ကဏ္ဍစုံဆောင်းပါး | |

လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေးကော်မတီ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာ-()

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွာပေါင်း(၂၆) ရွာမှ လယ်မြေ(၇၈၆၈.၇၈) ဧကကို စီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာဝမ်ပေါင်လီမီတက်တို့ သိမ်းယူထားမှုကို ယာမြေအသိမ်းခံထား ရသော တောင်သူများက မိမိတို့မြေများပြန်လည်ရရှိရေးအတွက် ၂၄၊ ၈၊ ၂၀၁၂ ရက်နေ့မှ ယနေ့ ၈၊ ၉၊ ၂၀၁၂ ရက်နေ့အထိ (၉) ကြိမ်တိုင်တိုင် မြေသိမ်းတိုက်ပွဲ ဆန္ဒခံယူပွဲ မတရားမှုများကို ချုပ်ငြိမ်းစေသည့် ဈာပနအခမ်းအနား စသည့်ပွဲများကို အဆင့်ဆင့်ပြုလုပ်ခဲ့ရာ ယခုအချိန်တွင် မြေသိမ်းခံရသည့် လယ်သမားများ၏ မြေပြန်ရရှိရေးကိစ္စသာမ ကဘဲ ဧရာဝတီ-ဒုတိယမြစ်ဆုံသည် နောင်နှစ်ပေါင်း (၆၀)ခန့်တွင် ဘေးထွက်ဆိုးကျိုးများစွာဖြင့် ၎င်းဒေသ၏ ဂေဟစနစ် (သဘာဝပတ်ဝန်းကျင်) ပျက်စီးဆုံးရှုံးမည့်အရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အချိန်မှီဝိုင်းဝန်းကူညီ တားဆီးကြပါရန် တင်ပြအပ်ပါသည်။

မြေမတရားသိမ်းမှု လက်ပန်တောင်းတောင်စီမံကိန်းကို မတားဆီးနိုင်ခဲ့ပါလျင်?

ကြေးနီစီမံကိန်းကို သက်ဆိုင်ရာဆိုသူတို့က လက်ပန်တောင်းတောင် (၃၃) လုံး ဧက (၁၅၀၀)ခန့်ကို နှစ်(၆၀) အတွင်း စာချုပ်၍ တူးကြမည်ဟု သတင်းရရှိပါသည်။ ၎င်းတို့သိမ်းယူထားသော (၂၆) ရွာမှ လယ်ယာမြေများသည် ခန့်မှန်းခြေအားဖြင့် (၄) မိုင်ပတ်လည် ရှိပါမည်။

နောင်နှစ်ပေါင်း (၆၀) ကြာပြီး လက်ပန်တောင်းတောင်မှ ကြေးနီများကို သန့်စင်တူးဖော်ပြီးစီးခဲ့ပါလျင် ကြေးနီအဖြစ် သန့်စင်ရန် တူးဖော်ပြီး အက်စစ်ဖျန်းမည့် သတ္ထုရိုင်းတို့၏ နေရာယူမှုသည် သိမ်းထားသည့် (၇၈၆၈.၆၈) ဧက အားလုံးပေါ်သို့ ရောက်ရှိသွားပါမည်။ ကြေးနီတူးဖော်ရာတွင် ကြေးနီသတ္ထုရိုင်း အပြင် ကြေးနီမဟုတ်ဘဲ စွန့်ပစ်မြေများသည် ဧက (၂၃၀၀၀) ကျော်ဖြစ်လာနိုင်ပါသည်။ နှစ် (၆၀) အတွင်းမှာ ဧကပေါင်း (၃၀၀၀၀)ကျော်သည်။

