Yoma3 » ရသစာစု

“ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက”
ပြည်သူ့မြင်စာစောင်၏တာဝန်ခံ ဆရာရွှေပြည်စိုးက ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရတခုခု ရေးပါလားဟု တိုက်တွန်းတော့ ကျနော့်စိတ်က စာရေးဆရာ၊ ကျူရှင်ဆရာ ဘိုင်အိုမင်းသစ်ဆီရောက်သွား၏။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလတွင် စင်ပေါ်သို့ လူအတော်များများတက်လာကြ၏။ ကိုယ်သန်ရာသန်ရာ ထောင့်များမှနေ၍ လူထုအား စည်းရုံးသိမ်းသွင်း လှုံ့ဆော်ခဲ့ကြ၏။ သို့နှင့်ကျနော်တို့လည်း ထိုသူများအနက် သင့်ရာတော်ရာသူများအား ဖိတ်ကာ တရားပွဲတွေ လုပ်ဖြစ်၏။ တကြိမ်တွင် အခြားသူများနှင့်အတူ ဆရာဘိုင်အိုမင်းသစ်လည်းပါ၏။ တယောက်ပြီးတယောက် ဟောကြပြောကြရင်း သူ့အလှည့်ရောက်တော့ သူက သူဟောမည့်ပရိသတ်သည် လူကြီးများမဟုတ်ကြောင်း အစချီကာ မူလတန်းအလယ်တန်းကလေးများအား ရှေ့ဆုံးတွင် နေရာယူစေ၏။ ထို့နောက် လူကြီးများအား တရားဟောမည်မဟုတ်ကြောင်း၊ သူနှင့်ကလေးများအမေးအဖြေသာ လုပ်မည်ဖြစ်ကြောင်း၊ လူကြီးများ ကိုယ့်နေရာကိုယ်နေပြီး သူနှင့်ကလေးများကိစ္စတွင် ဝင်မပါစေလိုကြောင်းဆို၏။

စစခြင်း သူက “သားတို့သမီးတို့ရေ.. ဗိုလ်မင်းရောင် (ခေါ်) ဗိုလ်လရောင်ကို သိကြသလား” ဟု မေး၏။ ကလေးများက “သိပါတယ်.. သိပါတယ်”ဟု ဆိုတော့ “သိရင် ဘယ်သူလဲ” ဟု ထပ်မေး၏။ ကလေးတို့က “ဗိုလ်ချုပ်အောင်းဆန်းရဲ့အဖိုးပါ” ဟု အုံးအုံးကြွက်ကြွက် ပြန်ဖြေ၏။ “ဒါဆိုရင်.. “ဦးဖါနဲ့ဒေါ်စုကိုရော” ဟုမေးတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်း အဖေနဲ့အမေပါ” ဟု သံပြိုင်ဖြေပြန်၏။ “ဒါဖြင့် နောက်ဆုံးတခုမေးမယ်” ဟု ဆိုပြီး “ဒေါ်အောင်ဆန်းစုကြည်ကိုရော” ဟုထပ်မေးပြန်၏။ ကလေးတို့ကလည်း သိကြောင်းပြောပြန်၏။ “သိရင် ပြော.. ဘယ်သူလဲ” ဟုဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းသမီးပါ” ဟု သံပြိုင်ပြန်ဖြေ၏။

“မင်းတို့ကလည်း အကုန်သိနေတော့တာပါပဲလား” ဟုဆိုကာ နဖူးကို လက်ဖြင့်ရိုက်ပြီးနောက် “ကဲကွာ ဒါလောက်တောင်သိတဲ့ ကောင်တွေ” ဆိုပြီး “ဦးနေဝင်းကိုရော သိကြလား” ဟု အသံမြှင့်ပြီးမေး၏။ ကလေးတို့ကလည်း အားကျမခံ အသံကုန်အော်ပြီး “သိပါတယ် သိ ပါတယ်” “ပါတီဥက္ကဋ္ဌကြီးပါ..ပါတီဥက္ကဋ္ဌကြီးပါ” ဟုပြောပြန်၏။ “ဟာ..ဒီကောင်တွေ သိပြန်ပြီ။ ကဲကွာ ဒါဆို ပြောကြစမ်း အဲဒီဥက္ကဋ္ဌကြီး အဖေနဲ့အမေ နာမည်တွေ” ဟုလည်းဆိုလိုက်ရော ကလေးတို့ဆီက ဘာသံမှထွက်မလာတော့။ အားလုံးတိတ်ပြီး ငြိမ်ကျသွား၏။ သည်တော့မှ သူက “အဲဒါပဲ… ရှေးလူကြီးတွေပြောတဲ့ လူမှာအမျိုးကြက်မှာအရိုးဆိုတာ..” ဟု ပိတ်ချလိုက်တော့၏။ ကလေးပရိသတ်က ကြောင်နေဆဲ၊ လူကြီးပရိသတ်ထံမှ လက်ခုတ်သံတွေတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံတွေတရွှီရွှီ၊ ပရိသတ်ကားပတ်တုတ်လို့ မရတော့။

လောကတွင် လူတို့ မွေး၏။ နေ၏။ သေ၏။ ဘာမှမဆန်း။ သို့သော် လူတဦးခြင်းစီအလိုက် အမွေး၊ အနေ၊ အသေတွင်မူ ယုတ်ခြင်း၊ လတ်ခြင်းနှင့်မြတ်ခြင်းရှိ၏။ လူတို့က လူတဦးချင်းစီ၏ တန်ဖိုးဆိုသည်ကိုလည်း ထိုအယုတ်၊ အလတ်၊ အမြတ်နှင့် အမွေး၊ အနေ၊ အသေ ဆိုသည့် နှုန်းစံတို့ဖြင့် ချင့်တွက်ကြ၏။ လူတို့အတွက် မဆန်းသောကိစ္စသည် လူတဦးချင်းစီအတွက် ထူး၏။

မမွေးခင်ကပင် သန္ဓေမြတ်နှင့်သူ၊ မွေးမွေးခြင်း လောကကောင်းချီးရသူတို့အကြောင်း ဗုဒ္ဓဝင်၊ ခရစ်ဝင်နှင့် ကိုရ်အန်ကျမ်းစာများ၌ သာမက သူမြတ်တို့အကြောင်း စာပေများတွင်ပါ တွေ့ရ၏။

