ကဏ္ဍစုံဆောင်းပါး | |

အာမခံချက် မလိုဘူး၊ ချွင်းချက်မရှိ လွှတ်ပေးရမယ်

အခုတလောကြားနေရတဲ့ သတင်းတစ်ခုပေါ့။ “နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မယ်’’
သတင်းက ဒီမှာတင်ရပ်မနေပါဘူး။ “လွှတ်ပေးလိုက်မယ့် နိုင်ငံရေးအကျဉ်းသားတွေ ဆူဆူပူပူမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အာမခံရမယ်’’ ဆိုတဲ့ အစိုးရရဲ့အာဘော်ဖန်တီးချက်က နောက်ဆက်တွဲ ပါလာတယ်။

စိတ်ထဲ ဖြောင်းကနဲပေါ်လာတဲ့ မေးခွန်းက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးစဉ်က ဒေါ်အောင်ဆန်းစုကြည် သဘောတူညီချက်နဲ့ ဖမ်းတာလား။ ဒါဟာ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရေးကို လက်မခံတာဘဲ။ ငြင်းပယ်တာပဲ။ ဈေးဆစ်တာပဲ ဖြစ်တယ်။

ထောင်ကနေ လွှတ်လာတဲ့အခါ မိမိစိတ်ဝင်စားရာနယ်ပယ်မှာ (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် အရေးစသဖြင့်) လွတ်လပ်စွာ ပါဝင်လှုပ်ရှားမှုကို ကြိုတင်ပိတ်ပင်ကန့်သတ်ထားချက်လည်း ဖြစ်တယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က အာမခံချက်ပေးရမှာလဲ။

နောက်တစ်ချက်က အစိုးရရဲ့အာဘော်ဖန်တီးချက်လို့ ဘာကြောင့်ပြောနိုင်သလဲ။ အချက် ၂ ချက်ကို အခြေခံပြီး ပြောတာပါ။
ပထမတစ်ချက်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောတဲ့စကား ဖြစ်ပါတယ်။
မစ္စတာ သောမှတ်အိုဟေးကွင်တားနားကို ပြောလိုက်တာပါ။ ကွင်တားနား မြန်မာနိုင်ငံခရီးစဉ် (သြဂုတ်၂၁ မှ သြဂုတ်၂၅ ရက်အထိ)
“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန်ရှိနိုင်ကြောင်း”

ဒီပြောစကားက တစ်စုံတစ်ယောက်က အာမခံချက်ပေးရမယ် သို့တည်းမဟုတ် နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ဝန်ခံချက် လက်မှတ်ရေးထိုးပေးမှ လွှတ်မယ်ဆိုတဲ့ အနက်အဓိပ္ပါယ်သက်ရောက်နေတယ်ဆိုတာ လူပြိန်းတောင် တွေးတတ်ပါတယ်။

ဒုတိယတစ်ချက်က နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ပြောတဲ့စကားဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr.Derek Mitchell နဲ့ တွေ့ဆုံစဉ်မှာပြောတာပါ။ Mr.Derek Mitchell မြန်မာနိုင်ငံခရီးစဉ် (စက်တင်ဘာလ ၉ ရက်မှ  ၁၄ ရက်နေ့အထိ)

“နိုင်ငံရေးအကျဉ်းသားများနှင်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အမြင်သဘောထားခြားနားလျက်ရှိနေခြင်းအပေါ် မည်သို့ဆောင်ရွက်သင့်သည်ကို နည်းလမ်းရှာ ကြံစဉ်းစားလျက်ရှိပါကြောင်း”
အဲဒီလိုပြောကြားခဲ့တဲ့ အချက် ၂ ချက်ကို အခြေခံပြီး ဒီသတင်းဟာ အစိုးရရဲ့အာဘော်ဖန်တီးချက်တစ်ခုဖြစ်တယ်လို့ ကောက်ချက်ချပြီးပြောတာ ဖြစ်ပါတယ်။

