Yoma3 » သတင်း

တဦးတည်းပိုင်ဖြင့် ရောင်းချရမည်ဟု အမိန့်ထုတ်ပြန်ထားသောကြောင့် အင်းလေးဖောင်တော်ဦးဘုရား ဈေးသည်များ အခက်အခဲကြုံတွေ့နေရ
ရှမ်းပြည်နယ်၊ အင်းလေးဖောင်တော်ဦး ဘုရားတွင် ရွှေသင်္ကန်းရောင်းချခြင်းကို တဦးတည်းပိုင်ဖြင့် ရောင်းချရမည့်ဟု အမိန့်ထုတ်ပြန်ခဲ့သည့်အတွက်ကြောင့် ကာလကြာရှည်စွာ ရွှေသင်္ကန်းရောင်းချပြီး ဝမ်းရေးဖြေရှင်းနေကြရသည့် ဒေသခံဆင်းရဲသားဈေးသည်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၏ အလှတခုဖြစ်သော အင်းလေးဖောင်တော်ဦး ဘုရားပတ်ဝန်းကျင်မှ ဒေသခံဈေးသည်များသည် လွန်ခဲ့သော နှစ် ၅၀ ကျော်မှ စတင်ကာ ဖောင်တော်ဦးဘုရားအား အမှီပြုလျှက် ဘုရားတွင် ဈေးရောင်းစားခြင်းဖြင့် ဝမ်းစာ ရေးရှာဖွေစားသောက်နေကြရသူများ ဖြစ်ကြသည်။

ဘမ္ဘာလှည့် ခရီးသွားများ ပိုမိုများပြားစွာ လာရောက်လည်ပတ်နေမှုများကြောင့် ဘုရားတွင် အစဉ်အဆက်ကတည်းက ရွှေသင်္ကန်းရောင်း ချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည့်နည်းတူ၊ လက်ရှိအခြေအနေတွင် အင်းလေးရေပြင် ခမ်းခြောက်မှု၊ စိုက်ပျိုးမြေ ရှားပါးလာမှု ဈေးသည်အလုပ်ကိုသာ ပိုမိုအား ထားနေကြရသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာ ဘုရားရွှေသင်္ကန်းရောင်းချမှုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ ဒေသခံတဦးက “ဒီရွှေသင်္ကန်း ရောင်းချတဲ့အလုပ်ကို တဦးတည်းပိုင်ကသာ ရောင်းချရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ထုတ်လိုက်တယ်၊ ဘုရားဂေါပကတွေနဲ့ ပူးပေါင်းလုပ်လိုက်တယ်လို့ ယူဆတယ်၊ နှစ်ရှည်လများကတည်းက ဒီရွှေသင်္ကန်းရောင်းတာလေးနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေကြရတဲ့ ကျနော်တို့ဒီသေခံ အများအပြားဒုက္ခရောက်ရတယ်” ဟု ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး “လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဆို ဈေးရောင်းတဲ့ အမျိုးသမီးငယ်တွေကို ဖမ်းပြီး ကြိုးနဲ့တုတ်တာ၊ ထိပ်တုံးခတ်တာတွေတောင် ရှိခဲ့တယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး အထက်အာဏာပိုင်အဆင့်ဆင့် သိအောင်တော့ ဆက်ကြိုးစားသွားမယ်လို့” ဟု ဆက်လက်ရှင်းပြခဲ့သည်။

တစ်ကိုယ်တော်ဆန္ဒပြသူနှင့် ကူညီသူ (၂)ဦး ပုဒ်မ (၁၈)ဖြင့် အမိန့်ချမှတ်ခံရ
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့က အစိုးရ တရားရုံးများနှင့် ကြံ့ဖွံ့ရုံးများရှေ့တွင် ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးအပါအဝင် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ (၃)ဦးကို ပြည်မြို့နယ်တရားရုံးက ထောင်ဒဏ် (၃)လ သို့မဟုတ် ဒဏ်ငွေ တစ်သောင်းစီ ဖေဖေါ်ဝါရီလ (၆) ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