ထိုမျှ မကြီးမြတ်ငြားလည်း ထိုက်သလောက်ကြီးမြင့်သူတို့၏ နေခြင်းအတွက် လောကဝမ်းမြောက်ရသလို၊ ထိုသူတို့၏သေခြင်း၌ လောကနာကျင်ရ၏။ ထိုသူတို့နေခြင်းအား ကမ္ဘာမြေသည်အမွန်မြတ် အထွဋ်တပ်သလောက် ထိုသူတို့သေခြင်းအား သင်္ခါရတို့၊ အနိစ္စတို့နှင့် နှလုံးသွင်းသည့်တိုင် စုပ်တသတ်သတ်ဖြစ်ရ၏။ “အသေစောလိုက်တာ” ဆိုသည့်မြည်တမ်းသံသည် ထိုသူတို့အား အကြောင်းပြု၍လာခြင်း ဖြစ်တန်ရာ၏။

မမွေးခင်ကပင် သန္ဓေယုတ်နှင့်သူ၊ ဖွားသည့်မိခင်၏ ဝမ်းရည်စပ်ရသူတို့အကြောင်းလည်း လောကီနှင့်လောကုတ္တရာ စာပေတို့တွင် တွေ့ရ၏။ ထိုသူတို့မွေးဖွားလာခြင်းအတွက် လောကညည်းတွားရသလို ထိုသူတို့သေဆုံးခြင်း၌ ပီတိဖြစ်စရာမဟုတ်သည့်တိုင် လောက ဝမ်းမြောက်ရသည်လည်း ရှိ၏။ “သက်ဆိုး(ဇိုး)တော်တော်ရှည်ခဲ့တာ” ဆိုသည့် ငြီးတွားသံသည် ထိုသူတို့အား အကြောင်းခံခြင်း ဖြစ်တန်ရာ၏။

ကျနော်တို့သည် “အသေစောလိုက်တာ” ဟု ဆိုစမှတ်တွင်လောက်အောင် ကြီးမြတ်သူတို့နှင့် ထိုက်တန်ခဲ့သူများဖြစ်သလို၊ “သက်ဆိုး(ဇိုး)တော်တော်ရှည်” များနှင့်လည်း နေနေရ၏။

ကျနော်တို့တွင် ကနောင်မင်းသားကြီးကိုရခဲ့ဖူး၏။ တန်ဖိုးထားရကောင်းမှန်းမသိသူတို့လက်ချက်ဖြင့် သူရောသူ့နိုင်ငံပါဆုံးရှူံးခဲ့ရဖူး၏။ ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်းမသိ သူတို့လက်ချက်ဖြင့် သူရောသူ့တိုင်းပြည်ပါ နစ်နာနေရ၏။ ကျနော်တို့တွင် ယခုခေါင်းဆောင်တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ် တတွက်တွင် ထိုခေါင်းဆောင်၏အသက်တာသည် ရေပွက်ပမာဖြစ်မသွားဟု မည်သူမှမဆိုနိုင်ကြ။ သောကဖြင့် အကောင်းကိုမျှော်ကြည့်ရ ခြင်းသည် ပူလောင်၏။ ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲဖြစ်ရ၏။ အပူကင်းအကောင်းမြင်၊ ဧကစိတ်ချင့်ချင့်ရဲရဲဖြင့် ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာဆိုချင်၏။

မျိုးမြင့်ချို

ရိုးသားမှုရသ
ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က ပြဋ္ဌာန်းလိုက်တဲ့ လူတွေရဲ့ ကြံစည် ပြောဆို ပြုမူဆောင် ရွက်ပုံတွေကလည်း သိပ်ကိုဆန်းကြယ်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က လူတွေကို မရိုးသားမှုဆီ တွန်းပို့နေတယ်လို့ ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ ဒါပေမယ့် တနေ့ထက်တနေ့ ဆန်းပြားလာတဲ့ လူမှုဘ၀ပတ်ဝန်းကျင်က ရိုးသားမှုဆီအရောက်သွားဖို့ လမ်းတွေကို ကျဉ်းမြောင်းလာစေတယ်လို့တော့ မယုတ်မလွန်ကောက်ချက်ချနိုင်ပါတယ်။

ရိုးသားမှုလို့ ကျနော်တို့ပြောကြတဲ့အခါတိုင်း ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှုမရှိတာ စသဖြင့် အများစုက အမှတ်အထင် မှားတတ်ကြတာပါပဲ။ ရိုးသားမှုဆိုတာနဲ့ ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှု မရှိတာတွေက တခြားစီပါပဲ။ တကယ်တမ်းကျတော့ ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်လူမှုဘ၀တွေမှာ ရိုးသားမှုကိုတော့ လူတိုင်းက နှစ်သက်ခုံမင်ကြတာချည်းပါပဲ။ ရိုးသားမှုရဲ့ရလဒ် ကောင်းတွေကို လူတိုင်းသိနိုင် ခံစားနိုင်ကြပါတယ်။ အနည်းဆုံးတော့ “ခင်ဗျားနှယ် ရိုးလိုက်တာ” လို့ အပြောခံလိုက်ရရင်တောင်မှ ကျေနပ်နှစ်သက်စရာကောင်းတဲ့ပီတိကို ခံစားရမှာပါ။ ၀မ်းနည်းစရာကောင်းတာက ရိုးသားမှုအတွက် နည်းလမ်းအမျိုးမျိုး အဆိုအဆုံးမ အမျိုးမျိုးရှိနေလင့်ကစား အများစုက မေ့လျော့ထားတတ်ကြတာပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်ဘ၀တွေက လိုချင်တပ်မက်မှု = တဏှာ၊ အယူအစွဲ = အတ္တ၊ ထောင်လွှားမှု = မာန စတာတွေနဲ့ လူလုပ်နေကြရတာပါ။ ကျနော်တို့ဟာ အမှုကိစ္စတစ်ခုကိုပြုတိုင်း ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတာကို သတိရှိလို့ ဆင်ခြင်မိရင်တောင်မှ ကောင်းရုံနဲ့သာ ကြံတယ်၊ မှန်ရုံနဲ့သာ ပြောတယ်၊ အကျိုးရှိရုံနဲ့သာ လုပ်တော့တယ်။ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးမှာ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ချက်မိအောင် မဆင်ခြင်ဖြစ်တော့ပါဘူး။ အချိန်၊ နေရာနဲ့ ဆောင်ရွက်ပုံကိုလည်း ထည့်မတွက်မိတော့ဘူး။ ကျနော်တို့ရဲ့ လိုချင်တပ်မက်မှု၊ အယူအစွဲနဲ့ ထောင်းလွှားမှု စတာတွေက အခွင့်အလမ်း တွေကို အမိအရဆုပ်ကိုင်ဖို့ တွန်းအားပေးနေကြတာကြောင့်ပါပဲ။ ဒါတွေကြောင့်ပဲ ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာ အမှားအယွင်းတွေနဲ့ ထိပ်တိုက်တိုးနေတော့တာပါ။ ဒါတွေကြောင့်ပဲ ကျနော်တို့မှာ မရိုးသားမှုတွေက ကျွဲပခုံးထနေတော့တယ်။ စေတနာထက်သန်စွာနဲ့ ပြုမိတဲ့ကိစ္စမှာတောင် အဆင်အခြင်နည်းတော့ စေတနာအမှားဖြစ်ရတယ်လို့ လူတချို့ ငြီးငြူတတ်ကြပါသေးတယ်။ ရည်ရွယ်ချက်ရှိရှိ မရိုးမသားပြုမူကျူးလွန်တဲ့ ကိစ္စတွေအတွက်တော့ ကျနော်တို့မှာ ဆွေးနွေးစရာ အကြောင်းမရှိပါ။

