ကြမ်းတဲ့ ရမ်းတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း
တာစားပြီး အပြောများနေတဲ့ “မတူကွဲပြားတာတွေ ဘေးဖယ်ထားပြီး — ပူးပေါင်းဆောင်ရွက်ကြဖို့” ဆိုတဲ့ မာတိကာထဲကို နောက်ဆုံးဝင်ရောက်လာတာကတော့ “ဧရာဝတီမြစ်ကယ်တင်ရေးကိစ္စ” ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။
ဒီတစ်ခါဘေးဖယ်ပုံဖယ်နည်းကတော့ ကြမ်းလှ၊ ရမ်းလှသဗျာ။ ကြမ်းတဲ့ရမ်းတဲ့ ပြောဆိုမှုထဲမှာ မောက်မာထောင်လွှားမှုနဲ့ ငါသိငါတတ်မှုကလည်း “သတိ” ဆွဲထားတဲ့ စစ်သားတစ်ယောက်လို တောင့်တောင့်တင်းတင်းပဲ ခင်ဗျ။
“ဆက်လုပ်ပါမယ်၊ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” တဲ့။
စစ်အာဏာရှင်စနစ်ရဲ့လုပ်နည်းလုပ်ဟန်တွေထဲမှာ အထင်ရှားဆုံးဖေါ်ပြချက်က “ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို လုံးဝအလေးမထားတာနဲ့ သူတို့စိတ်ကြိုက်လုပ်ချင်တာ လုပ်တဲ့လုပ်ဟန်” ပဲဖြစ်ပါတယ်။
“ဘမျိုးဘိုးတူ” လို့ ပြောရမှာပဲ။ သွားလေသူ သူတို့ “အဘ” ကလည်း “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်ဖောက်တာ မပါဘူး၊ တည့်တည့်ပစ်တယ်” လို့ ဒေါသတကြီး ပြောဆိုသွားတာပဲ။ ဒီတော့ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်ကြတာ ဘာဆန်းမှာလဲ။ “ပျော့” လာတယ် ထင်သူတွေအတွက်တော့ ကိုယ်ရှိန်သပ်စရာ တစ်ခုဖြစ်လေမလားမသိပါ။
နှစ်လုံးပြူးရထားတဲ့ ဦးကျော်ဆန်းအပြောက သူတို့အစိုးရကိုင်စွဲထားတဲ့ ရပ်တည်ချက်နဲ့သဘောထားကို တင်းတင်းမာမာ ပြောတာပဲရှိတယ်။ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းလောက်တော့ မကြမ်းဘူး၊ မရမ်းဘူးဗျ။ ယဉ်ကျေးမှုဝန်ကြီးဌာနတွဲကိုင်ထားရတာကြောင့် လည်းဖြစ်မလား မသိပါဘူး။ ဧရာဝတီကိစ္စနဲ့ ပတ်သက်ပြီး (၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်မင်းနဲ့ဗြောင်းပြန် “ငိုပြ” သွားပါတယ်။
ပြည်ထောင်စုဝန်ကြီးတစ်ပါးက “ငိုပြ” တယ်။ ပြည်ထောင်စုဝန်ကြီးတစ်ပါးက “ဘီလူးထွက်” ထွက်ပြတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးတွေထဲမှာ “အမာ/အပျော့” ကွဲနေပြီလို့ အသုံးသပ်မစောလိုက်ပါနဲ့ဦး။ စစ်အာဏာရှင်စနစ်ဆိုတဲ့ အတ္တဘောကြီး ရဲ့“ဘယ်လက်နဲ့ညာလက်” လို့ ရှုမြင်နိုင်ကြရပါမယ် ခင်ဗျ။
သမ္မတ ဦးသိန်းစိန်ကတော့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) မှာ အခုလို ပြောသွားပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ကမှ ပြောသွားတာပါ။
“ပြည်သူ့အစိုးရ ဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကိုထမ်းဆောင်ကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ယုံကြည်ကိုးစား အားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” တဲ့။