“ဦးမြင့်အေးတို့သုံးဦးကို ဒီပုဒ်မ (၁၈) ‘ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု’ နဲ့ တရားစွဲဆိုခံရတာပေါ့ဗျာ ထောင်ဒဏ်က (၃)လ ငွေဒဏ်က (တစ်သောင်း)ဆိုတော့ သူတို့ သုံးဦးစလုံးက ငွေသုံးသောင်းဒဏ်ဆောင်လိုက်တော့ ထောင်မကျတော့ဘူးပေါ့ ဒါပေမယ့် ဒီပုဒ်မ (၁၈) က မရှိသင့်ဘူးဗျ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့ကာလ ငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ကိစ္စတွေမှာ အာဏာပိုင်ဘက်က ပြဿနာရှာတဲ့ ပုဒ်မလိုမျိုးဖြစ်နေတယ်ဗျ။” ဟု အမိန့်ချမှတ်တဲ့ တရားရုံးကို လိုက်ပါသွားခဲ့သူ ဒေသခံက ပြောသည်။

ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပြီး နောက်တနေ့တွင် ပြည်မြို့အမှတ် (၂)ရဲစခန်းက ဖမ်းဆီးပြီး တရားစွဲဆိုခံရကာ ပြည်မြို့နယ် တရားရုံးက ယခုလို ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်ခံလိုက်ရ ခြင်းဖြစ်သည်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့် ရှေ့နေ ဦးမြင့်အေး ဆန္ဒပြရာတွင် ဗီနိုင်းပိုစတာကိုင်ဆောင် ပေးခဲ့သည့် ကိုရေခဲ ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ သုံးဦးကို ပြည်မြို့အမှတ် (၂) ရဲစခန်း ရဲအုပ်လှထွန်း က(၂၀၁၂) အမှု အမှတ်-၆၁၁၄၊ ဥပဒေပုဒမ် (၁၈) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်ပြီး တိုက်ပေါ်မှ ပစ်ချခံခဲ့ရ၍ သေဆုံးသူအတွက် နစ်နာကြေး မရရှိသေး
ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ထိုင်းလူမျိုးတဦး၏ အဓမ္မပြုကျင့်ပြီး ၅ ထပ်တိုက်ပေါ်မှ ပစ်ချခံခဲ့ရ၍ သေဆုံးခဲ့သူ မြန်မာအလုပ်သမအတွက် မြန်မာသံရုံးမှ လိုက်လံကူညီနေသည်ဆိုသော်လည်း ယနေ့အချိန်ထိ နစ်နာကြေးငွေ တစုံတရာ မရရှိသေးကြောင်း သေဆုံးသူ၏ခင်ပွန်းဖြစ်သူက ပြောသည်။

ထိုင်းနိုင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မစန်စန်းဝင်းသည်  ၂-၈-၁၂ ရက်နေ့တွင် ညဘက်အလုပ်ဆင်းရ၍ ၎င်းတို့နေထိုင်ရာ တိုက်ခန်းတွင် နေ့လည် (၂) နာရီခန့်တွင် တယောက်တည်းအိပ်စက်နေစဉ် အသက် ၂၅ နှစ်အရွယ်ရှိ ထိုင်းလူမျိုး အလှူခံတဦးက အဓမ္မပြုကျင့်၍ ၅ ထပ်တိုက်ခန်းပေါ်မှ ပစ်ချခြင်းကို ခံခဲ့ရသည်။

အခင်းဖြစ်ပွားပြီးနောက် မစန်းစန်းဝင်းအား သက်ဆိုင်ရာက မဟာချိုင် (၂) ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူနေစဉ် ၄-၈-၁၂ ရက်နေ့ ည (၇) နာရီကျော်တွင် သေဆုံးသွားခဲ့ပါသည်။ သေဆုံးချိန်တွင် ခင်ပွန်းသည် ကိုအောင်ခင်ဦးနှင့် သမီးဖြစ်သူ မသဲစုအောင်တို့ ကျန်ရစ်ခဲ့သည်။

မစန်းစန်းဝင်း သေဆုံးပြီးနောက် ဘန်ကောက်ရှိ အလုပ်သမားအဖွဲ့အစည်များနှင့် မြန်မာသံရုံးတို့၏ ကူညီမှုဖြင့် သင်္ဂြိုဟ်ခဲ့ရကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင်ခင်ဦးက ပြောပြသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျော်ကြေးငွေပေးရန်ကိစ္စကို မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိရကြောင်း သူက ဆက်ပြောသည်။