ရိုးသားမှုနဲ့ပတ်သက်လို့ နှစ်သက်စရာကောင်းတဲ့ အဆုံးအမတချို့ကို မိတ်ဆက်ပါရစေ။

“မကြံစည်ခင်က ဆင်ခြင်ဦး၊ ကြံစည်နေတုန်း ဆင်ခြင်ဦး၊ ကြံစည်ပြီးလည်း ဆင်ခြင်ဦး။ မပြောခင်က ဆင်ခြင်ဦး၊ ပြောနေတုန်းလည်း ဆင်ခြင်ဦး၊ ပြောပြီးတော့လည်း ဆင်ခြင်ဦး။ မလုပ်ခင်က ဆင်ခြင်ဦး၊ လုပ်နေတုန်းလည်း ဆင်ခြင်ဦး၊ လုပ်ပြီးတော့လည်း ဆင်ခြင်ဦး။ ဘာမှတ်ကျောက်နဲ့ ဆင်ခြင်သင့်သလဲဆိုတော့ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ မှတ်ကျောက်နဲ့ ဆင်ခြင်ရမယ်။ ကာလ = အချိန်၊ ဒေသ = နေရာ၊ ပယောဂ = အဆောင်အရွက် စတာတွေနဲ့လည်း ချင့်ချိန်ပြီး ကောင်းတယ်၊ မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြံပါ၊ ပြောပါ၊ လုပ်ပါ။ အဲဒီမှတ်ကျောက်နဲ့ တစ်ခုခုလွဲနေပြီဆိုရင်တော့ မကြံနဲ့၊ မပြောနဲ့၊ မလုပ်နဲ့တော့။ ဒါဆို အမှားအယွင်းနဲ့ လွတ်ပြီ။ ဒီနည်းနာကို နေ့စဉ်ဘ၀တွေမှာ လိုက်နာနိုင်မယ်ဆိုရင် စိတ်ပိုင်း ရုပ်ပိုင်း သန့်ရှင်းစင်ကြယ်မှုဟာ ပေါ်လွင်လာလိမ့်မယ်။ တနည်းအားဖြင့် စိတ်ပိုင်း ရုပ်ပိုင်းရဲ့ ရိုးသားမှုဟာ အထွတ်အထိပ်ရောက်လာတော့တာပဲ။ ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှတွေလည်း အောင်မြင်တော့တာပဲ။”

ရိုးသားမှုကို ဘာသာဗေဒနည်းအရလည်း ကျနော်တို့ ချဉ်းကပ်ဆန်းစစ်နိုင်ပါသေးတယ်။

ဘာသာဗေဒ ဒဿနပညာရှင် Ludwing Wittgenstein က သူ့ရဲ့ အဆိုအမိန့်တစ်ခုမှာ “တစ်ဦးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုဖော်ပြဖို့ ဘာသာစကားအသုံးပြုနည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ရွေးချယ်လိုက်တာပဲ။ သူဟာ တွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” တဲ့။ ဒါကို ကျနော်တို့ သရုပ်ပြအဓိပ္ပါယ်ထပ်ဖွင့်မယ်ဆိုရင် “တစ်ဦးတစ်ယောက်ဟာ ရိုးရိုးသားသား ပြောဆိုလိုက်ပြီဆိုတာနဲ့ သူဟာ ရိုးသားမှုကို ဖန်းတီးတာပါပဲ။ ဖန်တီးပြီဆိုတာနဲ့ သူဟာ သူဖန်တီးတဲ့ရိုးသားမှုထဲမှာ နေထိုင်တော့တာပါပဲ” လို့ ထပ်ပြီးချဲ့ကားနိုင်ပါတယ်။

ရှင်းပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ဖန်တီးတဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ကျနော်တို့နေထိုင်ခွင့်ရကြတာပါ။ အကယ်၍ တစ်စုံတစ်ဦးဟာ ရှုပ်ရှုပ်ထွေးထွေးတွေဖန်တီးရင် ရှုပ်ထွေးတဲ့သူ့ကမ္ဘာမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးရင်တော့ ရှင်းလင်းတဲ့ကမ္ဘာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးလျှက်သားနဲ့ ရလဒ်ကရှုပ်ရှုပ်ထွေးထွေးပဲဆိုရင်တော့ ကျနော်တို့ရဲ့ရိုးသားမှုဟာ အခြေအမြစ်မမှန်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ အခြေအမြစ်မမှန်ဘူးဆိုတာက မရိုးသားမှုနဲ့ ကပြားစပ်ကျထားတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မရိုးသားမှုတွေက ကျနော်တို့ကို ဖိနှိပ်အနိုင်ယူလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရိုးသာမှုရဲ့ အဓိကရန်သူဟာ မရိုးသားမှုပါပဲ။

ကျနော်တို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကိုဖန်တီးတဲ့အခါမှာ ရိုးသားရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ ကျေနပ်မနေဖို့လည်း အရေးကြီးပါတယ်။

ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ သိမှု ဗေဒက ပိုပြီးကျယ်ပြန့်လာသလို တတ်မှု နည်းပညာတွေကလည်း အလွန်ပဲ ထွန်းကားပါတယ်။ မရိုးသားမှုဟာ ခေတ်ရဲ့စီးကြောင်းကိုလိုက်ပြီး ခြေလှမ်းသွက်သွက် အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်လျှက်ပါပဲ။ ကျနော်တို့ရဲ့ရန်သူကို တိုက်ခိုက်ဖိနှိပ်နိုင်ဖို့ ကျနော်တို့ရဲ့ ရိုးသားမှုရေချိန်ကို အမြဲမြှင့်ထားကြရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရိုးသားမှုလက်နက်ကို အမြဲချွန်မြနေစေရပါမယ်။ ကျနော်တို့ရဲ့ရိုးသားမှုကို အမြဲမပြတ်သတိကပ်ထားရပါလိမ့်မယ်။ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကိုဝင်လာတဲ့ အယောင်ဆောင်ရိုးသားမှုတွေကို ချေမှုန်းတိုက်ခိုက်ရပါလိမ့်မယ်။ ဖိနှိပ်အနိုင်ယူရဲရပါမယ်။ ခုတ်ထစ် ပိုင်းဖြတ်ပစ်ကြရပါလိမ့်မယ်။

ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။

ရိုးသားမှုရဲ့ ပကတိအလှတရားကို ခံစားခွင့်ရတဲ့ ရသကသာ ခေတ်အဆက်ဆက် အချိုမြိန်ဆုံးဖြစ်ပါ တော့တယ်။

ကိုဇင်

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇) ရက်။

နွားနှင့် ဒီမိုကရေစီ
ကျွန်တော်တို့သည် နိုင်ငံ့အရေးကို စိတ်ဝင်စား၏။ စိတ်ဝင်စားသည့်အတိုင်းလည်း  ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသော စိတ်လည်းရှိ၏။ ကျွန်တော်တို့၏ နစ်နာချက်၊  ခံစားမှုများကို ဟစ်ကြေးလို၏။ ဟစ်ကြွေးကြ၏။ မျိုးချစ်စိတ်ဆိုသည်ကို တိတိကျကျ  မဝေဖန်တတ်သော်လည်း ဤစာလုံး သုံးလုံး၌ အဖြေပါ၏။ နည်းနည်းထပ်ဖြည့်ရလျှင်  မိမိမှလွဲ၍ အခြားသော တိုင်းသူပြည်သားများ၏ အလိုဆန္ဒ၊ သူ့ကို အထင်မသေး၊  သူ့လိုအပ်ချက်များကို မိမိတတ်စွမ်းသရွေ့ ဆောင်ရွက်ပေးဖို့၊  တကယ့်စေတနာသည်ကား မျိုးချစ်စိတ်ဟု ကျွန်တော်ထင်၏။

ညီညွတ်ရေးဟုလည်း  ပြောကြပါသည်။ ဘယ်နေရာ ညီညွတ်ကြမလဲ။ မသိသတတ်။ လူ့အဖွဲ့အစည်းသည်  အဆင့်ဆင့်ရှိ၏။ များပြားလှကုန်သော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ တသားတည်း  မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်၏။ ကားမာတ် ဘာပြောပြော သူ့ကိစ္စသည် ပြီးပြီ။  တစ်ယောက်ထဲပင် ကိုယ့်ကိုယ်ကို မညီညွတ်။ ထို့ကြောင့် မညီသောကိစ္စကို  တတ်အားသရွေ့ အများစု လက်ခံနိုင်ဖို့ ကြိုးစားသော နိုင်ငံရေးကို  ဆောင်ရွက်သူသည် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်၏။ တကယ့်  မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု ထင်ရလောက်အောင်၊ နားမလည်သော  တိုင်းသူပြည်သားများကို ဖြီးဖြန်းပြီး မိမိပိုင် ရေဒီယို၊ စာနယ်ဇင်း၊  တယ်လီဗေးရှင်း စသဖြင့် ရှိသမျှ မီဒီယာများကို အသုံးချလိမ်လည်နေသော  ပုဂ္ဂိုလ်ကြီးများလည်းရှိ၏။ ဥပမာ- (န.အ.ဖ)။

ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသည်။ ” စင်ပေါ်တက် လက်ခုပ်ချူသော  နိုင်ငံရေးကို ကျွန်မ မနှစ်သက်ကြောင်း”။ ဟုတ်သည်။ အချို့သည် အုပ်စုဖွဲ့၍  လည်းကောင်း၊ လိုအပ်လျှင် မိမိကိုယ်ကို ကိုယ်ရည်သွေး၍ လည်းကောင်း၊  အခွင့်ကြုံတိုင်း စင်ပေါ်ရောက်တတ်၏။ အော်တတ်၏။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊  လူသားခြင်း စာနာထောက်ထားမှု စသဖြင့် ဟစ်ကြွေး။ ပြီးတော့လဲ – ပလုံ … ။

တကယ်ချစ်သလား။  ကိုယ့်ကိုယ်ကို (မဟုတ်ဘူး) တိုင်းပြည်ကို ၊ တိုင်းပြည်ထဲနေနေကြရတဲ့  လူတွေကို၊ ဒုက္ခသည်တွေကို၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို၊  ထောင်ထဲကလူတွေကို၊ မတည်မငြိမ်နဲ့ မဝရေစာ စားနေရတဲ့ လူတွေကို။ ပြောကြည့် –  ဘယ်နားမှာဖြစ်ဖြစ် ကြားနေရတာ။ “ဟိုကောင် အရက်သောက်သည်၊ ဒီကောင်မ  လင်ငယ်နေသည်၊ နိုင်ငံရေးသမားဆိုတာ အလကားပါကွာ”၊ အတင်းအဖျင်းနှင့်  ညစ်ညမ်းသော စကားများကိုသာ ကြားနေရသည်။

တိုင်းပြည်ထဲ ကုန်ပြီလား၊  လူကောင်း။ ကျန်ပါလိမ့်ဦးမည်။ ကျွန်တော် ယုံကြည်၏။ အခု လူကောင်းတွေကိုပါ  အလကားလူတွေဖြစ်အောင် အစိုးရက ဝါဒဖြန့်သည်။ တိုင်းပြည်က မဆင်ခြင်။  အချင်းချင်းသာ မလိုမုန်းထားစိတ်များဖြင့် ချောင်းမြောင်း ဆက်ဆံနေကြ၏။  အားနည်းချက်ကို ရှာ၏။ ၎င်းအပေါ် အားသာအောင် လုပ်၏။ အနိုင်ကျင့်၏။ ဝန်ထမ်းများက  ပိုဆိုးသည်။ ဝန်ထမ်းဆိုသည့် စကားလုံး၏ အနက်သည် မရှိတော့။ ဘယ်သူ့ဝန်  ထမ်းရမှာလဲ။ ပညာတတ်ဟု မိမိကိုယ်ကို ထင်သော – ဗိုလ်ချုပ်အောင်ဆန်းပြောသည့်  ”မင်းစိတ်ပေါက်နေသော အရာရှိဆိုးများ” ။ အမှန်တော့ မင်းစိတ်မဟုတ်။  ကျွန်စိတ်၊ သဘောက်စိတ်။

