အတွေးအမြင် | |

အင်းဝ-ပဲခူး၊ သမိန်ဗရမ်း-ကာမဏိနဲ့ မျက်မှောက်ကာလ တရုတ်အန္တရာယ်

သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ဖျား မေခ၊ မလိခ မြစ်တွေပေါ်နဲ့ မြစ်ဆုံဒေသမှာ ရေကာတာတွေ တည်ဆောက်ပြီး တရုတ်အစိုးရဆီ လျှပ်စစ်ရောင်းချမယ့် စီိမံကိန်းတွေကို သူ့အစိုးရလက်ထက်မှာ ရပ်နားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာလိုက်တာဟာ ပြည်သူတွေ ကန့်ကွက်နေလို့လား။ ပြည်သူလူထုရဲ့ မကျေနပ်သံ ဆူညံပွက်လောရိုက်သွားတာတွေ ကြားပြီး ဖြစ်နိုင်လာချေရှိတဲ့ လူထုအုံကြွမှုကို ရှောင်ရှားချင်လို့လား။ တိတိကျကျ မပြောနိုင်ပေမယ့် မြစ်ဆုံစီမံကိန်းတွေ ရပ်နားသွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် မရပ်ဘဲ ဒီအတိုင်း တရုတ်လက်ထဲ အလျင်စလို ၀ကွက်အပ်လိုက်ရမှာနဲ့ နှိုင်းယှဉ်ရင်တော့ ယာယီအားဖြင့် ကောင်းတဲ့ အခြေအနေတခုကို ရသွားပြီလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် မြစ်ဆုံစီမံကိန်းကို မြန်မာသမ္မတ ဦးသိန်းစိန်က ရပ်နားလိုက်တဲ့ သတင်းကို ကြားကြားချင်း တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ချက်ခြင်းပဲ စီမံကိန်း ရုတ်တရက်ရပ်နားလိုက်တဲ့ ကိစ္စအတွက် တရုတ်အစိုးရအနေနဲ့ အံ့အားသင့်ရပါတယ်လို့ ပြောဆိုလာသလို တဆက်ထဲမှာပဲ တရုတ်ကုပ္မဏီတွေ မနစ်နာအောင် လုပ်ရမယ်၊ မြန်မာစစ်အစိုးရကို တရားစွဲဆိုမယ်ဆိုတဲ့ နှာတင်းသံကို ထုတ်ဖော်ပြောဆိုလာတာ ကြားသိလိုက်ရပါတယ်။

ဓာတ်ပုံ - epochalypsis.org

တရုတ်ရဲ့ မကျေမနပ် တုန့်ပြန်သံကို ကြားသိရတဲ့အတွက် ပြည်သူတယောက်အနေနဲ့ မအံ့သြမိတာ အမှန်ပါ။ တရုတ်ရဲ့ တုန့်ပြန်တဲ့ မာရေကျောရေလေသံကို နားထောင်ပြီး မြန်မာနိုင်ငံရေးမှာ အရေးတကြီး ဆွေးနွေးရမယ့် ခေါင်းစဉ် ပြောင်းသွားသလို ခံစားလိုက်ရတယ်။  ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်အစိုးရနဲ့ ပြည်သူ၊ ဖိနှိပ်သူနဲ့ လွတ်လပ်လိုသူ၊ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီစနစ် အငြင်းအခုန် ပြသနာပဋိပက္ခ issue ကနေ  တရုတ်ရဲ့ အင်အားနဲ့ ဖိနှိပ်လွမ်းမိုးမှုအန္တရာယ်ကို မြန်မာနိုင်ငံသားတိုင်း ပူးပေါင်းကာကွယ်ကြရမယ့်ကိန်း ဆိုက်သွားသလို ခံစားလိုက်ရပါတယ်။ ဒါကို စစ်အစိုးရ သဘောပေါက်မပေါက်တော့ မပြောတတ်ဘူး။ လက်တွေ့မှာတော့ ဒီအတိုင်းဖြစ် သွားပြီလို့ပဲ ကောက်ချက်ချချင်ပါတယ်။

၁၉၈၈ ခုနှစ်မှာ မြန်မာပြည်မှာ လူထုအုံကြွမှု ပေါ်ပေါက်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ တရုတ်ပြည်မှာ တီရင်နမ်ရင်ပြင် လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လူထုအုံကြွမှု ပေါ်ပေါက်ခဲ့တာချင်းတူပေမယ့် ကွဲပြားခြားနားတာကတော့ နိုင်ငံအသီးသီးတို့ ခေါင်းဆောင်များရဲ့ အရည်အချင်းနဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာပါပဲ။ ဒီလို ကွာခြားတာနဲ့အမျှ အာဏာကို ကိုင်တွယ်လုပ်ဆောင်ပုံ၊ စီမံခန့်ခွဲပုံတွေလည်း ကွာခြားသွားတာပါပဲ။