“အမှုဖြစ်စကတော့ ဦးကျော်ကျော်လွင်က လျော်ကြေးငွေရအောင် သူကူညီမယ်တဲ့၊ သူ့ကို အဆက်အသွယ်လုပ်ဖို့လည်း ပြောတယ်။ အခု ဆက်သွယ်စုံစမ်းကြည့်တော့ ဖုန်းမကိုင်တော့ဘူး” ဟု ကိုအောင်ခင်ဦးက ပြောသည်။

ယခုအချိန်တွင် လျော်ကြေး နစ်နာကြေးငွေ ရရှိရေးအတွက် လိုက်လံဆောင်ရွက်ပေးနေသူ မြန်မာသံရုံးမှ ဦးကျော်ကျော်လွင်က ဆက်သွယ်စုံစမ်းမှုကို ရှောင်တိမ်းနေသဖြင့် ထိုနစ်နာကြေးငွေ ရမရကို သေသေချာချာ မသိရသေးကြောင်း၊ ဆက်သွယ်စုံစမ်းမှုကို ဦးကျော်ကျော်လွင်က ရှောင်တိမ်းနေခြင်းသည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်းနှင့်  အဆိုပါအမှုကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ကိုအောင်ခင်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

တဖက်နိုင်ငံတွင် အလုပ်လုပ်ရန် ပို့ပေးမည်ဟုဆိုကာ ငွေလိမ်လည်ခဲ့
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာတွင် နေထိုင်သူ အမျိုးသမီး ၅ ဦးအား ကရင်ပြည်နယ်၊ မြဝတီမြို့နေ လင်မယားက ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ အလုပ်ရှာပေးမည်ဟု ပြောဆို၍ ငွေများ လိမ်လည်ခဲ့ကြောင်းသိရသည်။

မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကြခတ်တောင်ဘုန်းကြီးကျောင်းနောက်တွင် နေထိုင်သူ ကိုချမ်းမြေ့၊ မမေသန်းနွယ် လင်းမယားက သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာမှ မလွင်လွင်ထူး၊ မသူဇာဝင်း၊ မနီလာဝင်း၊ မမြင့်မြင့်စိန်နှင့် မအေးအေးသင်းတို့အား တဖက်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုကာ တဦးကို ကျပ်ငွေ ၁၅၀၀၀၀ (တစ်သိန်းခွဲ) စီ တောင်းခံပြီး မပို့ဘဲ လိမ်လည်ခဲ့ခြင်းဖြစ်သည်။

“၂၆-၁၁-၁၂ ရက်နေ့မှာ မြဝတီမြို့ကို ရောက်တယ်။ ၂၈-၁၁-၁၂ ရက်နေ့မှာ ကျမတို့ ၅ ယောက်စာ ၇ သိန်းခွဲ သူတို့လင်မယားကို ပေးရတယ်။ ကျမတို့ကို အမှတ် (၄) ရပ်ကွက်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းရှေ့က အိမ်တအိမ်မှာ နေစေတယ်။ တနေ့ကို ဆန် ၁ ဗူးနဲ့ ငွေ ၂၀၀ စီ ပေးပြီးတော့ ကိုယ့်ဟာကိုယ် ချက်စားခိုင်းတယ်” ဟု ငွေလိမ့်ခံခဲ့ရသူများတွင် တဦးအပါအဝင်ဖြစ်သည့် မလွင်လွင်ထူးက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်လျှင် တရက်လုပ်ခ ဘတ်ငွေ ၃၀၀ စီ ရရှိမည်ဖြစ်ပြီး ပို့ဆောင်ခ ဘတ်တစ်သောင်းကို ၄ လအတွင်း ပြန်လည်ပေးဆပ်ကြရမည်ဟုလည်း ထိုလင်မယားက ပြောကြောင်း သူမက ဆက်ပြောသည်။

သို့သော်လည်း ၂ လနီးပါးခန့် ကြာသည်အထိ မပို့ဆောင်ပေးသဖြင့် မေးမြန်းကြည့်ရာ တိုင်ချင်ရာ တိုင်တန်းနိုင်ကြောင်း၊ တိုင်တန်းပြီးပါက မြဝတီမြို့တွင် နေခွင့်ရှိတော့မည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မလွင်လွင်ထူးက ဆက်ပြောသည်။