၁။ လက်ပန်တောင်းတောင် ၃၃ လုံး လုံးဝပျောက်ကွယ်သွားခြင်း ၎င်းကြောင့် ရာသီဥတု မျှတမှုမရှိဘဲ မိုးခေါင်ခြင်း၊ မိုးများခြင်း မုန်တိုင်းဒဏ်ကြီးမားခြင်းကို မုံရွာမြို့အပါအဝင် ဒေသ၏မိုင် (၅၀) ခန့်အတွင်းရှိ ဒေသများသို့ အကျိုးသက်ရောက်နိုင်ပါသည်။ ပခုက္ကူတံတား မုန်တိုင်းပြီးခဲ့သည့် မုန်တိုင်းဒဏ်ကြောင့်ကျိုးစဉ် တောင်သူတစ်ဦးပြောပြသည်မှာ ၎င်းမုန်တိုင်းက လက်ပန်တောင်းတောင်ကိုကျော်ပြီး ဘုတလင်မြို့တောင်ဘက်ခြမ်းဆီသို့ ရောက်သွားခဲ့ပါသည်။ နှစ် (၆၀) စီမံကိန်းပြီးစီးခဲ့ပါလျင် ကျော်ရွာတံတားနှင့် ရွှေလှေတံတားကြား ကြေးနီတူးဖော်ရာတွင် စွန့်ပစ်မြေများပိတ်ဆို့မှုကြောင့် ချင်းတွင်းမြစ်ရေကြီး ချိန်တွင် မုံရွာမြို့ကို ရေလွှမ်းနိုင်ပါသည်။ ထိုလက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့် ချင်းတွင်း-ဧရာဝတီ မြစ်ဆုံဒေသများသည် ဘေးထွက်ဆိုးကျိုးဖြင့် စိုက်ပျိုးမြေများ အက်စစ်ရေပြန့်နှံ၍ ဧက (၃၀၀၀၀၀) ခန့် ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။

၎င်းခန့်မှန်းချက်များသည် လက်ပန်တောင်းတောင်၏ အနောက်မြောက်ဘက် (၂)မိုင်အကွာရှိ ကြေးနီများကို တူးဖော်ဆဲဖြစ်သော စံပါယ်တောင်ကို စံထားခြင်းဖြစ်ပါသည်။ ၁၉၆၁၊ ၆၂ တွင် စံပါယ်တောင်ကို ရုံးစိုက်၍ ကြေးနီကို ရှာဖွေရေးစတင်ခဲ့ပါသည်။ (ဥက္ကဌ-ဦးဝင်းအောင်) ၁၉၇၈ တွင် ဒုလုံခြုံစီမံမြေတိုင်းစာရေး ဦးတင်လှနှင့်အဖွဲ့က ကွင်းဆင်းခဲ့ပါသည်။ ၁၉၈၄ တွင် ယူဂိုနိုင်ငံနှင့် တွဲဖက်၍ စက်ရုံကို စမ်းသပ်လည်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် အိုင်ဘင်ဟိုးကုမ္ပဏီ (ကနေဒါနိုင်ငံ) နှင့် ဖက်ဆက်၍ (၁၈) နှစ်ကြာ တစ်ရက်လျင် တန် ၇၀ နှင့် ၁၀၀ကြား နေ့ညမနား တစ်ရက်ကို အလုပ်သမား သုံးဆိုင်းနှင့် လုပ်ကိုင်ခဲ့ပါသည်။ တစ်ရက်လျင် တန်(၈၀) နှုန်းဖြင့် တွက်လျင် (၁၈) နှစ်မှာ တန်(၅၁၈၄၀၀) ခန့် ကြေးနီသန့်စင် တူးဖော်ပြီးသားဖြစ်ပါသည်။ (လက်ပန်တောင်းတောင် စီမံကိန်းမှ တစ်နှစ်လျင် ကြေးနီတန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအထိ တူးဖော်သွားမည်ဟု သတင်းရရှိပါသည်။

