ကဏ္ဍစုံဆောင်းပါး | |

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်

“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာ ပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါ အချက် ၂ ချက်ကို သတိပြုမိပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့လို့ ကျေးဇူးတင်ထိုက်သူများအဖြစ် တစ်တန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သား အမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာ ရှိခဲ့ပြီး (နဝတ-နအဖ) ခေတ်မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။

နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီး လုပ်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း-  သခင်အောင်ဆန်း-  ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေးသမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေး တပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်းကို တစ်တန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကို ရေးသားဖေါ်ပြရာမှာပဲ ဖြစ်တယ်။ ဒါတောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေ ကြည့်ရင် “သခင်ကိုယ်တော်မှိုင်း” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗစိန်” အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။

ဗိုလ်နေဝင်းဟာ စစ်တပ်ကိုတစ်လက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို စတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ်တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။

ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ် အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေးဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာ ဖိနှိပ်ခဲ့တယ်။

ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံး စွပ်ပေးခဲ့တယ်။

စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တစ်လက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ်တယ်။
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ် အမွေခံတွေသာ ဖြစ်တယ်။
လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး၊ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တစ်လက်ကိုင်ပြုကာ စစ်အာဏာရှင်စနစ်ဖန်တီးပြီး  ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာ ဖြစ် တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့ အစဉ်အလာဖြစ်တယ်။

ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။

ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေ ပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရ ပါဝင်နေတာဖြစ်ပြီး၊ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေသူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်းဆိုတယ်။

(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလား မသိပါ။
ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကို ကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့က ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေထဲက ထင်ရှားတဲ့ဥပမာတစ်ခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့စစ်သားအမတ်တွေရဲ့တာဝန်လို့ပေါင်းပြီး ပြောတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာ ဖြစ်ပါတယ်။
လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ် နိုင်ပါတယ်။
စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်းအနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူ တွေဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။

ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ကတော့ ရှောင်လွှဲလို့မရအောင် ထိပ်တိုက်တွေ့နေပါပြီ။

“၁ ဧပြီကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLD ရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည်သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။
NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါလိမ့်မယ်။

ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ  ၇၅% ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။
လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သော အာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင်နေရပါတယ်။

ညွန်း
၁။ မတ်လ ၁၄ ရက်နေ့ ၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောတင်ပြချက် ( ဒီလှိုင်း စာစောင် အတွဲ၁ အမှတ် ၁၀ ၊ စာမျက်နှာ ၆)
၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)

တူမောင်ညို

၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်

4,945 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

10,424 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း