သူမက “ကျမတို့က တိုင်မယ်လို့ပြောတော့ အဲဒီပွဲစားလင်မယားက တိုင်ချင်ရာတိုင် သမ္မတဦးသိန်းစိန်ဆီ ရောက်လေ ကောင်းလေပဲတဲ့၊ မြဝတီးတမြို့လုံးက ရဲစခန်းတွေ ငါတို့က ပိုင်ပြီးသားလို့လည်း ပြောတယ်။ ပြီးတော့ တိုင်ပြီးရင်တော့ မြဝတီမြို့မှာ နင်တို့ နေလို့ရမှမဟုတ်ဘူး ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောသည်။

ထို့အတွက်ကြောင့် မလွင်လွင်ထူးအပါအဝင် အမျိုးသမီး ၅ ဦးသည် ၁၀-၁-၁၃ ရက်နေ့၌ မြဝတီမြို့ အမှတ် (၁) ရဲစခန်းတွင် ကိုချမ်းမြေ့နှင့် မမေသန်းနွယ်တို့ လင်မယားအား ပုဒ်မ (၄၁၇) အရ အမှုဖွင့် တိုင်ကြားကာ နေရပ်သို့ ပြန်လာခဲ့ကြသည်။

လက်ရှိမြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးခက်ခဲမှုများကြောင့် တဖက်နိုင်ငံများသို့ နည်းအမျိုးမျိုးဖြင့် သွားရောက်၍ အလုပ်အကိုင်ရှာဖွေကြရာတွင် ကြားပွဲစားများ၏ လိမ်လည်မှုနှင့် လူကုန်ကူးမှုကို ပြည်သူအများ ခံနေကြရကြောင်း သတင်းများ မကြာခဏထွက်ပေါ်လေ့ရှိသည်။

အသိမ်းခံမြေ ပြန်လည်ရရှိရေးအတွက် သန်လျင်တွင် တကိုယ်တော် ဆန္ဒပြ
လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလက ရေနံချက်စက်ရုံ တည်ဆောက်ရန်အတွက် သိမ်းဆည်းထားသည့် မြေကို ပြန်လည်ရရှိရေးအတွက် ပိုင်ရှင် ဒေါ်မြမြ (ခ) ဒေါ်စိမ်းမြမြက (၄၊ ၁၊ ၂၀၁၃) ရက်နေ့က တကိုယ်တော် ဆန္ဒပြခဲ့သည်။

တကိုယ်တော် ဆန္ဒပြနေသူ ဒေါ်မြမြ

စွမ်းအင်ဝန်ကြီးဌာနက မြန်မာရေနံဓာတုလုပ်ငန်း၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တည်ဆောက်ရန်အတွက် သိမ်းယူထားသည့် သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၊ အကွက်အမှတ် (၈) ရှိ မြေကွက်တွင် တဲထိုးကာ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၊ အကွက်အမှတ် (၈)၊ ဆင်ကျုံးကွက်၊ ဦးပိုင်အမှတ် (၇) ရှိ မြေဧရိယာ (၄.၁၆၄) ဧကကို ရေနံချက်စက်ရုံတည်ဆောက်ရန် စွမ်းအင်ဝန်ကြီးဌာနက အလိုရှိသဖြင့် ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်၊ မေလ (၂၂) ရက်နေ့က သိမ်းယူထားပြီးဖြစ်ကြောင်း မကြာသေးမီကာလ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်မှ သိရှိရကြောင်း မြေပိုင်ရှင် ဒေါ်မြမြနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

သိသိချင်းပင် ဒေါ်မြမြက နိုင်ငံတော်သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ အဆိုပါ မြေကွက်အား ပြန်လည်ရရှိလိုကြောင်း အသနားခံစာ တင်သွင်းသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုလုပ်ငန်း၏ ပြန်ကြားစာအရ သိရှိရသည်။