မတရားတာကို မတရားဘူး။ မမျှတတာကို မမျှတဘူး။ မမှန်တာကို မမှန်ဘူးလို့ ရဲရဲဝံ့ဝံ့ပြောရမှာဘဲ။ တရားဥပဒေစိုးမိုးမှုမရှိရင် တရားဥပဒေစိုးမိုးမှုမရှိကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုရမှာဘဲ ဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းချခံရတာရဲ့အဓိကအချက်ဟာ သူတို့ရဲ့လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမှုကြောင့် မတရားတဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ လူတိုင်းဟာ မိမိနှစ်သက်တဲ့ အယူအဆကို/ယုံကြည်ချက်ကို ကိုင်စွဲပြီး မိမိယုံကြည်တဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှာပဲ။ ဝင်ရောက်ပြောဆိုရမှာပဲ ဖြစ်တယ်။

ဖိနှိပ်မှုရှိနေရင် အုံကြွမှုဆိုတာ ရှိနေမှာပဲ။ ဒါဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့မှ တားဆီးလို့မရနိုင်တဲ့ လူမှုဥပဒေသ တစ်ခုဖြစ်တယ်။
“ဖိရင် ကြွရမှာပဲ၊ ထိရင် ပြန်ချရမှာပဲ’’။
မတရားဖိနှိပ်အနိုင်ကျင့်တာကို ငုံ့မခံနိုင်ဘူး။
မတရား ဖိနှိပ်အနိုင်ကျင့်တာကို ခုခံတော်လှန်တာ တရားမျှတပြီး အမြဲတမ်းမှန်ကန်တဲ့ တရားဖြစ်တယ်။
နိုင်ငံရေးအရ တန်းတူရည်တူ ရှိမယ်။ လူမျိုးရေးအရ တန်းတူရည်တူရှိမယ်ဆိုတဲ့ အာမခံချက်သာ တိတိကျကျရှိနေပါစေ ဘယ်သူမှ ဆူဆူပူပူလုပ်နေမှာ မဟုတ်ပါဘူး။ တော်လှန်နေမှာ မဟုတ်ပါဘူး။

နိုင်ငံရေးအရ တန်းတူရည်တူ မရှိဘူး။ လူမျိုးရေးအရ တန်းတူရည်တူမရှိဘူးဆိုရင် ဘယ်ပုဂ္ဂိုလ်က အာမခံချက်ပေးသည် ဖြစ်စေ/ မပေးသည်ဖြစ်စေ သဘာဝကျကျပေါ်ပေါက်လာတဲ့ ဆူပူအုံကြွမှုနဲ့ လူထုတော်လှန်ရေးကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဆူပူအုံကြွမှုတို့၊ လူထုတော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုလားအပ်တဲ့အရာတွေ၊ ထွေးပွေ့ကြိုဆိုရမယ့် အရာတွေဖြစ်တယ်။
အကြမ်းဖက်ဖိနှိပ်အုပ်စိုးသူတွေကတော့ လူထုလှုပ်ရှားမှု၊ တော်လှန်ရေးနဲ့တော်လှန်ရေးသမားကို ကြောက်မှာပဲ။
အကြမ်းဆူပူသောင်းကျန်းသူတွေလို့ သရုပ်ဖျက်ကြတာပဲ။ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်တာပဲ။

ကျနော်တို့အားလုံး အကျယ်လောင်ဆုံး အော်ဟစ်တောင်းဆိုနေတဲ့ အချက်က “နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေး’’ သာဖြစ်တယ်။

ညွန်း
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ သြဂုတ် ၂၆ ရက်)
- မြန်မာ့အလင်းသတင်းစာ (၂၀၁၁ စက်တင်ဘာ ၁၅ ရက်)

တူမောင်ညို

(၂၀၁၁ စက်တင်ဘာ ၂၀ ရက်)

1,931 views Print This Post Print This Post

One comment on “အာမခံချက် မလိုဘူး၊ ချွင်းချက်မရှိ လွှတ်ပေးရမယ်

  1. myanmarpitharr on said:

    “နိုင်ငံရေးအကျဉ်းသားများအားလုံး ကို အမြန်ဆုံး အရင် လွှတ်ပေး ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

*

9,464 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း