သတင်း | |

အသိမ်းခံလယ်မြေရရှိရေးအတွက် အင်္ဂပူမြို့ လယ်သမားများ ဆန္ဒပြ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေ ၂၂၉ ဧက ပြန်လည်ရရှိရေးအတွက် လယ်သမား ၅၀ ဦးက မြို့တွင်းလှည့်လည်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ingapu-farmer-striker280812

ဆန္ဒပြလယ်သမားများ (ဓာတ်ပုံ - ရိုးမ ၃)

ဒေသခံလယ်သမား ၅၀ ခန့် “လယ်ယာမြေကို ပြန်ပေးပါ” စာသားပါသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ယနေ့ မွန်းလွဲ (၁) နာရီဝန်းကျင်ခန့်တွင် အင်္ဂပူမြို့အ၀င်မှ မြို့တွင်းသို့ လမ်းတလျောက်ချီတက်ဆန္ဒပြနေစဉ် မြို့လယ်တွင် အသင့်စောင့်နေသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပိုင် ကားနှစ်စီးဖြင့် ဆန္ဒပြလယ်သမားများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်သက်သေ ဒေသခံတဦးက ပြေသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ရောက်ဖို့ တလမ်းကျော်လောက်အလိုမှာ ကြံ့ခိုင်ရေးက ပါလာတဲ့ ကားနှစ်စီးနဲ့ ဆွဲခေါ်တင်ပြီး ရုံးကို မောင်းသွားတာခင်ဗျ။ လယ်သမားတွေရဲ့ လယ်ယာမြေကို ပြန်ပေးပါဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း အကုန်ဖြဲ ပစ်တယ်ဗျာ” ဟု သူက ပြောသည်။

အသိမ်းခံ လယ်ပိုင်ရှင်များက လယ်ယာမြေပြန်ရရှိရေး တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ရရန်အတွက် ယခုလ (၂၆) ရက်နေ့က သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှတဆင့် မြို့အုပ်ချုပ်ရေးမှူးရုံးသို့ စာတင်အကြောင်းကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက (၂၈) ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် လယ်သမားများက ပြောသည်။

ယခုကဲ့သို့ တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့သည့်အတွက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့သည်ကို အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး မြို့တွင်းလမ်းအရောက်မှာ ကြံ့ခိုင်ရေးပါတီပိုင် ကားနှစ်စီးနဲ့ အရပ်ဝတ်နဲ့ ရဲလို့ယူဆရသူတွေက မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အတင်းဆွဲခေါ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွမ်းမိုးဟန်အပါအဝင် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများနှင့် လယ်ယာမြေပြန်လည်ရရှိရန် လယ်သမားများ ဆွေးနွေးနေသည့် နောက်ဆုံးအခြေအနေကို ဒေသခံလယ်သမားတဦး က ပြောပြသည်။

သူက “ရုံးကို ခေါ်သွားပြီး သူတို့ အစည်းအဝေးလုပ်တယ်ပေါ့၊ လုပ်တော့ အသိမ်းခံ လယ်သမားတွေရဲ့ လယ်ယာမြေကို ပြန်ရဖို့အရေး အဆင့်ဆင့် တင်ပြရအုံးမယ်၊ ချက်ချင်းမပေးနိုင်ဘူးဆိုတဲ့သဘော အုပ်ချုပ်ရေးမှူးက ပြောလိုက်တယ်။ အခုနေ့လယ်ပိုင်းမှာ ထပ်ဆွေးနွေးအုံးမယ်။ လယ်သမားတွေကတော့ သူတို့ဆုံးရှုံးခဲ့တဲ့ လယ်တွေ ပြန်ရဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောတယ်” ဟု ပြောသည်။

ယခုဆန္ဒပြသည့် လယ်သမားများ၏ လယ်မြေ ၂၂၉ ဧကကို ၁၉၉၇ ခုနှစ်က စစ်တပ်ပိုင် ဦးပိုင်လီမီတက်နှင့် ဆက်စပ်သည့် ဟင်္သာတမြို့နယ်မှ ဦးအုန်းရွှေပိုင် ကလိုစိန်ကုမ္ပဏီနှင့် မယကဥက္ကဌ ဦးမြဟန်တို့ ပူးပေါင်းသိမ်းယူခဲ့ကာ ယခုလက်ရှိ ဧရာဝတီတိုင်းအခြေစိုက် တိုင်းဗဟို (၅) စစ်တပ်သို့ လွှဲပြောင်းကာ လယ်သီးခစား ပြန်ချပြီး စိုက်ပျိုးနေသည်ဟု ကြားသိရသည်။

အလားတူ စစ်ကိုင်းတိုင်းမုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်လီမိတက်တို့ ပူးတွဲအကောင်အထည်ဖော်နေသည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက ပတ်ဝန်းကျင် ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇၈၀၀ ကျော်ကို အဓမ္မ သိမ်းပိုက်ထားသောကြောင့် လယ်သမားများက လယ်မြေများ ပြန်လည်ရရှိရေးအတွက် လယ်သိမ်းတိုက်ပွဲကို မနေ့ကအထိ ၅ ရက်ကြာ ဆင်နွှဲနေကြပါသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့လို့ လယ်ယာမြေများပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးများက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့တွင် သုံးရက်ဆက် ဆန္ဒပြခွင့်လျှောက်ထားပြီး လယ်သမား အယောက် ၂၀ ခန့် ဆန္ဒပြရန် ရန်ကုန်သို့ ရောက်ရှိနေကြသည်။

၁၉၉၅-၉၆ ခုနှစ်အတွင်း ဝါဝါဝင်းကုမ္ပဏီသည် အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး၊ ကျွန်းလေး ကျေးရွာများမှ လယ်ဧက ၇၀၀ ကျော်ကို သိမ်းယူခဲ့သည့်ကိစ္စအတွက်လည်း အခုရက်ပိုင်းအတွင်း ကုမ္ပဏီတာဝန်ရှိသူများ လယ်သမားများ လျော်ကြေးငွေအတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရလက်ထက်တွင် လယ်သမားပိုင် လယ်ယာမြေများကို စစ်တပ်ပိုင် ဦးပိုင်လီမီတက်အပါအဝင် ကုမ္ပဏီအများစုက အစိုးရစီမံကိန်းဆိုသည့် စကားလုံးကို အသုံးချကာ မြန်မာနိုင်ငံတဝှမ်း လယ်ယာမြေသိမ်းယူမှုများ အမြောက်အများ ရှိခဲ့သည်။

4,414 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

10,447 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း