ပြန်ကြားစာတွင် “မြေကွက်သည် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) လုံခြုံရေးအတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်တားမြစ်သည့် နယ်မြေအတွင်း၌ ကျရောက်နေခြင်း၊ စက်ရုံ၏ အုတ်တံတိုင်းအတွင်း၌ တည်ရှိနေခြင်း၊ မြေယာပိုင်ဆိုင်မှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အရေးယူရန်မရှိကြောင်း” ဖော်ပြပါရှိသည်။

ထို့အတွက်ကြောင့် ဒေါ်မြမြက (၄၊ ၁၊ ၂၀၁၃) ရက်နေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့ရာ ရပ်ကွက်အာဏာပိုင်တချို့နှင့် စက်ရုံတာဝန်ရှိသူများက လာရောက်မေးမြန်းကြကြောင်းနှင့် ရဲများကလည်း သူ့အား ရဲစခန်းသို့ အတင်းခေါ်ယူခဲ့သော်လည်း ဒေါ်မြမြက လိုက်မသွားခဲ့ကြောင်း သိရသည်။

ယခုအခါ စက်ရုံတာဝန်ရှိသူများနှင့် ဒေါ်မြမြအကြားတွင် အပြန်အလှန် တရားစွဲဆိုမှုများ ရှိနေကြောင်း သိရသည်။

တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ

ဆန္ဒပြစဉ်က အာဏာပိုင်များအနေဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများသာ ရိုက်ကူးခဲ့ပြီး တစုံတရာ နှောင့်ယှက်ခဲ့ခြင်း မရှိသော်လည်း ဆန္ဒပြပြီး နောက်တနေ့ဖြစ်သော အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှူး ဦးလှထွန်းက ရှေ့နေဦးမြင့်အေးအား နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးမြင့်အေးနှင့်အတူ ဆန္ဒပြစဉ်က ဓာတ်ပုံရိုက်ရန် ဗီနိုင်းပိုစတာကို ကူကိုင်ပေးခဲ့သူ ကိုရေခဲနှင့် ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အမိန့်မရဘဲ ဆန္ဒပြလို့ဆိုပြီး မနေ့က နေ့လည် ၂ နာရီမှာ လာဖမ်းသွားပါတယ်။ ည ၉ နာရီလောက်မှာ သုံးယောက်စလုံးကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်” ဟု မြို့ခံလူငယ်တစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူ သုံးဦအား ပုဒ်မ (၁၈) – ‘ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု’ ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကာလအတွင်း စခန်းမှူးက တရားခံဟု သုံးနှုန်းကာ ရင့်ရင့်သီးသီး ဆက်ဆံခြင်းကိုလည်း ခံခဲ့ရကြောင်း ဦးမြင့်အေးနှင့် နီးစပ်သူတဦးက ပြောသည်။

“ဆန္ဒပြတုန်းက အသုံးပြုခဲ့တဲ့ ဗီနိုင်းပိုစတာတွေကို သက်သေအဖြစ် သိမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာလည်း စခန်းမှူးက သူတို့သုံးဦးကို တရားခံတွေလို့ သုံးနှုန်းပြီး ရင့်ရင့်သီးသီး ဆက်ဆံခံရတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် သူနှင့်အတူ အကူအညီပေးခဲ့သူ နှစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးပြီး တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော် ဆန္ဒပြ
ယမန်နေ့က ပဲခူးတိုင်း၊ ပြည်မြို့တွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် အစိုးရရုံး ၂ ရုံးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးများ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တကိုယ်တော် ဆန္ဒပြနေသည့် ရှေ့နေ ဦးမြင့်အေး

ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ် ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရုံး ၃ ရုံးရှေ့မှာ တယောက်တည်း ဆန္ဒပြတာပါ။ HRDP တံဆိပ်ပါတဲ့ အင်္ကျီကိုဝတ်ပြီး နေ့လည် (၀၂း၄၄) က စပြတာ ညနေ (၀၄း၀၀) ခန့်မှာ ပြီးသွားတယ်” ဟု ဆန္ဒပြပွဲကို ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြောသည်။