စင်စစ် ဘဝကို တကယ်နာကျည်းပါက  ကျွန်တော်တို့သည် ဤသို့မနေအံ့။ ရှေ့က နစ်နာပြီးသူတွေကို လေးစားလျက်၊  ကျွန်တော်တို့ ဆက်ပြီး ဖဝါးခြေထပ် ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ သေလျှင်လည်း  သေပေါ့။ ကျွန်တော်တို့သည် အိပ်ရင်း၊ စားရင်း၊ လမ်းလျှေက်ရင်း၊  လဲလျောင်းရင်း၊ အချိန်တိုင်းတွင် ဒီမိုကရေစီအကြောင်း တွေးတောကြံဆ  နေသင့်သည်။ အကောင်အထည်ပေါ်အောင် ကြံဆောင်နေသင့်သည်။ ကိုယ်ကိုယ်တိုင်လည်း  ဤကျင့်စဉ်ကို သိအောင် ကြိုးပမ်းလျှက် ‘ဝိဇ္ဇာစရဏ သမ္ပန္နော’ ဖြစ်သင့်၏။  ဤသူမျိုးကို ပန်းကုံးစွပ်။

ကျွန်တော်သည် ၁၉၈၈ အရေးတော်ပုံမှစ၍  ဤဒီမိုကရေစီအရေးအား ရှေ့မှရော၊ နောက်မှရော၊ အလယ်မှရော၊ နေရာစုံ  ဒေသတစ်ခုတွင် ပါဝင်ခဲ့ဖူး၏။ ယခုလည်း ဆောင်ရွက်ဆဲ။ မွေးရပ်၌ မနေရ။  တစ်ပါးအရပ်၌ နေ၏။ အသက်မွေးဝမ်းကျောင်း ပြု၏။ သမာအာဇီဝ။ ရွာသားတစ်ယောက်  ဖြစ်ခဲ့သည့်အလျောက် ရွာကိုမရောက်သည်မှာ ၁ဝ နှစ်ကျော်ပြီဖြစ်၍  ကိုယ်ရေးကိုယ်တာ ကိစ္စများအား မန်နေဂျာကို လွှဲလျှက် မိသားစုနှင့်အတူ ရွာသို့  ခေတ္တ ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ်က ဖြစ်သည်။ ကမ္ဘာကျော်သော  ”ရွှေဝါရောင်” တော်လှန်ရေးအပြီးလောက် ဖြစ်သည်။ ပခုက္ကူမှစသော (သို့မဟုတ်)  အောင်းထားရသော ဆန္ဒများစွာက စတင်သော ဤသပိတ်သည် ဘဝဂ်သို့ ညံခဲ့၏။ စစ်အစိုးရ၏  ကျွန်တော်ကောင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အက်စ်ဘီ၊ လုံထိန်း၊  အာရ်ပီ၊ တပ်မတော်တပ်ရင်းအချို့မှ လွဲ၍ လူသားစိတ်ရှိသော၊ သာသနာကို  ကာကွယ်လိုသော သူများအားလုံး ထကြွခဲ့ကြ၏။ လမ်းပေါ်တက်ခဲ့ကြ၏။ အသေခံ၊  အကျဉ်းခံခဲ့ကြ၏။ လူတိုင်းသိခဲ့ကြသည့်အကြောင်း ။

လူဟူသည်  သစ္စာဖောက်တတ်သည်။ လုပ်အပ် မလုပ်အပ်မသိ။ မိမိကိုယ်ကျိုးအတွက်  တစ်ပါးသူအကြောင်း မစဉ်းစား၊ ကုသိုလ် အကုသိုလ် မကွဲ၊ ဆိုင်ရာချင်း  လက်တွဲပြီး အစုလိုက် အပြုံလိုက် ယုတ်မာနေသူများသည် ပြည်တွင်း၌ အလွန်ပေါ၏။  (ဤကားစကားချပ်)

သုံးရစ်မျှသာရှိသော ယူနီဖောင်းဝတ်ရဲ တစ်ယောက်နှင့်အတူ လမ်းလျှောက်ရလျှင်လည်း ကိုယ့်ဖာသာ လူဟုထင်သူလည်း ရှိ၏။ (ဤသည်လည်း စကားချပ်)

ရွှေဝါရောင် တော်လှန်ရေးကို မထောက်ခံသူ မရှိသလောက်။ ထားတော့။ ပြီးတော့ … ကျွန်တော်တို့ မိသားစု ဇာတိရွာကို ရောက်ခဲ့ကြသည်ပေါ့။

ရွာသည်လှ၏။  မြို့ထက်လှ၏။ ညနေခင်းများမှာ ထန်းရည်လေးနည်းနည်းသောက်၊ တောင်ခြေက  ကန်ဘောင်ပေါ်မှာ လတ်ဆတ်သည့် လေကို ရှူ၊ လမ်းလျှောက်၊ သဘာဝက သူ့ဘာသူ  လှပြီးသား။ ကန်ထိပ်မှာ စေတီ၊ ဇရပ်။ ကန်ပေါ်မှာ ဘာမှမရှိ။ ရေသာရှိသည်။  ကြည်လင်သည်။ ကန်ရဲ့ ဟိုတစ်ဖက်မှာ ယာကွင်းများစွာ၊ သရက်ပင်လေးငါးပင်၊  တောင်ရိုး၊ နွားစားကျက်၊ မြက်ခင်း။ ကျွန်တော် အဲဒီဘက် လျှောက်သွားသည်။ နေက  ဝင်တော့မည်။ စားကျက်ထဲတွင် ဝဝဖြိုးဖြိုး အရောင်ကလဲ ဖြူဖြူ၊ လှလိုက်တဲ့  နွား။ ဘာတွေများစားထားပါလိမ့်။ ကျွန်တော် အဲဒီနွားကြီးနား ကပ်သွားတယ်။  ပြီးတော့ မေးကြည့်တယ်။ (သြော် -ကျုပ်က နွားစကားတတ်တယ်နော်)

” ဗျို့  … ကိုနွားကြီး ဘာလုပ်နေတာလဲဗျ၊ မြက်စားနေတာလား” ဟု ကျွန်တော်ကပင်စတင်၍  ရုတ်တရက် နှုတ်ဆက်လိုက်ပါသည်။ နွားကြီးကား စိုစိမ်းသော မြေဇာပင်များဝယ်  စိတ်ရောပါးစပ်ပါ ဝင်စားချက် ကောင်းလှပါ၏။

