲခေါ် နေတယ်။ မဆလဖိုင်တွဲ၊ စင်ပေါ်မှာ ဖုံတင် ပင့်ကူမျှင်ယှက်နေတဲ့ သခင်တင်မြ၊ ဦးချစ်လှိုင် စသူတွေကို ဖုတ်ဖက်ခါ ပွဲထုတ်လာတယ်။ နောက်တန်းကိုပြန်ခေါ်ပြီး ကြပ်ပူထိုးပေးနေရတဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေကို ဘယ်တော့မန်းမှုတ်ပြီး တွန်းပို့ဦးမလဲမသိဘူး။

            တကယ်က နိုင်ငံတနိုင်ငံမှာ သံဃာတော်တွေတောင် အရိုက်အနှက်ခံကြရတယ်၊ ဘုရား သားတော်များကအစ ဆန္ဒပြကြတယ်ဆိုတာတွေဟာ မကောင်းတဲ့ကိစ္စတွေပဲ။ ဒါပေမဲ့ အခုတော့ ဒါမျိုးတွေပေါ်လာတာကိုပဲ ဒီနိုင်ငံသားတွေဟာ ၀မ်းသာအားတက်နေကြတယ်၊ လမ်းဘေးက ဒကာ၊ ဒါယကာမတွေဟာ ဆန္ဒပြသံဃာတော်များကို ကန်တော့ရင်း လက်အုပ် ချီထားတဲ့ လက်ဖမိုးတွေအပေါ်မှာ ၀မ်းသာမျက်ရည်တွေ တပေါက်ပေါက် ကျနေတယ်။ လူတွေ ဟာ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတာကို ကျေနပ်နေကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲလို့ ဒီနိုင်ငံက ဘယ်သူ့ကိုပဲမေးမေး လူတိုင်းက “၁၉နှစ်ရှိပြီ”လို့ တညီတညွတ်တည်း ဖြေကြမှာ။

ပြန်ကြည့်လိုက်ရင် အတိုက်အခံတွေဘက်က တလျှောက်လုံးတင်လာတာဟာ တွေ့ဆုံ ဆွေးနွေးတာမလုပ်ဘဲ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်သွားနေလို့ကတော့ လူထုဆန္ဒပြပွဲတွေ မရပ်မစဲ တခြိမ်းခြိမ်း ဖြစ်နေဦးမှာပဲ။ အစပြုတာဟာ လောင်စာဆီကိစ္စ၊ ကုန်ဈေးနှုန်းကိစ္စ စာမေးပွဲကိစ္စ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးကျရင်တော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေရရှိရေးတိုက်ပွဲကြီးတွေအဖြစ် အသွင်ပြောင်းသွားတော့တယ်။ လမ်း အားလုံးဟာ ရောမ မြို့ကြီးကို ဦးတည်နေတယ်ဆိုတာလိုပဲ။ နိုင်ငံရေးပါးဝလှတဲ့ ဗမာပြည်သူ တွေဟာ အပေါ်ယံ ဖော်ပြတာရော အောက်ခံအကြောင်းရင်းကိုပါ ကောင်းကောင်း မြင်နိုင်စွမ်း ရှိတယ်။

            အခုဆိုရင် တိုက်ပွဲဝင်နေသူတွေရော မဝင်သေးတဲ့လူတွေအပါ သံဃာ၊ ကျောင်းသား၊ ဝန်ထမ်း၊ စစ်သား အားလုံးဟာ ကြွေးကြော်သံအမျိုးမျိုးကို တင်လာစပြုနေကြတယ်။  ဘာပဲ ပြောပြော နအဖနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးဆိုတာကိုတော့ နအဖကလွဲရင် ဘယ်သူ မှ မငြင်းပယ်ကြဘူး။ ကြွေးကြော်သံကိုသာ ထုတ်ထားပြီး အဲဒါကို အကောင်အထည် ပေါ်အောင် ဘာမှမလုပ်ရင်တော့ ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒါဟာ သင်္ကြန်အမြောက် ဖြစ်နေမှာပဲ။ လမ်းစဉ်တရပ်ချပြီးပြီဆိုရင် အဲဒါကို အကောင်အထည်ဖော်ရမယ်။ ကိုယ့်ကေဒါ တွေကို အောက်ခြေအထိ စွမ်းစွမ်းတမံ အကောင်အထည်ဖော်ခိုင်းရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တိုက်ပွဲ ရယ်လို့ပေါ်လာရင် ဘယ်လိုပေါင်းစပ်ပါဝင်ရမလဲဆိုတာ စဉ်းစားရမယ်။