ဆန္ဒပြပွဲကို အာဏာပိုင်များအနေဖြင့် လာရောက်စောင့်ကြည့်မှုသာရှိပြီး တစုံတရာ မနှောင့်ယှက်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ဒီနေ့ထိတော့ အာဏာပိုင်တွေဘက်က တစုံတရာ ခေါ်ယူပြောဆိုတာမျိုးတော့ မရှိသေးဘူး” ဟု စောင့်ကြည့်နေသူတဦးက ယနေ့ ပြောဆိုသည်။

ပြီးခဲ့သည့် ၁၇၊ ၁၀၊ ၁၂ ရက်နေ့ကလည်း ရန်ကုန်ရှိ ရှေ့နေများကွန်ယက်အဖွဲ့ဝင် ၂၀၀ ခန့်က လမ်းလျှောက်ဆန္ဒပြကြသေးသည်။

အသိမ်းခံလယ်မြေရရှိရေးအတွက် အင်္ဂပူမြို့ လယ်သမားများ ဆန္ဒပြ
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေ ၂၂၉ ဧက ပြန်လည်ရရှိရေးအတွက် လယ်သမား ၅၀ ဦးက မြို့တွင်းလှည့်လည်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဆန္ဒပြလယ်သမားများ (ဓာတ်ပုံ  - ရိုးမ ၃)

ဒေသခံလယ်သမား ၅၀ ခန့် “လယ်ယာမြေကို ပြန်ပေးပါ” စာသားပါသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ယနေ့ မွန်းလွဲ (၁) နာရီဝန်းကျင်ခန့်တွင် အင်္ဂပူမြို့အ၀င်မှ မြို့တွင်းသို့ လမ်းတလျောက်ချီတက်ဆန္ဒပြနေစဉ် မြို့လယ်တွင် အသင့်စောင့်နေသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပိုင် ကားနှစ်စီးဖြင့် ဆန္ဒပြလယ်သမားများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်သက်သေ ဒေသခံတဦးက ပြေသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ရောက်ဖို့ တလမ်းကျော်လောက်အလိုမှာ ကြံ့ခိုင်ရေးက ပါလာတဲ့ ကားနှစ်စီးနဲ့ ဆွဲခေါ်တင်ပြီး ရုံးကို မောင်းသွားတာခင်ဗျ။ လယ်သမားတွေရဲ့ လယ်ယာမြေကို ပြန်ပေးပါဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း အကုန်ဖြဲ ပစ်တယ်ဗျာ” ဟု သူက ပြောသည်။

အသိမ်းခံ လယ်ပိုင်ရှင်များက လယ်ယာမြေပြန်ရရှိရေး တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ရရန်အတွက် ယခုလ (၂၆) ရက်နေ့က သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှတဆင့် မြို့အုပ်ချုပ်ရေးမှူးရုံးသို့ စာတင်အကြောင်းကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက (၂၈) ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် လယ်သမားများက ပြောသည်။

ယခုကဲ့သို့ တရားဝင် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့သည့်အတွက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့သည်ကို အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး မြို့တွင်းလမ်းအရောက်မှာ ကြံ့ခိုင်ရေးပါတီပိုင် ကားနှစ်စီးနဲ့ အရပ်ဝတ်နဲ့ ရဲလို့ယူဆရသူတွေက မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အတင်းဆွဲခေါ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွမ်းမိုးဟန်အပါအဝင် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများနှင့် လယ်ယာမြေပြန်လည်ရရှိရန် လယ်သမားများ ဆွေးနွေးနေသည့် နောက်ဆုံးအခြေအနေကို ဒေသခံလယ်သမားတဦး က ပြောပြသည်။

သူက “ရုံးကို ခေါ်သွားပြီး သူတို့ အစည်းအဝေးလုပ်တယ်ပေါ့၊ လုပ်တော့ အသိမ်းခံ လယ်သမားတွေရဲ့ လယ်ယာမြေကို ပြန်ရဖို့အရေး အဆင့်ဆင့် တင်ပြရအုံးမယ်၊ ချက်ချင်းမပေးနိုင်ဘူးဆိုတဲ့သဘော အုပ်ချုပ်ရေးမှူးက ပြောလိုက်တယ်။ အခုနေ့လယ်ပိုင်းမှာ ထပ်ဆွေးနွေးအုံးမယ်။ လယ်သမားတွေကတော့ သူတို့ဆုံးရှုံးခဲ့တဲ့ လယ်တွေ ပြန်ရဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောတယ်” ဟု ပြောသည်။