”အခုနှစ်ထဲမှာ  ပခုက္ကူကစတဲ့ သံဃာ့သပိတ်က တစ်ပြည်လုံးနီးပါး ပျံ့နှံ့ပြီး ရန်ကုန်က ရဟန်းတွေ  ရွှေတိဂုံပေါ်တက်ပြီး၊ ကံဆောင်ကြသတဲ့၊ အရှေ့ဘက်မုခ်မှာ ရဟန်းတွေရော လူတွေရော  တော်တော် ပစ်သတ်ခံရတယ်ကြားတယ်။ ဆူးလေမှာဆိုရင် လူထုတွေထဲမှာ  ကျောင်းသားသမဂ္ဂအလံတောင် လွှင့်ဆိုပဲ၊ အဲဒီကျောင်းသားလေးလဲ  အဖမ်းခံလိုက်ရသတဲ့၊ အဲဒါ ခင်ဗျား ဘယ်လိုထင်သလဲ ကိုနွားကြီး”

နွားကြီးသည် စားမြဲစားနေသည်။

”နည်းနည်းမှ  မတရားဘူးဗျာ၊ တကယ်ဆို ဒီသံဃာတော်တွေနဲ့ ဒီကျောင်းသားလေးတွေဟာ  နိုင်လိုမင်းထက် သန်းရွှေလေးတွေ မဟုတ်ပါဘူး၊ နွားကြီးပဲ ကြည့်လေဗျာ၊  မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုမြအေး၊ ကိုပြုံးချို၊ မာကီး၊  ပြီးတော့ ဟိုမှာဗျာ လင်မယားနှစ်ယောက်၊ တစ်ယောက်က ထောင်ထဲရောက်၊ တစ်ယောက်က  မွေးစကလေး ထားခဲ့ပြီး တိမ်းရှောင်နေရတာလေ၊ သိလား။ သူတို့မှ မဟုတ်ပါဘူး၊  ဒီမိုကရေစီ ဘက်တော်သားတွေ အဖမ်းခံ၊ အနှိပ်စက်ခံ၊ သေကြကြေကြ မနည်းဘူးဗျာ။”

ကျွန်တော် နည်းနည်း အာခြောက်လာသည်။ နွားကြီးကား မသိလေဟန်။ ရှေ့သို့ခြေတစ်လှမ်း တိုး၍ စားမြဲစားနေပါ၏။

”ပြီးတော့ဗျာ  … မဆီမဆိုင် မုဆိုးမ မြွေရိုက်သလိုပဲ၊ နိုင်ငံရေးလား၊ ဒီမိုကရေစီလား၊  မလှုပ်နဲ့၊ လှုပ်ရင် လှုပ်တဲ့နေရာ ရိုက်မယ်၊ အင်း … ဟိုးထိပ်က  ခေါင်းဆောင်တွေကနေ အောက်ခြေလှုပ်ရှားသူတွေ အားလုံးကို  ဖြိုခွင်းရေးနည်းဗျူဟာချပြီး စပါယ်ရှယ် နှိပ်ကွပ်နေတာလေဗျာ၊ ပြောတော့  ဒီမိုကရေစီတဲ့၊ အခု စစ်အစိုးရက တကယ်တော့ လူသတ်နေတာပါဗျာ၊  ကိုနွားကြီး  ကျုပ်ပြောတာ ကြားလား”

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ် စားလျက်၊ မိန်လျက်ပင်။

“ဓါတ်ဆီဈေးနဲ့  ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပေါက်ကွဲခဲ့ကြတာမို့လား၊  ရဟန်းတွေကိုလည်း စော်ကားတယ်လေ၊ အဲဒါကြောင့် အနာခံပြီး  သပိတ်မှောက်ခဲ့ကြတာမို့လား၊ တွက်ကြည့်ပါ ကိုနွားကြီးရယ်၊ သူတို့က  တိုင်းပြည်ကို လူမထင်ဘူးဆိုတော့ တိုင်းပြည်က သူတို့ကို လူပြန်ထင်ဖို့  မခက်ပေဖူးလား၊ အခုတလောတောင်ဗျာ အဖမ်းအဆီးတွေက ဒုနဲ့ဒေး။ ထောင်ထဲက  ဗာလနံတွေတော့ ထောင်ထဲကလွှတ်၊ နိုင်ငံရေးအကျဉ်းသားကျ ဟန်ပြလွှတ်ပေး၊ လွှတ်ပေးတာ  ဝမ်းသာပါတယ်၊ ဒါပေမဲ့ တကယ်အရေးပါတဲ့ သူတွေ မပါသေးဘူးဗျာ”

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ပါနေသည်ကို မြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်ဆိုင်းထားရ၏။

”ကျုပ်တို့လူမျိုးတွေကလည်း  ခက်ပါတယ်ဗျာ၊ ညံ့နေတာလား မသိဘူး၊ ကျုပ်ဆို ၁၉၉ဝ ရွေးကောက်ပွဲတုန်းက  အင်န်အယ်လ်ဒီကို မဲပေးခဲ့တာပဲ။ အခြေခံဥပဒေတုန်းကတော့ ကျုပ် မဲသွားမပေးဘူး၊  ဒါပေမဲ့ဗျာ … ကျုပ်စာရင်းမှာ အမှန်ခြစ်လိုက်ကြသတဲ့၊ ကျုပ်လိုလူမျိုး  ဘယ်လောက်ရှိမလဲ၊ ရိုးရိုးလေးပါ၊ ဒါဟာ လိမ်လည်မှု၊ အနိုင်ကျင့်မှု၊ ဒါပါပဲ၊ ဒါ  ကျုပ်မိန်းမက ပြောလို့သိရတာ၊ ကိုယ့်မဲတစ်ပြားကို တန်ဖိုးထားတတ်ခဲ့ကြသလား၊  ဒါမျိုး ဘယ်လောက်ရှိသလဲ သိချင်လို့ ရွာနှစ်ဆယ်လောက်တောင်  မှတ်တမ်းလိုက်ကောက်သေးတယ်၊ ကိုနွားကြီး အဲဒီအခြေခံဥပဒေကို ယုံလားဗျ”

နွားသည် နွားလောက်သာသိဟန်တူသည်။ ဝူးကနဲ နှာလေမှုတ်လျက် တစ်ဖက်သို့ လှည့်၍သာ စားမြဲ စားနေပါသည်။ ကျွန်တော်ကလည်း စိတ်ရှည်သည်။