ပါးနပ်တဲ့၊ အမြော်အမြင်ရှိတဲ့ တရုတ်ခေါင်ဆောင်များက နိုင်ငံသားတွေကို နိုင်ငံရေးလွတ်လပ်ခွင့်တွေ မပေးခဲ့သည့်တိုင်အောင် စီးပွားရေးလွတ်လပ်ခွင့်ကိုတော့ ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ စိးပွားရေးကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယ စီးပွာရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံကတော့ စစ်တပ်ခေါင်းဆောင်များရဲ့ အတ္တ၊ လောဘ၊ မောဟတွေ ပိတ်မိနေတဲ့အောက်မှာ တိုင်းပြည်တခုအနေနဲ့ ရစရာမရှိအောင် အခြေအနေအားလုံး ပျက်ပြားယိမ်းယိုင်သွားခဲ့ရတယ်။

အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်သူလူထုမျက်နှာ မငဲ့ကွက်တတ်တဲ့ စစ်တပ်ခေါင်းဆောင်ပိုင်း (ဗိုလ်ချုပ်မှူးကြီး ကိုသန်းရွှေနဲ့ ကိုမောင်အေး) ရဲ့ ဆုံးဖြတ်ချက်အမှားတခုဖြစ်တဲ့ တရုတ်နဲ့ မြောက်ကိုရီးယားတို့အပေါ် မှီခိုမှုများလာတဲ့အချက် ဖြစ်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်ကတော့ အင်အားကြီးတရုတ်ရဲ့ လွှမ်းမိုးခံဖြစ်မယ့် အန္တရာယ်တွင်း သက်ဆင်းမိတဲ့အခြေကို ဆိုက်ရောက်မှန်းမသိ ရောက်သွားတာပါပဲ။ ဒီအချက်ကို တရုတ်ပြော ရေးဆိုခွင့်ရှိသူ(ဟောင်လီ)ရဲ့ ပြတ်သားတဲ့ လေသံက သက်သေပြနေပါပြီ။

တရုတ်ဟာ တိုင်းပြည်က ကြီးတယ်။ လူဦးရေများတယ်။ စီးပွားရေးဖွံ့ဖြိုးလာပြီ။ ချမ်းသာကြွယ်ဝမှု အားကောင်းလာတဲ့ နိုင်ငံလည်းဖြစ်တယ်။ စစ်အင်အားလည်း တိုးချဲ့နေပြီ။ သူ့ကိုယ်သူ မဟာ့-မဟာ အင်းအားကြီးဘွဲ့ ခံယူချင်ပြီ။ ဒီလိုအိမ်နီးချင်းမျိုးနဲ့ သင့်တင့်မျှတအောင် နေရမှာဖြစ်ပေမယ့် ပရောပရီ ဒွေးရောရှက်တင် မနေသင့်ပါဘူး။

တရုတ်နိုင်ငံအကြောင်း ပြောကြမယ်ဆိုရင် တရုတ်ပြည်ဟာ နိုင်ငံက အဘက်ဘက်က အင်အားကြီးလာပေမယ့် အရပ်လေးမျက်နှာမှာ မျက်နှာသုံးခုက ကုန်းတွင်းပိတ်ဖြစ်နေတယ်။ ပင်လယ်သမုဒ္ဒရာထွက်ပေါက်အနေနဲ့ ထွက်ပေါက်တဖက်ထဲရှိတဲ့ နိုင်ငံဖြစ်တယ်။ အနောက်ဖက်မှာ ကုန်းတွင်းပိတ်။ မြောက်ဘက်မှာလဲ ကုန်းတွင်းပိတ်။  တောင်ဘက်က  အန္ဒိယသမုဒ္ဒရာကို ထွက်ဖို့ မြန်မာပြည်ခံနေတယ်။ သူတို့မှာ အရှေ့ဘက်ထွက်ပေါက်ပဲ ရှိတယ်။ အရှေ့ဘက်ထွက်ပေါက်ဟာ နောင်တချိန်မှာ တရုတ်နဲ့ အနောက်အုပ်စုကြား စစ်အားပြိုင်မှုဖြစ်လာခဲ့မယ်ဆိုရင် တရုတ်ရေတပ်ဟာ အရှေ့ဘက်က အမေရိကန်ရဲ့ မဟာမိတ်ဖြစ်မယ့် ဂျပန်ရေတပ်အင်အားကို ပထမဆုံး ရင်ဆိုင်ရမှာဖြစ်တယ်။ ဒီတော့တရုတ်တွေ တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို မျက်စိကျမိမှာပါပဲ။

