တွေ့ဆုံနိုင်ဖွယ်ရှိတဲ့ သတင်းအပေါ် အမြင်
၂၃ ဇူလိုင် (ဗွီအိုအေ) သတင်းအရ လာမယ့်တနင်္လာနေ့ (၂၅ ဇူလိုင်) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ကြားသိရပါတယ်။ ကြားရတဲ့သတင်းအပေါ် မူတည်ပြီး ပြောပါမယ်။
ဇွန်လ ၂၉ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားစာမှာဖေါ်ပြထားတာက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့တွေ့ဆုံဖို့ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးမတွေ့ပဲ၊ အလုပ်သမားဝန်ကြီးက (ဗွီအိုအေသတင်းအရ) တွေ့ဆုံနိုင်ဖွယ်ရှိရတာလဲ။
ဘယ်လိုအနေအထားမျိုးနဲ့ တွေ့ဆုံကြမှာလဲ။
(အရပ်သားတစ်ဦးကို ဝန်ကြီးကခေါ်တွေ့တဲ့ပုံစံလား/ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင် တစ်ဦးအနေနဲ့ တွေ့ဆုံတဲ့ပုံစံလား။ အခြားဘယ်လိုပုံစံအနေအထားမျိုးနဲ့ တွေ့ဆုံမှာလဲ) တွေ့ဆုံရတဲ့ အကြောင်းအရာက ဘာလဲ။
အရပ်သားတစ်ဦးအဖြစ် ခေါ်တွေ့ပြီး၊ လူမှုရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စပြောမှာလား။
သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးတစ်ယောက်အဖြစ် လက်ခံတွေ့ဆုံမှာလား။
NLDကို “၂၀၁၀ စက်တင်ဘာ ၁၄ ရက် ကြေညာချက်အမှတ် (၉၇/၂၀၁၀) နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းကြောင်း” ကြေညာထားပါတယ်။
ယင်းအချက်သည် တည်ဆဲဥပဒေဖြစ်ပါတယ်။ ယင်းအချက်ကို ကျော်လွန်နိုင်ပါ့မလား။
မကျော်လွန်နိုင်ကြောင်းအထင်အရှား ပြသနိုင်တဲ့ သာဓက ၂ ခု ပူပူနွေးနွေးရှိပါတယ်။
ပထမ သာဓက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဇွန် ၂၈ ပေးစာက ကြေညာချက်အမှတ် (၉၇/၂၀၁၀) ပါ သဘောထားနဲ့အညီ ရေးသားပေးပို့တာပါ။
ဒုတိယ သာဓက သမ္မတရဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဦးမြင့် NLD ဌာနချုပ်ရုံးမှာ ဟောပြောမယ့်ကိစ္စ တားမြစ်ခံရပါတယ်။
သို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်က အထက်ပါတည်ဆဲဥပဒေနှင့် သဘောထားများကို ချိုးဖောက်ပြီး
နိုင်ငံရေးခေါင်းဆောင်တစ်ဦး/ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ လက်ခံတွေ့ဆုံနိုင်ပါ့မလား။
(၆၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဇာနည်ကြီးများရဲ့မိသားစုဝင်များ နည်းတူမိသားစုဝင်တစ်ဦးအနေနဲ့ တက်ရောက်ခဲ့တာပါ။ ဆိုလိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေနဲ့ တက်ရောက်ခဲ့တာ မဟုတ်ပါဘူး။
(၆၄) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာလည်း သီးသန့်ပြုလုပ်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ်သွားခဲ့တယ်လို့ မီဒီယာသတင်းများမှာ ဖေါ်ပြတာကို သတိပြုမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နောက်ဆုံးတွေ့ဆုံခဲ့တာ ၂၀၁၀ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီသတင်းနဲ့ သတင်းဓါတ်ပုံကို မြန်မာ့အလင်းသတင်းစာ (၁၆ ဇန်နဝါရီ ၂၀၁၀) နောက်ကျောဖုံးမှာ ဖေါ်ပြထားပါတယ်။
ပထမဆုံးအကြိမ် စတင်တွေ့ဆုံကြတာဟာ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီး ဦးအောင်ကြည် (ယခင် ဗိုလ်ချုပ်ဟောင်း) ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်တာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကာလမှာ ဖြစ်ပါတယ်။
ရက်စွဲတွေအတိအကျ ထည့်ပေးလိုက်တာက အခြေအချိန်အခါနဲ့ သဘောထားတွေကို သတိပြုစေချင်တဲ့ စေတနာနဲ့ပါ။
တူမောင်ညို
(၂၀၁၁ ဇူလိုင် ၂၅ ရက်)
Print This Post