ကြေးနီစတင်ထုတ်လုပ်စဉ်က ကြေးနီအရိုင်းတုံးများကို အမှုန့်အဖြစ်ကြိတ်ချေ၍ သန့်စင်ခဲ့သော်လည်း စရိတ်စက ကြီးမားသောကြောင့် ကြေးနီအရိုင်းတုံးများကို မိုးကာပေါ်ပုံပြီး စပန်ကလာစနစ်ဖြင့် ဆာလဖြူရစ်အက်စစ် ဖြန်းသည့်စနစ်နှင့် ကြေးနီကိုပြောင်းလဲ ထုတ်ခဲ့ပါသည်။ ကြေးနီထွက်သည့် စပါယ်တောင်သည် ဧက(၄၀)ခန့်ရှိသော်လည်း တူးဖော်သည့်အခါ ဧက(၇၀) ဖြစ်လာပါသည်။ အနက်မှာ ၄၀၅ အထိဖြစ်သည်ဟု သိရှိရပါသည်။ အက်စစ်ဖြန်းရန်ပုံရသည့် ဆဲလိုင်းမြေသည် ဧက(၇၀၀) ဖြစ်ပါသည်။ မိုးရာသီတွင် အက်စစ်ရေများမပြန့်နှံရန် ဆည်ဘောင်များပြုလုပ်သော်လည်း စနစ်တကျမရှိခြင်းကြောင့် ပြိုပြီး ကျေးရွာစိုက်ခင်းများနှင့် ရေမြောင်းထဲသို့ ပျံနှံခဲ့ပါသည်။ ထိုဘေးထွက်ဆိုးကျိုးကို စံပါယ်တောင်နှင့်နီးသည့် ကံကုန်း၊ ဒုန်းတော၊ ဂုံတော်၊ ရွာသာစသည့် ရွာ(၄)ရွာမှ လယ်ယာမြေဧက(၃၀၀၀)ခန့်သည် စွန့်ပစ်မြေများပုံခြင်းကြောင့် မူလစံပါယ်တောင်အမြင့် တစ်ဝက်ကျော်ရောက်နေ ပါသည်။ ရွာ(၄) ရွာမှ အိမ်ခြေပေါင်းသည် (၁၃၅၀) ဖြစ်ပြီး လူဦးရေမှာ (၇၀၀၀)ကျော်ဖြစ်ပါသည်။ ယခုအခါတွင် ရွာ(၄)ရွာ၏ မူလစိုက်ကွက် ဧက(၃၀၀၀)မှ စွန့်ပစ်မြေများပုံခြင်းကြောင့် ဧက(၈၀၀)ကျော်သာ ကျန်ရှိပါသည်။ ယခုလောလောဆယ်တွင် အက်စစ်ရေဆိုးများသည် ဒုန်းတောအုပ်စုတွင် ၈၆-ဧကခန့်၊ ကံကုန်းအုပ်စုတွင်၂၄-ဧကခန့် လွှမ်းမိုးခဲ့ပါသည်။ ယခင်က စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဂျုံစိုက်ပျိုးခဲ့သော်လည်း ယခုအခါတွင် မည်သည်အသီးအနှံများကိုမှ စိုက်ပျိုး၍မရတော့ပါ။ သောက်ရေတွင်းများမှာလည်း ကြေးနီများကို ပင်လယ်ပြင် မျက်နှာပြင်အောက်အထိ တူးဖော်ခြင်းကြောင့် ရွာ(၄)ရွာစလုံး သောက်ရေတွင်းများမှာ လုံးဝခန်းခြောက် သွားပါသည်။ ကြေးနီစတင်တူးဖော် အိုင်ဘင်ဟိုးကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်ပေါင်း ၃၀၀၀၀၀ ကျော် စိုက်ပျိုးခဲ့သည်ကို သိမြင်ခဲ့ပါသည်။ ကြေးနီစီမံကိန်းကြီး ပြီးသွားလျင် စွန့်ပစ်မြေများပေါ်သို့ စိုက်ပျိုးမြေများ ပြန်လည်ဖုံးလွှမ်းပေးရမည်ဖြစ်သော်လည်း ယခုချိန်ထိ ၎င်းစီမံမှုများ လုံးဝ မတွေ့မမြင်မကြား သိရပါ။ ၎င်းတို့ (ဦးပိုင်+ယံစီ ဝမ်ပေါင်) သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဖြင့်

၁။ ဒေသ၏ ရာသီဥတု ပို၍ဆိုးရွားမလာစေရန် တာဝန်ယူနိုင်ပါမည်လား။

၂။ အသိမ်းခံရသည့် ၂၆ ရွာ၏ ဒေသခံတောင်သူများ၏ ဘဝလုံခြုံမှုကို တာဝန်ယူနိုင်ပါမည်လား။

၃။ နောင်နှစ်ပေါင်း ၆၀ ပြီးလျင် ဘေးထွက်ဆိုးကျိုးကို နည်းနိုင်သမျှနည်းအောင် တားဆီးမည့် စီမံချက်များကို ထုတ်ပြန်ပြီးပြီလား။

၎။ နောင်နှစ်ပေါင်း ၆၀ ပြီးလျင် ၎င်းကုမ္ပဏီတို့မှ ပတ်ဝန်းကျင်ဒေသခံတို့၏ ကျန်းမာရေးအတွက် မည်သို့စီမံထားသည်ကို ထုတ်ပြန်ပြီးပြီလား။