တရုတ်ပြည်ကနေ ဘင်္ဂလားပင်လယ်အော်အထိ မိုင်တထောင်ကျော်ပဲ လမ်းဖောက်ရင် ဘင်္ဂလားပင်လယ်ကို ရောက်ပြီမို့ ဧရာဝတီမြစ်ရိုးမှာ တရုတ်အလံစိုက်ထားတဲ့ တရုတ်သင်္ဘောတွေ မောင်းနိုင်ဖို့ မြန်မာစစ်အစိုးရဆီက ရေကြောင်းတောင်းတယ်။ ရထားလမ်းစီမံကိန်းကို ဖောက်ဖို့ အရေးဆိုတယ်။ အခုချိန်တော့ စီးပွားရေးအတွက် တကမ္ဘာလုံးကို ပို့နေတဲ့ ကုန်ပစ္စည်းလမ်းကြောင်းအနေနဲ့ ဥရောပ၊ အမေရိက၊ အာဖရိက၊ အာဆီယံဈေးကွက်ကို ကုန်တင်ပို့ဖို့ ခရီးနီးသွားတာ လမ်းကြောတိုသွားတာ အမြတ်ရမယ်။ ရေရှည်မှာတော့ စီးပွားရေးအတွက်သာမက စစ်ရေးအတွက်ပါ အားကောင်းလာဖို့ လမ်းကြောရှာတာပါပဲ။

အခြေအနေကတော့ မဟန်လှပါ။ တရုတ်အတွက်တော့ မြန်မာပြည်မွဲနေလေလေ၊ အင်အားပျော့လေလေ စီးပွားရေးအရလည်း ခေါင်းပုံဖြတ်နိုင်၊ စစ်ရေးမဟာဗျူဟာအရလည်း အရေးပါတဲ့ သမုဒ္ဒရာထွက်ပေါက် လမ်းကြောင်းကို ပိုင်ဆိုင်နိုင်မှာမို့ သူတို့အကျိုးစီးပွားက ကြီးမားပါတယ်။ မြန်မာနိုင်ငံအတွက်သာ လုံးပါးပါးမယ့် အခြေဆိုက်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းများ တွေးမိပြီး သမိုင်းထဲက အင်းဝနဲ့ ပဲခူး၊ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် အနှစ်လေးဆယ်စစ်ကာလမှာပဲ အင်းဝနေပြည်တော်ကို တရုတ်တပ်များ ၀ိုင်းရံထားတဲ့အချိန်ကို သွားသတိရမိပါတယ်။

အင်းဝဘုရင်မင်းခေါင်လက်ထက်မှာ စိန့်တိုင်း (တရုတ်ပြည်) က တရုတ်စစ်တပ်တွေ အင်းဝကို စစ်သည်အလုံးအရင်းနဲ့ ချီတက်လာပါတယ်။ ပြီးတော့ တရုတ်ဧကရာဇ်က အင်းဝဘုရင်မင်ေးခါင်ဆီ စာသ၀ဏ်လွှာ ပါးလိုက်တယ်။ သူတို့သူရဲကောင်း ကာမဏိနဲ့ အင်းဝသူရဲကောင်းနဲ့ စစ်ထိုးရမယ်။ အင်းဝကနိုင်ရင် တရုတ်တပ်တွေ တပ်ခေါက်ပြန်မယ်။ အင်းဝသူရဲကောင်း ရှုံးရင် အင်းဝကိုသိမ်းမယ်လို့ စာမှာ ပါပါတယ်။ အခက်အခဲက အင်းဝမှာ တရုတ်သူရဲကောင်း ကာမဏိနဲ့ စစ်ထိုးနိုင်မယ့် သူရဲကောင်း မရနိုင်ဖြစ်နေတယ်။ တတိုင်းပြည်လုံး မောင်းခတ်ကြေညာပေမယ့် တရုတ်သူရဲကောင်း ကာမဏိနဲ့ စစ်ထိုးနိုင်မယ့်သူ မပေါ်ပေါက် ဖြစ်နေတယ်။