ယခုဆန္ဒပြသည့် လယ်သမားများ၏ လယ်မြေ ၂၂၉ ဧကကို ၁၉၉၇ ခုနှစ်က စစ်တပ်ပိုင် ဦးပိုင်လီမီတက်နှင့် ဆက်စပ်သည့် ဟင်္သာတမြို့နယ်မှ ဦးအုန်းရွှေပိုင် ကလိုစိန်ကုမ္ပဏီနှင့် မယကဥက္ကဌ ဦးမြဟန်တို့ ပူးပေါင်းသိမ်းယူခဲ့ကာ ယခုလက်ရှိ ဧရာဝတီတိုင်းအခြေစိုက် တိုင်းဗဟို (၅) စစ်တပ်သို့ လွှဲပြောင်းကာ လယ်သီးခစား ပြန်ချပြီး စိုက်ပျိုးနေသည်ဟု ကြားသိရသည်။

အလားတူ စစ်ကိုင်းတိုင်းမုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်လီမိတက်တို့ ပူးတွဲအကောင်အထည်ဖော်နေသည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက ပတ်ဝန်းကျင် ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇၈၀၀ ကျော်ကို အဓမ္မ သိမ်းပိုက်ထားသောကြောင့် လယ်သမားများက လယ်မြေများ ပြန်လည်ရရှိရေးအတွက် လယ်သိမ်းတိုက်ပွဲကို မနေ့ကအထိ ၅ ရက်ကြာ ဆင်နွှဲနေကြပါသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့လို့ လယ်ယာမြေများပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးများက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့တွင် သုံးရက်ဆက် ဆန္ဒပြခွင့်လျှောက်ထားပြီး လယ်သမား အယောက် ၂၀ ခန့် ဆန္ဒပြရန် ရန်ကုန်သို့ ရောက်ရှိနေကြသည်။

၁၉၉၅-၉၆ ခုနှစ်အတွင်း ဝါဝါဝင်းကုမ္ပဏီသည် အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီး၊ ကျွန်းလေး ကျေးရွာများမှ လယ်ဧက ၇၀၀ ကျော်ကို သိမ်းယူခဲ့သည့်ကိစ္စအတွက်လည်း အခုရက်ပိုင်းအတွင်း ကုမ္ပဏီတာဝန်ရှိသူများ လယ်သမားများ လျော်ကြေးငွေအတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရလက်ထက်တွင် လယ်သမားပိုင် လယ်ယာမြေများကို စစ်တပ်ပိုင် ဦးပိုင်လီမီတက်အပါအဝင် ကုမ္ပဏီအများစုက အစိုးရစီမံကိန်းဆိုသည့် စကားလုံးကို အသုံးချကာ မြန်မာနိုင်ငံတဝှမ်း လယ်ယာမြေသိမ်းယူမှုများ အမြောက်အများ ရှိခဲ့သည်။

အမတော်ကြေးကို အပြည့်အဝမထုတ်ပေးသဖြင့် လယ်သမားများ ကျေနပ်မှုမရှိ
လယ်မြေ ၁ ဧကလျှင် အမတော်ကြေးငွေ ၅၀,၀၀၀ (ငါးသောင်း) နှုန်း ထုတ်ပေးပေးမည်ဟု ကြေညာထားသော်လည်း အမှန်တကယ်ထုတ်ပေးသောအခါ ဝန်ထမ်းများနှင့် နီးစပ်သူများကိုသာ အဆိုပါနှုန်းထားအတိုင်း ထုတ်ပေးပြီး ကျန်လယ်သမားများကို ထုတ်မပေးသဖြင့် မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကျီးကြီးအုပ်စုရှိ လယ်သမား ၂၃၀ ဦးအား အမတော်ကြေးထုတ်ပေးရာတွင် အင်္ဂပူမြို့နယ် ဘဏ်ဥက္ကဌ ဦးမြကြိုင်နှင့် အုပ်စုစာရေး ဦးကျော်မြင့်တို့က ပူးပေါင်းပြီး ယခုကဲ့သို့ မှန်မှန်ကန်ကန် ထုတ်ပေးခြင်းမရှိကြောင်း သိရသည်။