            ဒီနေ့မှာ တိုက်ပွဲကို ဘယ်လို ဆက်လက်သယ်ဆောင်ရမလဲ။ နအဖက အကြမ်းဖက် ဖြိုခွဲလာရင် ဘယ်လိုလုပ်မလဲ စတာတွေကို စဉ်းစားရတဲ့အချိန် ရောက်နေပြီ။ သံဃာတော်တွေ ဒါလောက် လမ်းပေါ်တက်နေလှုပ်ရှားနေတာ လူတွေ ဘာလို့မပါဝင်သေးတာလဲလို့ မေးကြတာ လည်း မနည်းဘူး။ ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းရင်းတခုက လူတွေကို စည်းရုံးရှေ့ဆောင် မယ့် လူ၊ ဒါမှမဟုတ် အဖွဲ့အစည်း မရှိသေးတာပဲ။ သံဃာဆိုတာက ဘာပဲပြောပြော သူ့စာသင် တိုက်၊ သူ့ကျောင်း စသဖြင့် စည်းရုံးဖွဲ့စည်းမှုလေးတွေ ရှိပြီးသားလို ဖြစ်နေတယ်။ လူထုမှာတော့ တက္ကသိုလ်တွေကလဲ ကွဲကြဲ၊ မြို့စွန်မြို့ဖျား ရောက်နေကြတယ်။ ကိုမင်းကိုနိုင်တို့လို လူတွေကို ဖမ်း၊ မမိသေးသူတွေလဲ ရှောင်တိမ်းနေကြရလို့ မင်းလောင်းမျှော်ရမလိုလို ဖြစ်နေတယ်။ သံဃာ တော်တွေနောက်က လိုက်ဖို့ပဲရှိသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပဲဖြစ်မယ်။ လူထုဟာ ခေါင်းဆောင်မယ့်လူမရှိရင် သူတို့ဖာသာ ခေါင်းဆောင်ရှာ၊ ခေါင်းဆောင်တင်ပြီး တိုက်မှာ စိတ်ချ။

            နအဖကို စေ့စပ်ရေးစာပွဲဝိုင်းပေါ်ရောက်အောင် ဘယ်လိုလုပ်မလဲ။ ကြေငြာချက် ထုတ် တာလောက်နဲ့ စစ်ဗိုလ်ချုပ်တွေ စာပွဲဝိုင်းဆီကို ရောက်လာမလား။ ကမ္ဘာ့အ၀န်းအ၀ိုင်းက ပြောရုံနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံစကားပြောပါ့မလား။ ၁၉ နှစ်ကျော် အတွေ့အကြုံက ဒါကို စိတ်ကူးယဉ် နေလို့မရကြောင်း ရှင်းရှင်းလင်းလင်း ပြသပြီးပြီ။