ဒီပြောကြားချက်အတိုင်းသာ “အပြောနဲ့အလုပ်” အမှန်တကယ်ညီညွတ်ကြောင်း လက်တွေ့သက်သေပြမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းကို “ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်း” ဆိုတဲ့ အထဲက တစ်နည်းနည်းနဲ့တော့ဖြင့် ပြည်သူလူထု စိတ်ကျေနပ်မှုနဲ့ စိတ်ချမ်းသာမှုကို ဖေါ်ဆောင်ပေးရပါလိမ့်မယ်။
တိုးတိုးတိတ်တိတ် အတွင်းကျိတ်ပြီး သတိပေးဆုံးမတာမျိုးတော့ မလုပ်စေချင်ပါဘူး။
ပြည်ထောင်စုဝန်ကြီးမကောင်း၊ သမ္မတခေါင်း။ သမ္မတဟာ သူ့အစိုးရအဖွဲ့ကို တာဝန်ခံရမယ် မဟုတ်လားခင်ဗျ။
အစိုးရသစ်ဟာ ပြောသလိုတကယ်လုပ်တယ်။ တာဝန်ယူစိတ်တကယ်ရှိတယ်ဆိုတဲ့ အသိအမြင်မျိုး ပြည်သူတွေလက်တွေ့ သိရှိယုံကြည်ရဲဝံ့လာအောင် စံနမူနာပြအဖြစ် ပွင့်ပွင့်လင်းလင်းဆောင်ရွက်ပြသသင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။
ဒီကိစ္စကို စံနမူနာပြအဖြစ် ပြတ်ပြတ်သားသား ကိုင်တွယ်ဝံ့ပါသလား။
သမ္မတ ဦးသိန်းစိန်ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းနိဂုံးမှာပါတဲ့ အောက်ပါအချက်ကို လက်တွေ့ဆောင်ရွက်နိုင်ပါ့မလား။
“ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေဖြစ်ချင်တာတွေကို ကျွန်တော်တိုသိပါတယ်။ အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်”
တူမောင်ညို
(၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်)
3,159 views
Print This Post

ဒါ လူပြောတဲ့ လူစကားမှမဟုတ်တာ…ဧရာဝတီ ကိုချစ်ကြတဲ့အထဲမှာ ဗမာတိုင်းရင်းသားတိုင်းကိုမဆိုထားနဲ့ဦး….ဗမာပြည်ပေါက် တရုတ် ကုလား လည်းချစ်တာဘဲ…သာဓကတွေအများကြီးရှိခဲ့လို့ကျုပ်ပြောတာပါ။အခုကြည့်စမ်း……ဧရာဝတီ ကို ဖုတ်ကြည်းသင်္ဂြိုံလ်တဲ့ ပြည်ထောင်စုဝန်ကြီးဆိုတဲ့ သုဘရာဇာကောင် က တိုက်ပုံဝတ်ပြီးဗမာလိုပြောနေတော့ သမိုင်းစာမျက်နှာပေါ်မှာ ကျုပ်တို့ဗမာတွေ တရားခံဖြစ်ရတော့မယ်။စိတ်ထဲတော်တော်မကောင်းလို့ရေးမိတာပါဗျာ။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးကတေားလို့ နောက်ဆုတ်မလား မဆုတ်ပါဘူး ဆက်လုပ်မှာပါ။ ဗမာတို့ရဲ့ သွေးကြောဖြစ်နေလဲ ဖောက်မှာပဲ။ ပြည်သူတစ်ရပ်လုံးမျိုးတုံးလည်း ဆက်လုပ်မှာပဲ။ ဘယ်သူသေသေ ငါကောင်းစားဖို့ကအဓိကပဲ ဘယ်ကောင် မှသောက်ဂရုမစိုက်ဘူး ဆက်လုပ်မှာပဲ
အရှုတ်ထုတ်သန်းရွှေ ကစပြီး တဖွဲ့ချင်းကိုရှော့ရင် ဘယ်သူမှ မဟုတ်တာလုတ်ရဲမှာမဟုတ်တော့ပါဘူး။အသေခံပြီးအပါခေါ်သွားရင် ငါတို့(၁၀)ယောက်ထက်ပို မစတေးရဘာဘူး၊