”ကိုနွားကြီး  ဒီလောက် စစ်အစိုးရက တစ်ပြည်လုံးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ  နှစ်ခုစလုံး နိမ့်ကျသွားအောင် လုပ်နေတာ၊ ခင်ဗျားရော မခွေ့ချင်ဘူးလား၊   ပြောလေဗျာ၊ အစိုးရလေသံလိုက်ပြီး အရပ်ထဲက ဒေါက်ဖိနပ်တွေက အခုလုပ်နေတဲ့  နိုင်ငံရေးသမားလေးတွေက ကလေကဝလေးတွေပါ၊ ပေမမှီ ဒေါက်မမှီလေးတွေပါတဲ့၊  နွားကြီးတို့ ဘက်တော်သားတွေလား မသိဘူး၊ ကြံ့ဖွတ်တွေဆီက အသံ၊ ခင်ဗျားရော  ဒီကလေးတွေကို အဲလိုထင်လား၊ အင်း … ကျုပ်ကတော့ သူတစ်ပါးဒုက္ခကို  မိမိသုခဖြစ်အောင် လုပ်တတ်တဲ့ သူတွေကို  …….. အေးဗျာ ……..”

ကိုနွားကြီးက ကျွန်တော့်ကို တစ်ချက်မျှ မော့ကြည့်ပြီး သူ့အစာသူ ဆက်၍စားနေပါသည်။

”တကယ်အားဖြင့်ဗျာ  အနှစ် (၆ဝ) တို့၊ အနှစ် (၁၂ဝ) တို့ ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတာ  ဒီမိုကရေစီမှာ ပြစ်မှုမဟုတ်ဘူးလို့၊ ဒါ… အာဏာရှင်လို့။ ခင်ဗျားတို့ နွား  နွားချင်း ပြောလိုက်စမ်းပါဗျာ၊ တကယ်၊ ရိုးရိုးတွေးကြည့် လူပဲဗျာ၊  လူဖြစ်ချင်တာပေါ့၊ လူ့အရည်အချင်းကို ဖော်ထုတ်ချင်တယ်၊ လူ့အခွင့်အရေး  ရချင်တယ်၊ ဒါ … အဆန်းလားဗျာ၊ ကိုနွားကြီး၊ ဒါ မွေးရာပါဗျ”

နွားကြီးသည် ကျွန်တော့်အား နားငြီးလာဟန်ရှိသည်။ နှာပြင်းပြင်း နှစ်ခါမှုတ်၊ အမြီးကို သွင်သွင်ရမ်းလျက် ထွက်သွားဟန်ပြုပြီးမှ ဆက်စား၏။

”တကယ်တော့ဗျာ၊  ဖိနှိပ်မှုကို မကြိုက်တော့ လွတ်လပ်မှုကို လိုချင်တာပေါ့၊ အားလုံး ညီအစ်ကို  မောင်နှမ ဖြစ်ချင်တာပေါ့၊ အပြန်အလှန် အကျိုးပြုချင်တာပေါ့။ ကိုနွားကြီး  ခင်ဗျား ကျုပ်ကို စကားပြန်မပြောဘူး၊ မသိကျိုးကျွံ လုပ်နေတယ်၊ ဒါ ပြေလည်မယ့်  အကြောင်းမဟုတ်ဘူးဗျ၊ အေးလေ ခင်ဗျားက နွားဆိုတော့ လူကို လေးစားရကောင်း  သိမယ်မဟုတ်ဘူး”

နွားကြီးသည် ခွာယက်လာ၏။ ငါကန်လိုက်ရဟု သူအောက်မေ့လာဟန်တူသည်။ ဒါနဲ့ ကျွန်တော် ချော့ပါသည်။ ကျွတ် … ကျွတ်… ကျွတ် ။

”ကဲ-  ကျုပ်ပြောဦးမယ်ဗျာ၊ ခင်ဗျားတို့ နွားတွေဟာ လူကို(အထူးသဖြင့် ဗမာပြည်မှာ)  အလွန် အကျိုးပြုတာပါ၊ နွားသိက္ခာ အကျမခံပါနဲ့၊ ကျုပ်ပြောတာ နားထောင်ပါ”

ဤအချိန်တွင် စာရေးသူသည် နွားစကားမပြောဘဲ၊ လူစကားဖြင့်သာ နွားကို ချဉ်းကပ်ပါသည်။

”ကိုနွားကြီး  … ကျွန်တော် ခင်ဗျားကို မေးမယ်၊ ခင်ဗျား လူတစ်ယောက်ကို အထင်သေးဘူးလား၊   ခင်ဗျား လူတစ်ယောက်ကို အကျိုးပြုဖူးလား၊ ခင်ဗျား သူ့ဘာသာတရားကို  အလေးအနက်ထားတတ်သလား၊ ခင်ဗျား သူ့ကိုယ်ပိုင်အခွင့်အရေး လေးစားဖူးသလား၊  တကယ်တော့ – ခင်ဗျား…… ”

ကျွန်တော့်စကားမပြီးမီ ကိုနွားကြီးသည် နောက်ထပ် မစင်နှစ်ပုံ စွန့်၍ ကျွန်တော့်အား ဂျိုကြည့်ကြည့်ကာ ထွက်ခွာသွားလေသတည်း။

ကောင်းကင်သည် ညိုပြီ။ စိတ်တွေလည်း ညောင်းလာပြီ။ နွားနှင့်ကလည်း စကားပြောမရ။ နွားနှင့် စကားပြောရသည်မှာ ”ကျွဲပါးစောင်းတီး” ။

သြော်  – နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။  ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။  ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍  နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ……..။

Naing

ဝန်ခံချက်

စာအခင်းအကျင်းကို ၁၉၇ဝ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ စာမျက်နှာ ၅၇ ရှိ ”မောင်ညိုမြ” ၏ ဝတ္ထုတိုမှ မှီငြမ်းပါသည် ။

စာရေးသူ

အများဆိုင်နာမ်
ကျနော့်အကြောင်း ကျနော်ရေးဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ … ရေးလည်းမရေးချင် … ရေးဖို့လည်း လိုမယ်မထင်ခဲ့ …

ကိုယ့်အကြောင်း ကိုယ် ရေးရလောက်အောင်လည်း ကိုယ့်သမိုင်းက မခမ်းနား … ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဖို့ မတည်ခဲ့ဖူး …

အခုတော့ … ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်လောက် ဆိုချင်နေမိတယ် …