            ရန်သူနဲ့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် ကိုယ့်အင်အားက ရန်သူကမြင်မှ ကိုယ့်ကို လေးလေးစားစား ဆက်ဆံမှာဖြစ်တယ်။ ကိုယ့်စကားကို အလေးထားနားထောင်မှာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ကြီးက ဗြိတိသျှကိုလိုနီနဲ့ လွတ်လပ်ရေးရဖို့ ဆွေးနွေးတာ အောင်မြင်ရတဲ့အကြောင်းရင်းမှာ အမျိုးမျိုးသော သပိတ်ကြီးတွေနဲ့ ဗမာပြည်သားတွေဟာ တစိတ်တ၀မ်းတည်းရှိကြောင်း လွတ်လပ်ရေးကို မရရတဲ့နည်းနဲ့ တိုက်ယူမှာဖြစ်ကြောင်း ပိုင်းဖြတ်ချက်တွေဖော်ပြနေတာဟာ  အဓိက ကဏ္ဍဖြစ်တယ်။ အဲဒီတုန်းက သပိတ်တွေသာမက ပျဉ်းမနား က လယ်သမားသူပုန်၊ ထန်းတပင်က ဆန်လုပွဲ စတဲ့ အင်္ဂလိပ်အုပ်စိုးမှုကို ခပ်ကြမ်းကြမ်း ဆန့်ကျင်ပြတာတွေလည်း ရှိတယ်။ နောက်ပြီး ပြည်သူ့ရဲဘော်၊ တပ်နီ စတဲ့ လက်နက်ကိုင်နိုင် အောင် လေ့ကျင့်တဲ့ အဖွဲ့တွေကလည်း မြို့ကြီးတွေမှာ ရင်ကော့ စစ်ရေးပြ နေကြတာ သာမန် လူထုထဲမှာကိုပဲ အလေးမတာ၊ ကာယဗလ လေ့ကျင့်တာ၊ လက်ဝှေ့ထိုးတာ တွေ ခေတ်စား နေတာ။ ဒါတွေအားလုံးဟာ ဒုတိယကမ္ဘာစစ်ဒါဏ်ကြောင့် နှာနှပ်ပြီး ထလာတဲ့ လန်ဒန်က ခေါင်းဆောင်တွေကို ဗမာလူထုက စစ်ရေးနဲ့ပါ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ တကယ်ကျ အင်္ဂလိပ်က လန်ဒန်စာပွဲဝိုင်းမှာ ကိုယ်တင်ပြတာက ကျိုးကြောင်းဆီလျော်မှုရှိတာ သက်သက် ကြောင့်မဟုတ်ဘူး။ လူထုအင်အားသာ မပြနိုင်ရင်ဘာတွေ ဘယ်လိုပြောလို့မှ မရဘူးပဲ။

            တရုတ်ပြည်ကို ဂျပန်က ကျူးကျော်တော့ ချန်ကေရှိတ်အစိုးရဟာ ဂျပန်ကိုမတိုက်ဘဲ အီးယောင်ဝါးလုပ်နေတယ်။ ဒါ့အပြင် ပြည်တွင်းစစ်ကိုပဲ မဲတိုက်နေတယ်။ ဒီအခါမှာ ချန်ကေရှိတ် ကို ဖက်ဆစ်ဂျပန်တွန်းလှန်ရေး ဆွေးနွေးတဲ့စာပွဲဝိုင်း ရောက်လာဖို့အတွက် ကွန်မြူနစ်တွေဟာ လူထုနည်းနဲ့ ဆန္ဒပြပွဲကြီးတွေ ကျင်းပ၊ ချန်ကေရှိတ်ရဲ့ တပ်ထဲက ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဖဲ့ထုတ် ဖိအားပေးတော့မှ ချန်ကေရှိတ်ဟာ စာပွဲဝိုင်းကိုရောက်လာတဲ့ အဖြစ်အပျက် ရှိဖူးတယ်။

            နအဖခေါင်းမာတာ ဗြိတိသျှကိုလိုနီ၊ ချန်ကေရှိတ် စသူတွေထက် မလျော့ပါဘူး။

          ဒါကြောင့် ဗမာပြည်မှာ ဒီနေ့ပေါ်ပေါက်နေတဲ့ ဆရာတော်သံဃာတော်များနဲ့ လူထုတွေရဲ့ တိုက်ပွဲတွေဟာ မူသဘောတရားအရ မှန်ကန်ရုံမက နည်းနာအားဖြင့်လည်း မှန်ကန်တယ်။ အခြေအနေရဲ့လိုအပ်ချက်အရ သဘာဝကျစွာ ပေါ်ပေါက်လာတာဖြစ်တယ်။ အခုအခါမှာ ဒီတိုက်ပွဲ တွေ ပေါ်ပေါက်တာ မှန်သလား၊ မှားသလား၊ တခြားနည်းနဲ့ တိုက်ရင်မဖြစ်ဘူးလား စသဖြင့် ငြင်းခုံနေဖို့မလိုတော့ဘူး။ အခု ဆက်ပြောကြ၊ ဆွေးနွေးကြရမှာဟာ တိုက်ပွဲကို ဘယ်လို ဆက်သယ်ဆောင်မလဲ။ ပြည်သူလူထုကြီးတရပ်လုံး ပါလာအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org