၅။ မြန်မာပြည်သူလူထုတို့၏ နှလုံးသည်းပွတ်ဖြစ်သော လက်ပန်တောင်းတောင်ရှိ လယ်တီဆရာတော် ဘုရားကြီး၏ ကျမ်းပြုရာ ဘူမိနတ်သံမြေ ပျက်စီးပျောက်ကွယ်သွားခြင်းအပေါ် ဗုဒ္ဓဝင်အပေါင်းတို့ ကျေနပ်အောင် မည်သို့ဖြေရှင်းပေး မည်လဲ။

၆။ ယာမြေများအသိမ်းခံရ၍ ကုမ္ပဏီသို့ ဝင်ရောက်လုပ်ကိုင်သည့် လူများ၏ စားဝတ်နေရေး မြင့်မားအောင် မည်သို့ဆောင် ရွက်ပေးမည်နည်း (ဥပမာ- တိုင်းရင်းသားပညာတတ် စက်မောင်းသမား၏ လစာသည် အမြင်ဆုံး ၂၅၀၀၀၀ိ/ ဖြစ်သော်လည်း တရုတ် သန့်ရှင်းရေးသမားတစ်ဦး၏ လစာသည် ၉၀၀၀၀၀ိ/ ဖြစ်သည်ဟု ကြားသိရပါသည်။ မိုင်းဝန်ထမ်းတစ်ယောက်သည် လွန်ခဲ့သောနှစ် ၃၀ က တစ်လလျင် ၂၅၀၀၀၀ိ/ ဖြင့် စက်မောင်းခဲ့ပါသည်။ သားတစ်ယောက် သမီးတစ်ယောက် ဘွဲ့ရပြီးဝင်ရောက်လုပ်ကိုင်ရာ ၎င်းမိသားစုသုံးဦး၏ ဝင်ငွေမှာ ၅၀၀၀၀၀ိ/ ခန့်ဖြစ်သည်။ ၎င်းဝင်ငွေသည် စားလောက်ရုံသာဖြစ်သည်။ ဘဝ အာမခံချက် မျှော်လင့်ချက် သူတို့မရပါ။)

ကံကုန်း၊ ဒုန်းတော၊ ဂုံတော၊ ရွာသာ စသည့်ရွာများမှ အသိမ်းခံရသည့် လယ်ယာမြေများအပေါ် ရသင့်ရထိုက်သည့် ဆုံးရှုံးနစ်နာကြေးများလည်း မရရှိသေးပါဟု ကြားသိရပါသည်။ စိုက်ပျိုးမြေများအပေါ် အက်စစ်ရေများ ပျံနှံစိမ့်ဝင်နေသည်ကို ရွာသားများမှ တင်ပြခဲ့သော်လည်း ယနေ့တိုင် တာဝန်ယူဖြေရှင်းပေးသည်ကို မတွေ့ရသေးပါ။ သောက်သုံးရေနှင့် အက်စစ်ကြောင့် ဖြစ်မည့်ကျန်းမားရေး လိုအပ်ချက်များကိုလည်း မလုပ်ပေးပါဟု ဒေသခံများက ပြောခဲ့ပါသည်။ ၎င်းရွာ ၄ ရွာမှ ၎င်းတို့၏ နစ်နာချက်များကို သက်ဆိုင်ရာသို့ မကြာမှီ စာရင်းတင်မည်ဟု သိရပါသည်။

(၎င်းသုံးသပ်ချက်များသည် အကျွန်ုပ် ပုဂ္ဂိုလ်တစ်ဦးတည်း၏ သုံးသပ်ချက်များဖြစ်ပါသည်။)

အမျိုးသားရေးဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု တိုးတက်ထွန်းကားစေရန် အလို့ငှာ စာတမ်းပြုစုရခြင်းဖြစ်ပါသည်။ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးကို မည်သို့ဝိုင်းဝန်း ကာကွယ်တားဆီးကြမည်ကို အပြုသဘောဖြင့် ရေးသားလိုက်ရပါသည်။

မှတ်ချက် ။        ။ ပြည်သူများနှင့် သစ်ပင်ချစ်သူများအဖွဲ့ ၏လက်တလော လေ့လာတွေ့ရှိချက်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီ

(၂၀၁၂)

4,398 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

9,476 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း