ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်ရာမှ နှုတ်ထွက်ခွင့်ရဖို့ မိဘဖြစ်သူတွေ အကူအညီတောင်းခံ
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရွာ်ဘဲနယ်မြေ မြကန်သာရပ်ကွက်မှာ နေထိုင်သည့် မောင်မျိုးမင်း (ခ) မင်းမင်းကို အသက်မပြည့်သေးဘဲ ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရခြင်းမှ နှုတ်ထွက်ခွင့်ရဖို့ မိဘဖြစ်သူများက ပြည်မြို့ရှိ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများကွန်ယက်ထံ အခုလ (၁၇) ရက်နေ့ စာရေးသား အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်းသည် မွန်ပြည်နယ် ဇင်းကျိုက်မြို့ကုလားမတောင်အခြေစိုက် အမှတ် (၉) အလံတရာ လေ့ကျင့်ရေးတပ်ရင်းတွင် ကိုယ်ပိုင်အမှတ် တ/၄၅၄၃၆၂ဖြင့် တာဝန်ထမ်းဆောင်နေရာမှ (၁၊ ၁၊ ၂၀၁၂) ရက်နေ့တွင် ပြည်မြို့ ရွာဘဲနယ်မြေရှိ မိဘဖြစ်သူ ဦးကြည်သောင်း ဒေါ်ဝိုင်းစိန်တို့ထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး မိဘဖြစ်သူများက မောင်မျိုးမင်း အသက်မပြည့်သေးဘဲ စစ်သားအဖြစ် လိမ်လည်လှည့်ဖြားကာ စုဆောင်းခံခဲ့ရသဖြင့် တပ်မတော်မှ နှုတ်ထွက်ရရန်နှင့် စစ်ပြေးအဖြစ် ဖမ်းဆီးအရေးယူမခံရအောင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်ထံ စာရေးသား တောင်းဆိုခြင်းဖြစ်သည်။
“ကျနော့်သားကို အမှတ် (၉) အလပံတရာ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ဦးဆန်းဦးကနေ ငွေတွေအများကြီးရမယ်ပေါ့ဗျာ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရဘူး ငါနဲ့လိုက်ခဲ့ဆိုပြီး ပြီးခဲ့တဲနှစ် ၆ လပိုင်း ဆယ့်ခုနှစ်ရက်နေ့က မွန်ပြည်နယ် အလံတရာ(သိမ်ဆိပ်) သထုံ အမှတ် (၉) စစ်အခြေခံစစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ခေါ်သွားလိုက်တာ အဲဒီအချိန်မှာ ကျနော့်သားက (၁၇) နှစ်ပဲရှိသေးတာ အဲဒီမှာ သင်တန်း (၄) လတက်ပြီး စစ်သားအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတာ အခုသားက တပ်ထဲမှာ အရမ်းအလုပ်တွေ ခိုင်းတာခံရ အထက်အရာရှိက အနိုင်ကျင့်ခိုင်းစေတာတွေခံနေရလို့ မနေနိုင်လို့ ကျနော်တို့ဆီကို ပြန်ပြေးလာတယ် အဲလိုဆိုတော့ ကျနော်တို့က တပ်မတော်က နှုတ်ထွက်ခွင့်ရအောင် အကူအညီတောင်းခံတာပါ” ဟု ဖခင်ဖြစ်သူ ဦးကြည်သောင်းက ပြောသည်။
သားဖြစ်သူ မောင်မျိုးမင်း စစ်တပ်ထဲမှာ စစ်သားတာဝန်းထမ်းဆောင်ရတာ မဟုတ်ပဲ အထက်ရာရှိတွေ စိုက်ပျိုးထားသည့် ရော်ဘာခြံများတွင် မြက်ပေါက် ပေါင်းရှင်း၊ လယ်ထဲဆင်းပြီး မြက်နှုတ် စပါးထမ်းရတာတွေက နေ့စဉ်လုပ်ကိုင်နေရတာ မျိုးဖြစ်ပြီး ရေထမ်း၊ ထင်းခွေရတာ နောက်ပြီး လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ရသည့်အခြေအနေများကြောင့် ကလေးစစ်သားမောင်မျိုးမင်းမှာ အလုပ်ဒါဏ် အထက်အရာရှိ အနိုင်ကျင့်ခိုင်းစေခံရသည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ယခုနှစ် တစ်လပိုင်းက မိဘများထံ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
2,967 views
Print This Post