“တခြားအုပ်စုတွေမှာတော့ အပြည့်အဝရတယ်လို့ ကျနော်တို့ ကြားတယ်ခင်ဗျာ့။ ဒီမှာကျတော့ ကျနော်တို့ လယ်သမား ၁၀ ဦးပေါ့နော်။ ၁၀ ဦးကို အပြည့်အဝ မပေးဘူး။ လယ် ၁၃ ဧကကျော်ရှိတဲ့သူက နှစ်သိန်းခွဲပဲရတယ်။ ၄ ဧကကျော် ၅ ဧကနီးပါး ရှိတဲ့သူကလည်း တစ်သိန်းခွဲပဲရတယ်။ အဲလိုမျိုးပေါ့၊ အပြည့်အဝမပေးဘူး” ဟု လယ်သမားတစ်ဦးက ပြောသည်။

အမတော်ကြေးငွေ ထုတ်ပေးရန် လယ်သမား ၂၃၀ ဦးရှိသည့်အနက် ၅၇ ဦးမှာ နှစ်စဉ်မထုတ်ဘဲ ဒီနှစ်မှ စထုတ်သဖြင့် နေပြည်တော်သို့ တင်ပြရန် ရှိသေးသည့်အတွက် အပြည့်အဝ ထုတ်မပေးခြင်းဖြစ်ကြောင်း ဘဏ်ဥက္ကဌ ဦးမြကြိုင်က အကြောင်းပြပြောဆိုသည်ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့ အမတော်ကြေးငွေ အပြည့်အဝမရသည့် လယ်သမား ၁၀ ဦးက မိမိတို့ လယ်မြေဧကအရေအတွက်နှင့် ရရှိသည့် ငွေပမာဏကို ယှဉ်တွဲဖော်ပြကာ လက်မှတ်ရေးထိုး၍ အထက်အာဏာပိုင်များသို့ တိုင်ကြားသွားမည်ဟု ဆိုသည်။

အသက်မပြည့်သေးသည့် တပ်သားသစ်အား မိဘထံ ပြန်လည်ပေးအပ်
အသက် (၁၆) နှစ်သာ ရှိသေးသည့် တပ်သားသစ်ဖြစ်သူ မောင်ထက်မြတ်လင်းအား အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်ကြီး တင်စိုးက (၃၊ ၈၊ ၁၂) ရက်နေ့တွင် မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ထက်မြတ်လင်းနှင့် တပ်ကြပ်ကြီး တင်စိုး

အဆိုပါ အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ကိုယ်ပိုင်အမှတ် (၉၅၁၉၇၉) တပ်ကြပ်ကြီး တင်စိုးဆိုသူက မောင်ထက်မြတ်လင်းအား (၂၃၊ ၇၊ ၁၂) ရက်နေ့တွင် တပ်သားသစ်အဖြစ် စုဆောင်းပြီးမှ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တဖွဲ့၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာအုပ်စု၊ ၂၆ ရပ်ကွက်၊ ရွှေအင်ကြင်းလမ်း၌ နေထိုင်သူ မောင်ထက်မြတ်လင်းသည် (၂၃၊ ၇၊ ၁၂) ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်ရီရီမြင့်က လိုက်လံစုံစမ်းရာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း သိရသည်ဟု ဆိုသည်။

ထို့ကြောင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်သို့ သူ၏သား တပ်မှ ထွက်ခွင့်ရရန် ဒေါ်ရီရီမြင့်က အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ သက်ဆိုင်ရာ အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူက အသက်မပြည့်သေးသည့် ကလေးစစ်သား မောင်ထက်မြတ်လင်းကို မိဘဖြစ်သူထံလာရောက်ပြီး ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

တပ်သားသစ် မောင်ထက်မြတ်လင်းအား သက်သေနှစ်ဦးရှေ့မှောက်တွေ မိဘထံ ပြန်လည်အပ်နှံသည့် မှတ်တမ်းလွှာတွင် ကာယကံရှင် မောင်ထက်မြတ်လင်းသည် မိမိသဘောဆန္ဒဖြင့် စစ်တပ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ခြိမ်းခြောက်ခြင်း မရှိခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။