အဖေပေါ့ … ဒီကောင် တော်တော်ဟုတ်သွားပြီတဲ့ …

မထင်မရှား လူကြုံစကားနဲ့ အဝေးကြီးက အဖေ့အသံကို သဲ့သဲ့ကြားရတော့ ဘဝတလျှောက်လုံး အဖေကောင်းချီးပေးခဲ့သမျှထဲက …

ဒါက … ကျနော့်ရင်ထဲ ပိုပြီးလှပစေခဲ့တယ် …

အမေ … ကျုပ်သားမို့လို့ပါတဲ့ …

ကျနော်မျက်ရည်ဝဲရပြန်တယ် …

ပြောမယ့်သာပြောရတယ် … ကျနော့် အဖေရော အမေပါ လူတော်လူတတ်အစားထဲကမဟုတ် …

သို့သော် … လူညံ့တွေလည်းမဟုတ် … လူတော်မဖြစ်ချင်နေ လူညံ့တော့ မဖြစ်စေနဲ့ … ဒါ သူတို့လက်သုံးစကား …

အမေ့ရဲ့ သီးခြားအသုံးအနှုန်းက … ရိုးရိုးကျင့် မြင့်မြင့်ကြံ …

အဖေက … ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်လုပ် … မလုပ်ချင်ရင် မလုပ်နဲ့တဲ့ …

ဒါ … အိမ်မှာရှိနေခဲ့တဲ့ တလျောက်လုံး ကျနော်ကြားနေကျစကား … ဘယ်တုန်းကမှ ဒီစကားလုံးတွေရဲ့အဓိပ္ပါယ်ကို မလေးနက်ခဲ့ဖူး …

လက်တွေ့အသုံးချရမယ်လို့လည်း မစဉ်းစားမိခဲ့ …

နှုတ်မဆက်ခဲ့ဘူး …

အဖေပြောသလို … ကျနော်ယုံကြည်ရာလမ်းကို ရွက်ဆက်လွှင့်ခဲ့တယ် …

မုန်တိုင်းထန်ထန် … လှိုင်းကြမ်းကြမ်း … ရွက်ကျိုးကျိုး … အရိုးကြေကြေ … သေချင် သေပါစေစမ်း …

ရိုးရိုးသားသား ဝန်ခံရရင် … သံတိုင်နောက်မှာ ကျနော့်မျက်နှာမရှိစေချင်တာ သက်သက်ပဲ …

အထင်မလွဲနဲ့ … မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ စိတ်ကြောင့် … မတရားမှုကို ပူးပေါင်းဖို့ ငြင်းဆန်ရုံကလေးကြောင့် …

ပြေးပြေး မင်းလွတ်အောင်ပြေး … အဲဒီညက ထူးအိမ်သင်ရဲ့ အဲဒီစာသားသက်သက်ကိုပဲ နာနာကျင်ကျင် အော်ငြီးခဲ့သေးတာ မှတ်မိနေဆဲ …

ကျနော်ကပဲ သွားလေရာ ကံကောင်းတတ်သလား …

လမ်းမတွေပေါ်မှာ ဆိုးကြ မိုက်ကြ ရိုက်ကြတုန်းကလည်း ဘယ်တုန်းကမှ မခံခဲ့ရဖူး …

စိတ်ထင်တိုင်း ထောင်တံတိုင်းနောက်ထည့်ပစ်တဲ့အချိန်မှာ … မည်းမည်းမြင်ရာ သေနတ်ဒင်နဲ့မိတ်ဆက်နေတဲ့အချိန်မှာ …

တက္ကသိုလ်နံရံမှာ မကျေနပ်ချက်တွေကို ပေါ်တင်ကပ်တယ် … မတရားတာမှန်သမျှကို ငြင်းဆန်တယ် …

တော်လှန်တဲ့ အတွေးအခေါ်မှန်သမျှကို ကိုးကွယ်တယ် …

ကျနော်ကပဲ ကံကောင်းလွန်းသလား … သင်းတို့ကပဲ မမှုလောက်ဘူးထင်လို့ ပစ်ထားသလား … ထားတော့ …

ဘဝက ထင်ထားသလောက် မကြမ်းတမ်း …

ကျနော်ကပဲ ရောက်လေရာ ကံကောင်းတတ်သလား …

အနိုင်ကျင့်ချုပ်ချယ်မှု ဆန့်ကျင်ရေးစိတ် သဲ့သဲ့ကလေးသာပါတဲ့ ကျနော် … ရေကန်အသင့် ကြာအသင့် … ရွှေပင်မှာနားခွင့်ရခဲ့တယ် …

ရွှေပင်မှာနားရရုံနဲ့ အရှင်မွေးနေ့ချင်းကြီး ရွှေကျေးဖြစ်ရိုးမရှိ … ဖြစ်ကောင်းဖြစ်မယ် … ရွှေရည်စိမ် …

အမေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …

အမေ့စကားလုံးနည်းနည်းကလေးက ကမ္ဘာကြီးထက်ကျယ်တယ် … ဝန်ပိပေမယ့် ပီတိတွေက အမြိုင်အဆိုင် …

အဖေ … ကျနော်ကန်တော့လိုက်ပါတယ် … ကျေးဇူးတင်ပါတယ် …

အဖေ ကျနော့်ကိုလွမ်းကောင်းလွမ်းမယ် … ကျနော် ဘယ်သူ့ကိုမှ မလွမ်းတော့ဘူး …

ကျနော်က ရွှေကျေးဖြစ်ချင်တဲ့ကောင်လေ …

ဒီကောင်တော်တော်ဟုတ်သွားပြီတဲ့ … ကျုပ်သားမို့လို့ပါတဲ့ …

တကယ်တမ်းကျတော့ ကျနော်က ဒီအချိန်အထိ ဘာကျေးဇူးမှ မဆပ်နိုင်သေး …

ကျနော့်လုပ်ရပ် … ကျနော့်ရပ်တည်ချက်ကသာ အဖေနဲ့ အမေ့အတွက် ပီတိသောမနဿ ဖြစ်စရာ …

အခုမှပဲ ကျနော်သိတယ် … မတရားမှုကို မုန်းတီးတဲ့စိတ်က အဖေနဲ့ အမေ့ဆီမှာ နဂိုကတည်းက ကိန်းအောင်းနေပြီးသားဆိုတာ …

အသေချာဆုံးတစ်ခုကတော့ ကျနော်လည်း ကမ္မဝါစာဖတ်ရုံနဲ့ မကြောက်တတ်တဲ့ တော်လှန်ရေးထဲက တစ္ဆေတစ်ကောင်ဖြစ်တယ် …….။