ဒီအချိန်မှာ အင်းဝရဲ့ရန်သူ ပဲခူးက မွန်သူရဲကောင်း သမိန်ဗရမ်းဟာ အင်းဝအချုပ်မှာ အဖမ်းခံနေရပါတယ်။ အချုပ်သား သမိန်ဗရမ်းဟာ ကာမဏိနဲ့ စစ်ထိုးမယ့်သူ မရှိဖြစ်နေတဲ့ အင်းဝဘုရင်မင်းခေါင်ဆီကို  ကာမဏိနဲ့ သူ စစ်ထိုးမယ်လို့ အကြောင်းကြားလိုက်တယ်။ သမိန်ဗရမ်းရဲ့ ကမ်းလှမ်းချက်ကို အင်းဝဘုရင်ကလည်း လက်ခံပြီး တရုတ်သူရဲကောင်းနဲ့ စစ်ထိုးဖို့ ခွင့်ပြုလိုက်တယ်။  ပြည်တွင်းရန်သူတော်နှစ်ဦး ပူးပေါင်းပြီး တရုတ်ရန်ကို ကာကွယ်ဖို့ ကြိုးပမ်းချက်ပါပဲ။

ဒီပွဲမှာ သမိန်ဗရမ်း အနိုင်ရပါတယ်။ တရုတ်တပ်လည်း ကတိအတိုင်း ပြန်ဆုတ်ပေးခဲ့ရပါတယ်။ စိတ်ဝင်စားစရာက ကာမဏိနဲ့ စစ်မတိုက်ခင် မွန်သူရဲကောင်း သမိန်ဗရမ်းရဲ့ မြင့်မြတ်တဲ့ အတွေးနဲ့ အင်းဝဘုရင်မင်ေးခါင်ရဲ့ အမြော်အမြင်ရှိမှုပါ။

သမိန်ဗရမ်းရဲ့အတွေးကတော့ …

အင်းဝသည် ပဲခူးသို့ချီရန် လမ်းစဖြစ်တယ်။ အင်းဝဟာ ဟံသာဝတီရဲ့ မုခ်ဝနဲ့လည်း တူတယ်။ ယခု စိန့်ဧကရာဇ်မင်းသည်  အင်းဝကိုရပြီးသော်လည်း ဆန္ဒပြည့်ဝမည်မဟုတ်။ အင်းဝကိုရပြီးရင် ဟံသာဝတီကို ဆက်ချီလိမ့်မယ်။ အင်းဝပျက်ရင် ဟံသာဝတီကို ငါလည်း ပြန်ရောက်ဖို့ လမ်းမမြင်တော့။ ဒီစစ်ကို ငါခုခံတိုက်မှ သင့်တော်မယ်။ တရုတ်ဧကရာဇ်လည်း ဟံသာဝတီကို မစုန်စေတော့ပြီလို့ သမိန်ဗရမ်း တွေးတောဆင်ခြင်နိုင်ခဲ့တာပါပဲ။

သမိန်ဗရမ်း စစ်ထိုးမထွက်ခင် အင်းဝကအစောင့်များကို ပြောခဲ့တဲ့ စကားကလည်း တကယ်ကို ချီးကျူးလောက်ပါတယ်။

အခု ငါ သမိန်ဗရမ်းဟာ ကာမဏိကို စစ်ထိုးဖို့ တာဝန်ယူခဲ့တယ်။ ငါ တာဝန်ယူခဲ့တာဟာ ငါ ကျော်ဇောလိုလို့မဟုတ်။ အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲပြီး ကျော်ဇောခြင်းနှင့် ပြည့်စုံစေလိုခြင်း၊ မြို့သူမြို့သား၊ ရဟန်း၊ ပုဏားများအား ချမ်းသာသုခနဲ့ ပြည့်စုံစေလိုခြင်းကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သမိန်ဗရမ်းရဲ့ စကားလုံးများ အတွေးအမြင်များဟာ နောင်လာနောက်သား မြန်မာနိုင်ငံသားအားလုံး စံထားသင့်တဲ့ စကားလုံးများ အတွေးများဖြစ်သလို ဘုရင်မင်းခေါင်ရဲ့ ရန်သူသုံ့ပန်း သမိန်ဗရမ်းအပါ် မြင့်မြတ်တဲ့ စိတ်ထားနဲ့ တာဝန်ပေးလွှဲအပ် ပူေးပါင်ေးဆာင်ရွက်စေတာကလည်း ချီးကျူးထိုက် မှတ်သားထိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကလည်း အင်းဝခေတ် တရုတ်အန္တရာယ်ကျရောက်ချိန်နဲ့ အလားသဏ္ဍာန် တူဖြစ်နေပြီ်လို့ ထင်မိပါတယ်။ ဒီအချိန်မှာ ကိုယ့်ပြည်တွင်းက သဘောထားကွဲလွဲမှုတွေကို သဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းကြရမယ့် အချိန်လို့ ပြောချင်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သမိန်ဗရမ်းတွေးသလို အများပြည်သူ အကျိုးစီးပွားအတွက် ပူေးပါင်ေးဆာင်ရွက်ဖို့ တချိန်လုံး ပြောနေပါတယ်။ စစ်တပ်ခေါင်းဆောင်များဘက်က အတ္တလျှော့ပြီး အမှန်မြင်နိုင်ဖို့ပဲ လိုမယ်ထင်ပါတယ်။ အပြောင်းအလဲလုပ်မယ်လို့ တောင်ပြောမြောက်ပြောတွေ ပြောပြီး ဟန်ပြသက်သက်လုပ်ရမယ့် အခြေအနေ မဟုတ်တော့ပါဘူး။ ဒီအချိန်ဟာ တရုတ်လွှမ်းမိုးမှုကို စစ်တပ်ကော အတိုက်အခံတွေကော ပြည်သူတွေကော ပူးပေါင်းကာကွယ်ဖြေရှင်းရမယ့် အခြေအနေ ဆိုက်နေပါပြီ။ ကိုယ် အင်အားရှိနေမှ အင်အားကြီးတွေရဲ့ ဖိနှိပ်လွှမ်းမိုးမှုကို တောင့်ခံပြီး ရပ်တည်နိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီတည်ဆောက်ရေး ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်ဖြစ်လို့ အများစုက သဘောထဲရှိမယ်ဆိုတာ သံသယရှိစရာမလိုပါ။

အင်း … ပြောရတာ မောပါဘိ။ စစ်တပ်ခေါင်ဆောင်များ အင်းဝဘုရင်မင်းခေါင်လို အမြော်အမြင်ကြီးဖို့၊ ပြောရင် ပြောတဲ့အတိုင်း လက်တွေ့လုပ်ဖို့၊ ကတိက၀တ်တည်ဖို့၊ ပြည်သူကို လိမ်တတ်တဲ့အကျင့်ဆိုးတွေ ပျောက်ဖို့၊ နိုင်ငံနဲ့ ပြည်သူ့မျက်နှာကြည့်ဖို့ ဆိုတာတွေကို ဘယ်ဘုရားဟောမှ အကျွတ်တရားရမလဲမသိဘူး။ စိတ်လည်းပျက်မိပါတယ်။ စိတ်ပျက်ပျက်နဲ့ပဲ ထပ်သတိပေးချင်တာက တရုတ်အန္တရာယ်ကို ကိုယ့်နိုင်ငံသားချင်း ပူးပေါင်ဆောင်ရွက်ပြီး ကာကွယ်ရတော့မယ်။ ဒီ့အတွက် နိုင်ငံသားအားလုံး ပါဝင်နိုင်မယ့် ဒီမိုကရေစီစနစ်နဲ့ ခုခံကာကွယ်မှသာ ရနိုင်လိမ့်မယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ အနဲဆုံး စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ အခြေအနေလောက် ဘက်စုံဖွံ့ဖြိုးမှု အမြန်ဆုံးရောက်ရှိမှသာ အင်အားကြီး အိမ်နီးချင်းရဲ့ဒဏ်ကို တောင့်ခံနိုင်လိမ့်မယ်။

ဒီလိုမဟုတ်ဘဲ စစ်တပ်ဟာ အနှစ် ၅၀ မိုက်လုံးကြီးသလို ရှေ့ကိုတိုးလို့ ဆတိုးမိုက်နေရင်တော့ တရုတ်က အင်းဝခေတ်ကလို  ဟံသာဝတီလောက်နဲ့ မရပ်ဘူး။ အန္ဒိယသမုဒ္ဒရာထိ ချီလေတဲ့ချီလေဖြစ်မှာ ဧကန်ပါပဲ။ ကိုယ့်တိုင်းပြည်ကတော့ တရုတ်ဝက်စားကျင်းအဖြစ် ဖြတ်နင်းခံဘ၀ရောက်မှာ မလွဲဘူးလို့ပဲ သတိပေးချင်ပါတယ်။

သြော် … နိုင်ငံ့အရေး တွေးလေ တွေးလေ … ရင်မောလိုက်ပါဘိ။

*****

နိုင်ငံသားအားလုံးကို တန်ဖိုးထားသော -
မမခင်
၉ – ၁၀ – ၂၀၁၁ (နံနက် ၁ နာရီ ၁၀ မိနစ်)

 

3,343 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

10,424 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း